Wednesday, March 5, 2008

မန္တလေးသံဃာများ စစ်အစိုးရဆန့်ကျင်ရေး ပိုစတာလှုပ်ရှားမှု ပြုလုပ်

ဧရာဝတီ | မတ် ၄၊ ၂၀၀၈

အထက်မြန်မာနိုင်ငံ မန္တလေးမြို့ရှိ သံဃာတော်များသည် ယမန်နေ့က စစ်အစိုးရ ပြည်သူ့ဆန္ဒခံယူပွဲအား ဆန့်ကျင်သည့် ပိုစတာလှုပ်ရှားမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သံဃာတော်များက မန္တလေးမြို့ အမရပူရအရပ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင် ဆန္ဒခံယူပွဲဆန့်ကျင်သည့် ပိုစတာများ ကပ်ခြင်းဖြစ်သည်ဟု မန္တလေးရှိ ကိုယ်တိုင်ပါဝင်ခဲ့သော သံဃာတပါးက ဧရာဝတီကို မိန့်ကြားသည်။

အဆိုပါသံဃာက “အမရပူရက ကျောင်းတိုက်တချို့ ကို အပြင်နံရံကနေ ပိုစတာကပ်သွားတာ။ အလယ်တန်းကျောင်း၊ ဦးပိန်တံတားပေါ်၊ ရတနာပုံတက္ကသိုလ်တွေမှာ ကပ်တယ်။ သိမ်ကြီးဈေးအပေါက်ဝနဲ့ အထက်တန်းကျောင်းက ဆေးမှုတ် ထားတာ၊ ထုံးနဲ့အပေါ်ကပြန်သုတ်ထားတယ်၊ ကတ္တရာလမ်းပေါ်မှာ ရေးတာတွေလည်း ရှိတယ်” ဟု မိန့်တော်မူသည်။

“ကိုယ့်ဘ၀ရဲ့အနာဂတ်ကို ဒီအခြေခံဥပဒေနဲ့ သွားမယ်ဆိုတဲ့အခါကျတော့ ဒီဥပဒေကို ဖြူသလား၊ မည်းသလား မသိရဘူး ဆိုတော့၊ ပြီးတော့ ကိုယ့်အမြင်ကိုလည်း လွတ်လွတ်လပ်လပ် ဖော်ပြခွင့်မရဘူးဆိုတော့ ဒီလိုလှုပ်ရှားတာဟာ မှန်ကန်တယ်၊ သင့်တော်တယ်လို့ ဦးပဉ္ဇင်းကယူဆတယ်” ဟုလည်း ဆက်၍ မိန့်ကြားသည်။

ဦးပိန်တံတား၌ကပ်သည့်ပိုစတာတခုတွင် “စစ်ကျွန်ပြုရေးဥပဒေကို တို့လက်မခံ” ၊ “နအဖ ရဲ့ အခြေခံဥပဒေကို ဖျက်သိမ်း ပစ်၊ ဆန့်ကျင်ပစ်” ၊ “Free Aung San Suu Kyi” နှင့် “သန်းရွှေလူသတ်သမား” ဟူသည့်စာသားကို အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

ထို့အပြင် “ရင်ဝလှံဆူးတာ၊ ဦးခေါင်းမီးလောင်တာထက် အရေးကြီးတယ်။ ရင်ဝလှံစူးတာကို မနုတ်ဘူးဆိုရင် လူတယောက်ပဲ သေမယ်။ ဦးခေါင်းမီးလောင်တာကို မငြိမ်းသတ်ဘူးဆိုရင် သင်တယောက်ပဲ မီးလောင်ကျွမ်းမယ်။ ဒါပေမယ့် နအဖရဲ့ အခြေခံဥပဒေကို အတည်ပြုပေးလိုက်မယ်ဆိုရင်တော့ သင်သာမက သင့်ရဲ့ရင်သွေးရတနာ သားစဉ်မျိုးဆက်အကုန်လုံး မီးလောင်ကျွမ်းမယ်။ ဒါကြောင့်မို့ အခြေခံဥပဒေ ကန့်ကွက်ဖို့ ပိုအရေးကြီးပါတယ်” ဟု ရေးသားထားသည့် ပိုစတာကိုလည်း တွေ့ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အစိုးရက လာမည့်မေလတွင် ၎င်းတို့ရေးဆွဲထားသည့် အခြေခံဥပဒေမူကြမ်းကို အတည်ပြုရန်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကြေညာထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကလည်း နအဖ စစ်အစိုးရ၏ လုပ်ရပ်များသည် ပြည်သူ့ဆန္ဒကို မျက်ကွယ် ပြုကာ စစ်အာဏာရှင်စနစ် တည်မြဲရေးကိုသာ ရှေးရှုသောကြောင့် ၎င်းတို့၏ ဆန္ဒခံယူပွဲကို ကန့်ကွက်ကြောင်း လွန်ခဲ့သည့် လလယ်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

0 comments: