Wednesday, March 5, 2008

ဂမ္ဘာရီ ခရီးစဥ္အေပၚ တိုင်းရင်းသားခေါင်းဆောင်များ မျှော်လင့်ချက်မထား

မဇ္ဈိမသတင်းဌာန-နေသွင်နှင့် သန်းထိုက်ဦး၊ မတ်လ ၄ ရက် ၂၀၀၈

ချင်းမိုင်။ ။ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၏ မကြာမီလာရောက်မည့် မြန်မာပြည်ခရီးစဉ်မှ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သိသိသာသာ ဖြစ်ထွန်းလာလိမ့်မည်ဟု မျှော်လင့်ချက် မထားကြောင်း ပြည်တွင်းရှိ တိုင်းရင်းသား ခေါင်းဆောင်များက ယနေ့ ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားစေရေးအတွက် ဖိအားပေး ကြိုးပမ်းမှုအဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ နိုင်ငံရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ မတ်လ ၆ ရက်နေ့တွင် သွားရောက်မည် ဖြစ်သည်။

လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အတွင်းရေးမှူး ဦးအေးသာအောင်က “သိပ်ပြီးတော့ မမျှော်လင့်ဘူးပေါ့နော်။ နအဖ က ဂမ်ဘာရီ ပြောတာ၊ တိုက်တွန်းတာကို လက်ခံနိုင်မယ့် အနေအထား အခုအချိန်မှာ မတွေ့ရဘူးလေ။” ဟု ပြောသည်။

“သူတို့က ၁/၂ဝဝ၈ ရယ်၊ ၂/၂ဝဝ၈ ရယ် ကြေညာထားတယ်။ ဂမ်ဘာရီနဲ့ပဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ ကိစ္စတွေပဲ ဖြစ်ဖြစ် သူတို့က အပေါ်ယံသဘော ထားပြီးတော့၊ သူတို့လုပ်ရမယ့် Road Map အရ တဖက်သတ်သွားမယ် ဆိုတဲ့အပေါ်မှာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသလိုက်တဲ့ အချိန်ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

နအဖ က သူတို့ အဆိုအရ ဒီမိုကရေစီသို့ ကူးပြောင်းမည့် လမ်းပြမြေပုံ Road Map ၏ အစိတ်အပိုင်းများ ဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲကို မေလတွင် ပြုလုပ်ပြီး ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲသစ် ကျင်းပသွားမည်ဟု ထုတ်ပြန်ထားသည်။

ဦးအေးသာအောင်က “တဖက်သတ် လုပ်ရပ်တွေကို ရပ်ပြီးတော့ တကယ် တိုင်းပြည်အတွက် အကျိုးရှိမယ့် တွေ့ဆုံဆွေးနွေးရေး၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေတဲ့အပေါ်မှာ ယုံကြည်မှုကို တည်ဆောက်ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အဲဒီကနေတဆင့် တိုင်းပြည်အတွက် အကျိုးရှိမယ့် လုပ်ငန်းစဉ်တွေကို ရပြီးတော့ နအဖ နဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ လက်တွဲ ဆောင်ရွက်နိုင်မယ့် လုပ်ငန်းခွင်တွေကို ဂမ်ဘာရီဟာ ဆွဲဆောင်နိုင်မလား၊ တိုက်တွန်း ပြောဆိုနိုင်မလား ဆိုတာ အန်ကယ်ကတော့ သိပ်ပြီးတော့ မထင်ဘူး” ဟု ပြောသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပါတီ တခုဖြစ်သော ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်သည် မြန်မာပြည်တွင်း၌ အတိုက်အခံ ပါတီများနှင့် စုပေါင်း ဖွဲ့စည်းထားသော စီအာပီပီ တွင် တိုင်းရင်းသားပါတီ ၄ ပါတီ၏ ကိုယ်စားလှယ် ဖြစ်သည်။

စီအာပီပီကို ၁၉၉ဝ ခုနှစ် မေလ ရွေးကောက်ပွဲတွင် အနိုင်ရထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဇိုမီးအမျိုးသား ကွန်ဂရက်တို့ဖြင့် ၁၉၉၈ ခုနှစ် စက်တင်ဘာကတည်းက ဖွဲ့စည်းထားသော်လည်း စစ်အစိုးရက တရားမဝင် အဖွဲ့အစည်းအဖြစ် ပြောဆိုလေ့ ရှိသည်။

ယူအန်အေ ခေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ စစ်ကိုင်းတိုင်း တမူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထောင်ကိုထန်းကလည်း “မြန်မာပြည် အနေအထားဟာ ကုလသမဂ္ဂလည်း ဘာမှ လုပ်ပေးနိုင်မယ့် အနေအထား မဟုတ်ဘူး။ ဘာလဲဆိုတော့ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာက လုပ်ပေးနိုင်မယ့် အနေအထား ဘာမှ မရှိဘူးလေ။ ဘယ်လိုအခြေနဲ့ ဒီအစိုးရ ပြောင်းမှာလည်း မဟုတ်ဘူး။ ကျနော်တို့ လူမျိုးစုတွေဆိုရင်၊ နိုင်ငံရေးသမားတွေဆိုရင် အမြဲတမ်း စောင့်ကြည့်နေတာ။ စိတ်ပျက်စရာ ကောင်းတယ်” ဟု ပြောသည်။

မစ္စတာဂမ်ဘာရီ၏ ပြီးခဲ့သည့် ခရီးစဉ်များကတည်းက တိုင်းရင်းသား အင်အားစုများက တွေ့ဆုံလိုကြောင်း ကုလသမဂ္ဂထံ စာပို့ တောင်းဆိုထားသော်လည်း ယခုတိုင် ထူးခြားမှု မရှိဘဲ ဖြစ်နေသည်။

ဂမ်ဘာရီသည် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး အပြီးနှင့် နိုဝင်ဘာလအတွင်းက မြန်မာပြည်သို့ သွားရောက်ခဲ့ပြီး စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

သူသည် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဒေသတွင်းနိုင်ငံများ ဖြစ်သော တရုတ်၊ ဂျပန်၊ စင်ကာပူနှင့် အင်ဒိုနီးရှား နိုင်ငံများသို့ မြန်မာ့အရေး ကြိုးပမ်းမှု ထောက်ခံအားပေးရန် သွားရောက်ခဲ့ပြီး ဇန်နဝါရီလ နှောင်းပိုင်းတွင် အိန္ဒိယသို့ သွားရောက်ခဲ့သည်။

သူ့ကို နအဖ စစ်အစိုးရက ယခုနှစ် ဇန်နဝါရီလတွင် နောက်တခေါက် ပြန်လာရန် ပြောကြားခဲ့သော်လည်း ဧပြီလမှသာ လာရောက်ရန် ထပ်မံပြောဆိုပြီးနောက် ယခုလို မတ်လ ပထမပတ်တွင် လာရောက်ရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်၌ မစ္စတာ ဂမ်ဘာရီသည် ယခုတကြိမ်တွင် မြန်မာပြည်၌ လိုအပ်သော အချိန်အတိုင်းအတာအထိ နေထိုင်သွားမည်ဟုလည်း ဖော်ပြထားသည်။

0 comments: