Sunday, March 9, 2008

ဆောင်ဟိန် ထိုင်းနယ်စပ် ကျေးလက်ပြခန်း

ထက်မိုး

(၁)
ဗမာ နဲ့ ထိုင်း နှစ်နိုင်ငံအကြား
ဟောဒီ (ဘီပီ - ၁၄) နယ်စပ်တောင်တန်းရဲ့
အနှစ် ၅၀ အချိန်တွေက
ခြားထားကြတယ်။

ကွန်ကရစ်ခင်းလမ်းမ
အိမ်ဝထိရောက်တဲ့ရေဘုံဘိုင်
(ကုန်ကုန် ပြောမယ်)
ယင်လုံအိမ်သာစနစ်နဲ့
ထိုင်းဘက်ကနယ်စပ်ကျေးလက်။

ဟောဒီ ထိုင်းနယ်စပ်ကျေးရွာလေးရဲ့
မီးခိုးတန်းယဉ်ကျေးမှုက
ရန်ကုန်မြို့ပြဆင်ခြေဖုံးထက်
အဟာရနဲ့ သန့်ရှင်းမှုမြင့်တယ်။

ဒီမှာ ပေါ်တာမရှိ
တာဝန်ကျေစပါးမရှိ
အခမဲ့ပညာရေးရှိတယ်၊
ကွန်ပြူတာတကယ်သင်တဲ့ အလယ်တန်းအဆင့်
စာသင်ကျောင်းရှိတယ်၊
တကမ္ဘာလုံးနဲ့တယ်လီဖုန်းဆက်နိုင်တယ်၊
(နှိုင်းယှဉ်ချက်အရ)
ယဉ်ကျေးတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရှိတယ်။

နယ်စပ်သစ်တောဝန်ထမ်းက
အောင်ဆန်းစုကြည်ကိုသိတယ်၊
နအဖ တွင်း(၂) သေရပုံကိုသိတယ်၊
ဗမာပြည်ကတော်လှန်ရေးသမားတွေကို
စာနာစကားပြောတယ်၊
သူတို့ ဆာဝါရီခပ်က
ပကာသနမပါ စိတ်ပါကိုယ်ပါ ယဉ်ကျေးတာပါ။

(၂)
ဒီလိုယှဉ်ပြောရတာ
စိတ်ထိခိုက်ရပါတယ်။

(၃)
ဟောဟို နယ်စပ်မျဉ်းပေါ်က
မိုးတိမ်ညိုတွေက ပိုတွေ့ သိကြမှာပေါ့၊
နယ်စပ်က သံလွင်မြစ်ကြီးက ပိုတွေ့ထိရမှာပေါ့။

(၄)
ထိုင်းကျေးလက်ပြည်သူများ
လယ်သမား မိန်းမသား
ကျောင်းသားလေးတွေမှာ
လုံခြုံတဲ့ခံစားမှုကို မြင်ရတဲ့အခါ
ထိုင်းနယ်စပ်မျဉ်းရဲ့ ဟိုမှာဘက်
နိုင်ငံအတွက် ကျနော် (တို့တတွေ)
အနေခက်
ရင်ပြည့်ဆူပွက်လို့။ ။

0 comments: