Saturday, March 1, 2008

နအဖ၏ ဆန္ဒခံယူပွဲကို အတိုက်အခံများ ပူးတွဲဆန့်ကျင်ကန့်ကွက်

ခေတ်ပြိုင်-ကျော်ထင် /၂၉ ဖေဖော်ဝါရီ ၂၀၀၈

မကြာသေးမီက ထုတ်ပြန်ခဲ့သော စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့် ရွေး ကောက်ပွဲပြုလုပ်မည့် အမိန့်ကြေညာချက်များနှင့် ပတ်သက်၍ ထိုင်း- မြန်မာနယ်စပ် အခြေစိုက် အတိုက်အခံ အင်အားစုများက ပူးတွဲကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်သည်။

စစ်အစိုးရ ထုတ်ပြန်ခဲ့သော ၁/၂၀၀၈၊ ၂/၂၀၀၈ နှင့် ၃/၂၀၀၈ တို့သည် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်ခြင်းမရှိဘဲ စစ်အာဏာရှင်စနစ် တည်မြဲရေးကိုသာ ရှေ့ရှုနေသောကြောင့် လက်မခံနိုင်ကြောင်း အတိုက်အခံ အင်အားစုများက ယမန်နေ့၌ ကြေညာချက် ထုတ်ပြန်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ ၀န်ကြီးချုပ်ရုံး ၀န်ကြီး၊ အင်္ဂပူမြို့နယ် လွှတ်တော်အမတ် ဒေါက်တာစန်းအောင်က ယခု အတည်ပြုရန် ပြင်ဆင်နေသော အခြေခံ ဥပဒေသည် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်ရေးဆွဲထားသော တရားမျှတသည့် ဥပဒေ မဟုတ်သဖြင့် ပြည်တွင်း ပြည်ပမှ ၀ိုင်းဝန်းဆန့်ကျင်သွားရန် လိုကြောင်း ပြောသည်။

၎င်းက “နအဖအနေနဲ့ကတော့ သူတို့ရဲ့အခြေခံဥပဒေကို ပြည်သူ့ဆန္ဒ ခံယူပြီး အတည်ပြုဖို့
ဆိုတာ သူတို့အတွက် သေရေးရှင်ရေးပဲ၊ ကျနော်တို့ကတော့ တားရမှာဖြစ်တယ်။ ပြည်သူတွေ အနေနဲ့ကတော့ လိုက်ပါလာနိုင်တာက ဆန္ဒခံယူပွဲ မသွားတဲ့ နည်းလမ်း၊ ဆန္ဒခံယူပွဲသွားပြီးတော့ ကန့်ကွက်မဲပေးတဲ့နည်းလမ်း။ ပြည်သူတွေအဖို့ နအဖရဲ့ ငြိမ်းခြောက်မှုတွေ၊ ဖိနှိပ်မှုတွေများတဲ့
အခါ မဲရုံမသွားဖို့ဆိုတာ တော်တော်လေး ခက်တယ်လို့ ကျနော်မြင်တယ်၊ ဒါကြောင့်သွားပါ၊ သွားပြီးတော့ ကန့်ကွက်မဲ ပေးဖို့ လိုပါတယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာ၏ သဘောဆန္ဒကို လျှစ်လျူရှုပြီး ဆန္ဒခံယူ
ပွဲကို တဘက်သတ် ပြုလုပ်မည်ဆိုပါက ကန့်ကွက်မဲ ပေးခြင်းဖြင့် ဆန္ဒသဘောထားကို ဖော်ထုတ်ကြရန်လည်း တပ်ပေါင်းစုများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူ နန်းဆိုင်နောင့်ကလည်း စစ်အစိုးရ၏ လမ်းပြမြေပုံ အဆင့်ဆင့်သည် မြန်မာနိုင်ငံရေး တိုးတက်ပြောင်းလဲမှုအတွက် အပြု သဘောဆောင်သည့် ဦးတည်နေမှု မဟုတ်သောကြောင့် ပြည်သူလူထုအား အတင်းအကျပ် မဲဆန္ဒပေးရန် လုပ်ဆောင်လာပါက ကန့်ကွက်မဲ ပေးကြရန်လိုကြောင်း ပြောသည်။

“နအဖက အတင်းအဓမ္မ လုပ်နေကျပဲလေ၊ လုပ်နေကျပဲဆိုတော့ မသွားမနေရ သွားရမယ်ပေါ့၊ အဲဒီလိုသွားရတဲ့အချိန်မှာလည်း ပြည်သူတွေက အဲဒီအခွင့်အခါလမ်းကိုယူပြီးတော့ သူတို့တွေရဲ့ ဆန္ဒကို တကယ်ပဲ ပေးဖို့ပေါ့နော်” ဟု နန်းဆိုင်နောင့်က ပြောသည်။

ပူးတွဲသဘောထား ထုတ်ပြန်သော တပ်ပေါင်းစုများမှာ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ကောင်စီ NCUB၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန်ပေါင်းအစိုးရ၊ မြန်မာနိုင်ငံ ဒီမိုကရက် တစ်အင်အားစု FDB၊ တိုင်းရင်းသားလူမျိုးများကောင်စီ ENC၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ နိုင်ငံ) WLB၊ တိုင်းရင်းသားလူငယ်များဆုံရပ် NYFနှင့် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန် ဂရက် SYCB တို့ဖြစ်ကြပြီး ယခင်က ဤသို့ ပူးတွဲကြေညာချက်မျိုး မထုတ်ပြန်ခဲ့ကြပေ။ ။

0 comments: