Saturday, March 1, 2008

စစ်အစိုးရ၏ ဆန္ဒခံယူပွဲ ယုံကြည်လက်ခံနိုင်မှု မရှိဟု အမေရိကန် နိုင်ငံခြားရေးဌာနကပြော

မဇ္ဈိမသတင်းဌာန-မုံပီး Friday, 29 February 2008

နယူးဒေလီ။ ။ စစ်အစိုးရ၏ ဆန္ဒခံယူပွဲသည် အားလုံး ပါဝင်နိုင်မှု မရှိဘဲ ပွင့်လင်းမှုလဲ မရှိလျှင်၊ လွတ်လပ်သော အကဲခတ်များကလဲ စောင့်ကြည့် အကဲခတ်ခွင့် မရှိဟုဆိုလျှင် ယုံကြည် လက်ခံနိုင်ဘွယ်ရာ မရှိဟု အမေရိကန် နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။

“မြန်မာပြည်၏ နိုင်ငံရေး အသွင်ကူးပြောင်းမှု ယုံကြည် လက်ခံနိုင်ဘွယ်ရာ ရှိဘို့ဆိုလျှင် လွတ်လပ်ပွင့်လင်း၍ အားလုံးပါ ဝင်နိုင်ဘို့ လိုသည်။ နိုင်ငံသားတိုင်း မဲပေးခွင့်၊ မဲပေးရာတွင် လျှို့ဝှက်မှုနှင့် လုံခြုံမှု၊ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် လွပ်လပ်စွာ သင်းပင်းစုဝေးခွင့် စသော နိုင်ငံတကာက လက်ခံထားသော စံနှုံးများရှိဘို့ လိုသည်” ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်ကေဆီ Tom Casey က ကြာသပတေးနေ့က သတင်းကြေညာချက် ထုတ်ပြန်ရာတွင် ပြောကြားသွားသည်။

“ဖြစ်စဉ်တရပ် ယုံကြည်စိတ်ချရမှု ရှိဘို့ဆိုတာ ပြည်တွင်းနဲ့ နိုင်ငံတကာက လွတ်လပ်တဲ့ အကဲခတ်တွေက ရေရှည် ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ စောင့်ကြည့် အကဲခတ်ခွင့်ရှိဘို့ လိုတယ်” ဟု ကေဆီက ပြောကြားသွားခဲ့သည်။

မေလတွင် ဆန္ဒခံယူပွဲ ကျင်းပမည်ဟု ကြေညာခဲ့အပြီး ယခုအခါ စစ်အစိုးရက အဖွဲ့ဝင် ၄၅ ဦးပါ ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်းနှင့် ဆန္ဒခံယူပွဲ ကျင်းပရေးဆိုင်ရာ ဥပဒေကိုလည်း ပြဌာန်းခဲ့သည်။

စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် ဆန္ဒခံယူပွဲ ဥပဒေတွင် ဆန္ဒမဲများကို အနည်းဆုံး ၁ဝ ဦးရှိသော အများပြည်သူ ရှေ့မှောက်တွင် ချက်ချင်း ရေတွက်မည်ဟု ဖေါ်ပြထားပြီး အဆိုပါ အများပြည်သူ ဆိုသည်မှာ မည်သည့် ပုဂ္ဂိုလ်များ ပါဝင်သင့်သည် ဆိုခြင်းကိုမူ ဖေါ်ပြထားခြင်း မရှိပါ။

ဆန္ဒမဲများကို အများပြည်သူ ရှေ့မှောက်တွင် ရေတွက်မည်ဟုသာ ယေဘူယျကျကျ မရှင်းမလင်း မသဲမကွဲ ဖေါ်ပြထားသည့်အတွက် ယင်းတို့ လုပ်နေကျ လှည့်ကွက်များအတိုင်း ဆန္ဒခံယူပွဲ ရလဒ်ကို လိုသလို လုပ်နိုင်သည်ဟု အတိုက်အခံများနှင့် ဝေဘန်သူများက ပြောဆိုနေကြသည်။

“စစ်အစိုးရက အမြဲလိုလိုဘဲ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ USDA လို ရုပ်သေး အဖွဲ့အစည်းက လူတွေကို ခေါ်လာတတ်တာပဲ။ ပြီးတော့ မဲတွေကို သူတို့ အများပြည်သူရှေ့မှာ ရေတွက်ပါတယ်လို့ ပြောနိုင်တာဘဲ” ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံရှေ့နေများ ကောင်စီ BLC ၏ ဥက္ကဋ္ဌ ဦးသိန်းဦးကလဲ ပြောကြားသွားပါသည်။

လွတ်လပ်မျှတ၍ ထင်သာမြင်သာ ရှိသော ဆန္ဒမဲပေးမှု ဖြစ်ဘို့ဆိုလျှင် နိုင်ငံတကာ အသိုင်းအဝိုင်း အပါအဝင် လွတ်လပ်သော အကဲခတ်အဖွဲ့တခု ရှိဘို့လိုသည် ဟု သူက ဆက်လက် ပြောကြားသွားသည်။

ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင် အဖွဲ့ဝင်များကိုလည်း သူတို့ကို နှစ်ရှည်လများ ထောက်ခံခဲ့သူများဖြင့်သာ သေချာဂရုပြု ရွေးချယ် ဖွဲ့စည်းထားသည် ဟု အထိန်းသိမ်းခံ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဝေဖန်ပြောကြားလိုက်ပါသည်။

အဆိုပါ ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ် ခန့်အပ်ခံရသော တရားရုံးချုပ် တရားသူကြီးချုပ် ဦးအောင်တိုးသည် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရေးဆွဲရေး ကော်မရှင်တွင်လည်း ဥက္ကဋ္ဌဖြစ်ကာ အမျိုးသား ညီလာခံ ကျင်းပရေး ကော်မရှင်တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ဒီချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းညွန့်ကလည်း “ကျနော်တို့ သူတို့ ပြဌာန်းလိုက်တဲ့ ဥပဒေနဲ့ ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်အပေါ်မှာ တစုံတရာ ဝေဘန်ပြောကြားတာ မလုပ်လိုပါဘူး။ ဒါပေမဲ့ ကော်မရှင်ထဲမှာပါတဲ့ အဖွဲ့ဝင်တွေကို ကြည့်လိုက်တာနဲ့ အာဏာပိုင်တွေရဲ့ သဘောထား ဘယ်လိုရှိတယ် ဆိုတာ လူတိုင်းသိနိုင်တာပဲ” ဟု ပြောကြားလိုက်ပါသည်။

စစ်အစိုးရ၏ လက်တုံ့ပြန် အရေးယူခံရမည်ကို စိုးရိမ်၍ ယင်းတို့၏ ဆန္ဒခံယူပွဲ ကျင်းပရေးဆိုင်ရာ ဥပဒေကို မြန်မာနိုင်ငံရှိ အတိုက်အခံ အင်အားအများစုက ဝေဘန် ပြောကြားခြင်း မရှိသော်လည်း NLD ကမူ စစ်အစိုးရ၏ ဆန္ဒခံယူပွဲ ကျင်းပရန် အစီအစဉ်သည် တရားဝင်မှု မရှိကြောင်းဖြင့် ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်ကာ ပယ်ချလိုက်သည်။

စစ်အစိုးရသည် ၁၉၉၆ ခုနှစ်က ဥပဒေအမှတ် ၅/၉၆ ကို ထုတ်ပြန်ကာ ၎င်းတို့၏ အဆင့် ၇ ဆင့်ပါ “ဒီမိုကရေစီ လမ်းပြ မြေပုံ” ကို ဝေဘန်ပြောကြားခြင်း မပြုရန် ပိတ်ပင် တားဆီးခဲ့သည်။ အဆိုပါ ဥပဒေအရ “လမ်းပြမြေပုံ” ကို ဝေဘန် ပြောကြားသူ မည်သူကိုမဆို ထောင်ဒဏ် အနှစ် ၂ဝ အထိ ချမှတ်နိုင်သည်။

ဖေဖေါ်ဝါရီ ၂၇ ရက်နေ့က ပြဌာန်းကြေညာခဲ့သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ဥပဒေတွင်လည်း ဆန္ဒခံယူပွဲကို ဆန့်ကျင် ပြောကြားခြင်း၊ တားဆီး နှောင့်ယှက်ခြင်း၊ ဝေဘန် ပြောကြားခြင်းတို့ကို ပြုလျှင် မည်သူမဆို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည်ဟု ဖေါ်ပြပါရှိသည်။

သာသနာ့ဝန်ထမ်းများ၊ အကျဉ်းသားများ အထူးသဖြင့် သံဃာများ၊ သီလရှင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ မဲပေးခွင့် မရှိဟုလည်း အဆိုပါဥပဒေက ကန့်သတ် ပိတ်ပင်ထားသည်။

“မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကို လျှောက်လှမ်းရာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး၊ ထိန်းသိမ်းခံ အားလုံးကို လွှတ်ပေးဘို့ လိုပါတယ်” ဟု ကေဆီက ပြောကြားခဲ့ပါသည်။

“မြန်မာပြည်သူပြည်သားတွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ အောက်တိုဘာ ၂ဝဝ၇ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်က တောင်းဆိုထားတဲ့အတိုင်း စစ်အစိုးရ ခေါင်းဆောင်များ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်များ၊ တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်များ အားလုံးပါဝင်တဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှတဆင့် ဒီမိုကရေစီ စနစ်ကိုရှေးရှု လျှောက်လှမ်းသွားဘို့ လိုပါတယ်” ဟု ကေဆီက ဆက်လက် ပြောကြားသွားပါသည်။

0 comments: