Wednesday, March 5, 2008

နေပြည်တော်တွင် ထိပ်သီးအစည်းအဝေး ပြုလုပ်

မဇ္ဈိမသတင်းဌာန-နေသွင်။ မတ်လ ၄ ရက် ၂၀၀၈

ချင်းမိုင်။ ။ စစ်အစိုးရ၏ အရေးပါသော မူဝါဒဆိုင်ရာ အစည်းအဝေး တရပ်ကို တက်ရောက်ရန် စစ်တိုင်းမှူးများ ယမန်နေ့က စ၍ နေပြည်တော်သို့ ထွက်ခွာသွားကြောင်း စစ်ဘက် သတင်းရပ်ကွက်များနှင့် လေ့လာသူများ အပြောအရ သိရသည်။

လျို့ဝှက်နိုင်လွန်းသည့် တိုင်း (၁၃) တိုင်းမှ စစ်တိုင်းမှူးများ အပါအဝင် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များသာ တက်ရောက်သော အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ဖွယ် ရှိသည်။

အစည်းအဝေးတွင် မည်သည့်အကြောင်း ကိစ္စများ ဆွေးနွေးမည်ကို အတိအကျ မသိနိုင်သော်လည်း လေ့လာသူများက မေလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်နေနိုင်မည်ဟု ခန့်မှန်းထားကြသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက “လေးလပတ် သဘောလည်း ဆောင်တယ်။ နောက်တခုက ဆန္ဒခံယူပွဲ အတွင်းမှာ ရပခ နေရာမှာ အရပ်သားတွေက ယာယီ တာဝန်ယူမလား မသိဘူး။ အများအမြင်မှာ တပ်က ကိုင်တာမဟုတ်ဘူး ဖြစ်ရအောင်၊ အရပ်ဘက်က ကိုင်ခိုင်းမယ်။ ဒေသဆိုင်ရာက ဖြစ်ရင်တောင် ကြံ့ဖွံ့ဥက္ကဌတွေ ဖြစ်ရင်ဖြစ်မယ်။ လူဟောင်းကြီးတွေ အပြင် ထုတ်ထားတဲ့ လူဟောင်းတွေ ဖြစ်ဖို့များတယ်” ဟု သုံးသပ်သည်။

မေလတွင်ပြုလုပ်မည့် လူထုဆန္ဒ ခံယူပွဲကို ရည်ညွန်း၍ “(၅) လပိုင်း လုပ်မယ့်ကိစ္စတွေက အစောပိုင်းက တရားဝင် ညှိနှိုင်းထားတာ မရှိဘူး။ (၄-၅) ယောက်ပဲ လုပ်နေတော့ သူတို့တွေ့ဖို့တော့ လိုတာပေါ့။” ဟု သူက ထပ်ပြောသည်။

ယမန်နှစ်က တိုင်းအဆင့်နှင့် ခရိုင်အဆင့် အတွင်းရေးမှူးအများစုကို အရပ်သားများ အဖြစ်သို့ ပြောင်းလဲ ထားပြီးဖြစ်သဖြင့် ကျန်ရှိနေသော တိုင်းမှူးနေရာတွင် အရပ်သားများဖြင့် အစားထိုးနိုင်ဖွယ် ရှိသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်သော အရပ်ဘက်နှင့် စစ်ဘက် ဆက်ဆံရေး လေ့လာသူ ဦးဝင်းမင်းက မစ္စတာဂမ်ဘာရီ မြန်မာပြည်လာမည့် ကိစ္စ၊ မေလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲ ကိစ္စ၊ မတ်လ (၂၇) ရက်နေ့ တပ်မတော်နေ့ ကိစ္စများနှင့် ပတ်သက်နိုင်သည်ဟု ယေဘုယျ သုံးသပ်ထားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ မတ်လ ၆ ရက်နေ့တွင် သွားရောက်မည် ဖြစ်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်သော မြန်မာပြည် နိုင်ငံရေးလေ့လာသူ ဦးအောင်နိုင်ဦးကတော့ လေးလပတ် အစည်းအဝေး မဖြစ်နိုင်ကြောင်းနှင့် မေလတွင် ပြုလုပ်မည့် လူထုဆန္ဒ ခံယူပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်မည်ဟု ပြောသည်။

“လေးလပတ်အတွက် ခေါ်တာမဟုတ်ဘူးလို့ ပြောတယ်။ Referendum (ဆန္ဒခံယူပွဲ) အတွက် သွားတာလို့ ထင်တယ်။ Referendum အတွက် ခေါ်တယ်ဆိုရင် တနိုင်ငံလုံးမှာ အေးအေးချမ်းချမ်း ဖြစ်အောင်၊ အနှောင့်အယှက် မရှိအောင်လို့ ညွန်ကြားချက်တွေ ပေးမယ်။ ဘယ်လို လုပ်မလဲဆိုတာ ရှင်းပြမှာပေါ့ဗျာ။ နောက်ပြီးတော့ ဖွဲ့စည်းပုံကို မြန်မြန်အဆုံးသတ်၊ ဆန္ဒခံယူပွဲ လုပ်မယ်ဆိုတော့ စစ်ဗိုလ်တွေလည်း အကုန် အံသြသွားကြတယ်။ အရာရှိတွေလည်း တော်တော် အံ့သြသွားတယ် ဆိုတော့ ဒီအနေအထားမျိုးကို အပေါ်က စစ်ဗိုလ်တွေက အောက်က ဒေသဆိုင်ရာ တပ်မှူးတွေကို ရှင်းပြမယ်လို့ ယူဆရပါတယ်။” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

စစ်အစိုးရသည် လုံခြုံရေး ကိစ္စရပ်များတွင် စစ်တပ်ကသာ လုပ်နိုင်သည်ဟု ယူဆထားပြီး၊ ဖွဲ့စည်းပုံအရလည်း နောက်အစိုးရ မပေါ်ပေါက်မချင်း လက်ရှိ အစိုးရအဖွဲ့ကို ပြင်ဆင်ရန် မလိုအပ်သဖြင့် တိုင်းမှူးနေရာတွင် အရပ်သားများဖြင့် အစားထိုးမည့် ကိစ္စသည် ဖြစ်နိုင်ခြေနည်းသည်ဟု သူကပြောသည်။

ဒေသဆိုင်ရာ စစ်တိုင်းမှူးများ၊ တပ်မမှူးများ၊ ဗျူဟာမှူးများ မျက်နှာစုံညီ တက်ရောက်သော လေးလပတ် အစည်းအဝေးကို နှစ်စဉ် ဇန်နဝါရီလ၊ မေလ၊ စက်တင်ဘာလတို့တွင် ပြုလုပ်လေ့ ရှိသော်လည်း စစ်အစိုးရ အနေဖြင့် နောက်ကျ ပြုလုပ်ခဲ့ရသော အကြိမ်များလည်း ရှိသည်။ ယခုနှစ်၏ ပထမ လေးလပတ် အစည်းအဝေးကို ယခုအချိန်ထိ ပြုလုပ်နိုင်ခြင်း မရှိသေးပါ။

၁၉၈၉ ခုနှစ် တပါတီ အစိုးရလက်ထဲမှ အာဏာ လွှဲပြောင်းယူပြီးနောက်ပိုင်း လေးလပတ် အစည်းအဝေးများသည် အရေးပါလာခဲ့ပြီး စစ်အစိုးရ၏ မူဝါဒဆိုင်ရာ အစည်းအဝေးများ ဖြစ်လာခဲ့ပြီး စစ်ဘက်နှင့် ထိပ်တန်း ရာထူးအပြောင်းအလဲများလည်း ထိုအစည်းအဝေးများ နောက်ပိုင်း ထွက်ပေါ်လာလေ့ ရှိသည်။

0 comments: