Monday, March 10, 2008

မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂ

မေလအတွင်း ဖွဲ့စည်းပုံ အတည်ပြုရေး လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အချိန်မှာ သီးခြားလွတ်လပ်တဲ့ လေ့လာ စောင့်ကြည့်မှုတွေကို ခွင့်ပြုဘို့ ကုလသမဂ္ဂက အဆိုပြုတာကို မြန်မာစစ်အုပ်စုက ပယ်ချလိုက်ပါတယ်။

မစ္စတာအီဗရာဟင် ဂမ်ဘာရီသည် ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံနေကြောင်း ရန်ကုန်မှ ဝင်ရောက်လာသော သတင်းများအရ သိရသည်။

မြန်မာစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပိတ်ပင်ထားတဲ့ အခြေခံဥပဒေမူကြမ်းကိုလည်း ပြင်ဆင်ပေးဘို့ ငြင်းဆိုခဲ့ပါတယ်။

မစ္စတာ ဂမ်ဘာရီဟာ ဒီ ခရီးစဉ်အတွင်း အစည်းအဝေးအတော်များများ ကျင်းပခဲ့ပါတယ်။
ဒီနေ့ စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီး ဦးစိုးသာ၊ ကျန်းမာရေး
ဝန်ကြီး ဒေါက်တာကျော်မြင့်၊ ပြည်သူ့ဝန်ထမ်း ရွေးချယ်ရေး ဥက္ကဌ ဒေါက်တာ သန်းညွန့်၊ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးကျော်သူတို့ နှင့် တွေ့ဆုံကြောင်း ကုလသမဂ္ဂ ပြန်ကြားရေးဌာနက ဆိုပေမယ်လို့ ဘာတွေ အသေးစိတ် ဆွေးနွေးကြလဲဆိုတာကိုတော့ မသိရပါဘူး။

စစ်အုပ်စုနှင့် အတိုက်အခံ အင်အားစုများအကြား စေ့စပ်ညှိနှိုင်း အဖြေရှာပေးမည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးသံတမန် မစ္စတာအီဘရာဟင် ဂမ်ဘာရီ ရန်ကုန်မြို့သို့ ရောက်ရှိ နေစဉ်အတွင်း လုံခြုံရေး ထူထပ်စွာချထားပြီး အင်တာနက်လိုင်းများကိုလည်း ပိတ်ဆို့ထားကြောင်း ယနေ့နံနက်ပိုင်းမှ စတင်၍ လုံးဝ ပြတ်တောက်သွားသည်ဟု ရန်ကုန် အင်တာနက်ဆိုင်များက ပြောဆိုကြသည်။

မစ္စတာဂမ်ဘာရီသည် ယခုခရီးစဉ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာခရီးစဉ်ကဲ့သို့ပင် စစ်အုပ်စု အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ခွင့်မရဘဲ နောက်ကြောင်း ပြန်ရမည်ဟု မျှော်လင့်ရသည်။

စစ်အုပ်စု ပြန်ကြားရေးဝန်ကြီးနှင် ပြီးခဲ့သည့်သောကြာနေ့က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် တွေ့ဆုံစဉ်တွင်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ တောင်းဆိုချက်အားလုံးကို စစ်အစိုးရဘက်က ပယ်ချခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ မစ္စတာဘမ်ကီမွန်းထံမှ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နေ့စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သော စာတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်တဦးကို ရန်ကုန်တွင် ရုံးဖွင့်ခွင့်ပေးရေး၊ အခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်တွင် သဘောထားအားလုံး ပါဝင်ရေးအတွက် အစီအစဉ်ချမှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အုပ်စုတို့အကြားတွင် အချိန်ကန့်သတ်ချက်ရှိသော ဆွေးနွေးပွဲတရပ် ဖြစ်ပေါ်ရေးအတွက် တောင်းဆိုထားသည်။

၎င်းအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရေး၊ ကုလသမဂ္ဂ အကူအညီနှင့် စီးပွားရေး၊ လူမှုရေးကိစ္စများ ဖြေရှင်းရန် အမျိုးသားစီးပွားရေး ဖိုရမ်တရပ်ထူထောင်ရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်သည့် ယန္တယားများ ထူထောင်ရေးတို့လည်း ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့တို့နှင့်လည်း သီးခြားစီ တွေ့ဆုံခွင့်ရခဲ့သော်လည်း ၁၉၉ဝ ရွှေးကောက်ပွဲတွင် အနိုင်ရထားသော တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့်မူ တွေ့ဆုံခြင်း မရှိခဲ့ပါ။

ကုလသမဂ္ဂသံတမန်သည် ယခုခရီးစဉ်အတွင်း တွေ့ရှိချက်များကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ တင်ပြသွားမည် ဖြစ်သည်။

0 comments: