Sunday, March 9, 2008

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် မစ္စတာဂန်ဘာရီ တွေ့ဆုံ

ဧရာဝတီ-ကိုစိုး | မတ် ၈ ၊ ၂၀၀၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ခေါင်းဆောင်များနှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီတို့ ယနေ့ နေ့လယ်က တွေ့ဆုံ ကြောင်း သိရသည်။

ရန်ုကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာ၌ နေ့လယ်က မစ္စတာ ဂန်ဘာရီနှင့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ၎င်းအပါအဝင် ဦးအောင်ရွှေ၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်၊ ဦးလှထွန်းတို့နှင့် အချိန် ၁ နာရီ ခန့် တွေ့ဆုံခဲ့ကြောင်း အန်အယ်လ်ဒီ အတွင်းရေးမှူး ဦးလွင်ကပြောသည်။

“ဒီနေ့ နေ့လယ်က အစိုးရ ဧည့်ဂေဟာမှာ မစ္စတာ ဂန်ဘာရီနဲ့ ကျနော်တို့တွေ့တော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တာဝန်ပေးချက်အရ သူလာတာလို့ပြောတယ်၊ ကျနော်တို့ က အခု အခြေခံဥပဒေရေးဆွဲရေးမှာ အားလုံး ပါဝင်နိုင်ဖို့ပြောခဲ့ပါတယ်၊ ဒီနေ့တွေ့တဲ့အထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်မပါဘူး”ဟု ဦးလွင်က ဧရာဝတီသို့ ပြောသည်။

ယနေ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် အန်အယ်လ်ဒီ ခေါင်းဆောင်များ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း တွေ့ဆုံကြောင်း အေပီသတင်းဌာနက ရေးသားသည်။

၂၀၀၇ ခုနှစ် နိုဝင်ဘာလအတွင်း ကလည်း မစ္စတာ ဂန်ဘာရီ လာရောက်စဉ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သေးသည်။ ယင်း ၂၀၀၇ ခုနှစ် ခရီးစဉ်အတွင်း မစ္စတာ ဂန်ဘာရီ သည် နေအိမ် အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ ကြိမ် တွေ့ဆုံခဲ့သည်။

မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရမရကိုမူ ယခုအချိန်အထိတိတိကျကျ မသိရှိရသေးချေ။

မစ္စတာ ဂန်ဘာရီသည် ယမန်နေ့ကလည်း ရန်ကုန်မြို့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဧည့်ရိပ်သာ၌ပြန်ကြား ရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ခေါင်းဆောင်သည့် စစ်အစိုးရပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့နှင့် တွေ့ဆုံ ကြောင်း အစိုးရသတင်းဌာနများက ဖော်ပြသည်။

ယင်းတွေ့ဆုံပွဲ၌ ဗိုလ်မှူးချုပ်ကျော်ဆန်းက ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ တောင်းဆိုချက်များကို လက်မခံနိုင်ကြောင်း ငြင်းဆိုလိုက်သည်။

မစ္စတာဂန်ဘာရီ၏ ယခုခရီးစဉ်မတိုင်ခင် ဖေဖော်ဝါရီ ၁၉ ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်း က မြန်မာစစ်အစိုးရသို့ ပေးပို့သောစာတွင် ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံထိတွေ့မှုလုပ်ငန်း စဉ်ပုံမှန်ဖြစ်စေရေး အတွက် မစ္စတာ ဂန်ဘာရီရုံး၏ ဝန်ထမ်းတဦး ရန်ကုန်တွင်ထားရှိရေး၊ အခြေခံဥပဒေ ရေးဆွဲ ရာတွင် မြန်မာပြည်သူ အားလုံး၏ သဘောထား ပိုမိုပါဝင်ရေး၊ စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အကြား ထိ ရောက်မှုရှိပြီး အချိန်သတ်မှတ်ချက်ရှိသည့်၊ ကုလသမဂ္ဂအပါအဝင် အားလုံးပါဝင်သည့် ဆွေးနွေးမှုတခု ဖြစ်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေး၊ ကုလသမဂ္ဂ၏ အကူအညီ နှင့် စီးပွားရေး လူမှုရေးကိစ္စများ ဖြေရှင်းရန် အမျိုးသားစီးပွားရေးဖိုရမ်တခု တည်ထောင်ပေးရေးနှင့် လူသားချင်း စာနာမှု အကူအညီပေးရေးအတွက် ယန္တရားများတည်ထောင်ရေး စသည့် တောင်းဆိုချက်များပါဝင်ကြောင်း သိရ သည်။

၎င်းတို့ အစိုးရအဖွဲ့၏ လက်ရှိအခြေအနေအထိ ကြိုးပမ်းဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ၏ ပကတိ အခြေ အနေများ၊ ပြည်သူလူထု၏ တောင်းဆိုလိုလားချက်များနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ကျော်ဆန်းက ယမန်နေ့ကတွေ့ဆုံပွဲတွင် မစ္စတာဂန်ဘာရီသို့ ပြောဆိုခဲ့သည်။

မစ္စတာ ဂန်ဘာရီသည် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနှင့် အခြေခံ ဥပဒေ အတည်ပြုဆန္ဒခံယူပွဲကျင်းပရေးကော်မတီ ဥက္ကဌ တရားသူကြီးချုပ် ဦးအောင်တိုးတို့နှင့် မြန်မာနိုင်ငံသို့ စရောက်သည့် ကြာသပတေးနှင့် သောကြာနေ့များ တွင်တွေ့ဆုံခဲ့သည်။

ဗိုလ်မှူးချုပ် ကျော်ဆန်းနှင့် ဦးအောင်တိုးတို့အား မစ္စတာ ဂန်ဘာရီသည် ရန်ကုန်မြို့တွင် သေကြာနေ့ က ၂ နာရီ ကြာ တွေ့ဆုံခဲ့သည်။

မစ္စတာ ဂန်ဘာရီသည် ကြာသပ တေးနေ့က ရန်ကုန်မြို့သို့ရောက်ရှိပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဦးဥာဏ်ဝင်း အပါအဝင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဝန်ထမ်းများ၊ နိုင်ငံခြား သံအမှုထမ်းများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) ဌာနေကိုယ်စားလှယ် များနှင့် တွေ့ဆုံကြောင်း ကမ္ဘာ့ကုလသမဂ္ဂ သတင်းနှင့်ပြန်ကြားရေး အင်တာနက် စာမျက်နှာတွင်လည်း ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် မစ္စတာဂန်ဘာရီသည် ၎င်း၏ ခရီးစဉ်အတွင်း မြန်မာလူထု ကိုယ်စားလှယ်များ၊ အတိုက်အခံအဖွဲ့များနှင့် တိုင်းရင်းသားအဖွဲ့များကို တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးမှုများပြုလုပ်နိုင်မည်ဟု မျှော်လင့် ကြောင်း၊ ပြီးခဲ့သော နောက်ဆုံးခရီးစဉ်တွင် ၎င်းသည် ထိုကဲ့သို့ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း ပါရှိသည်။

မစ္စတာ ဂန်ဘာရီသည် ၂၀၀၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ နအဖ စစ်ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ် များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းသည် ဒုတိယအကြိမ်တွင် ဗိုလ်ချုပ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ခွင့်မရခဲ့ပေ။ ယင်းခရီးစဉ်များနှင့်ပတ်သက်၍လည်း ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် က တိုးတက်မှုနည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

0 comments: