Wednesday, March 5, 2008

ချစ်သူအတွက်ကဗျာ

မာန်လက်

အချစ်ရေ
ကမ္ဘာပျက်ခါနီးမှ
လူဖြစ်လာရသလို
ငါတို့ရဲ့ဘဝ
အများကြီးနောက်ကျနေခဲ့ပြီကွယ်။

ငါတို့ဟာ
ငါတို့ရဲ့
ချွေးနဲ့သွေးတွေက
ချက်ယူပြောင်းလဲထားရတဲ့
ထမင်းတနပ်ကိုတောင်မှ
စိတ်ချလက်ချ
စားခွင့်မရနိုင်တဲ့အချိန်၊
ငါတို့ရဲ့
ဘိုးဘွားအမွေအနှစ်
မြေတနေရာထက်မှာမှ
ငြိမ်းချမ်းငြိမ်သက်
အိပ်စက်ခွင့်မရနိုင်တဲ့အချိန်မှာ
မင်းကိုမပိုင်ဆိုင်သေးပါရစေနဲ့ကွယ်။


မင်းကလေးရဲ့
ပါးချိုင့်ခွက်ကလေးအတွင်း
လုံခြုံတဲ့ဗုံးခိုကျင်းရှိတယ်လို့
ဆိုတာတောင်မှ
မင်းအမြဲ
ပြုံးထားနိုင်မှာမှ
မဟုတ်ဘဲကွယ်။

အမြဲပြုံးထားနိုင်တဲ့သူတွေဟာ
အချိန်ယန္တရားထဲက
ထွက်ပြေးသွားလို့
အိပ်မက်နိုင်ငံမှာ
Refugee လျှောက်လွှာတင်သူများသာ
လူတွေဟုတ်နိုင်ပါ့မလားကွယ်။

လူတွေဟာ
နာ့ဗ်ကြောအင်္ဂါအဖွဲ့တွေနဲ့
ဖွဲ့စည်းထား
အာရုံများကို
ခံစားသိမြင်နိုင်ရမယ်။

လှည့်ပြန်ကြည့်လိုက်တိုင်း
သတင်းလိမ်
မျက်ရည်ယိုဗုံး
သေနတ်သံ
အချုပ်ထောင်
ငရဲခန်း
မာရှယ်လော
ဆူးတွေရဲ့အကြား
ဘူးသီးတွေ မကြီးထွားနိုင်ပါဘူး။

ငါတို့ဟာ
နာရီလက်တံတွေအပေါ်
ထိုင်လိုက်သွားနေကြရတာ
နာရီစက်သံတွေကို
လစ်လှူရှု့လို့မရနိုင်ပါဘူး။

ပျော်ရွှင်ခြင်းအရသာငတ်မွတ်ပြီး
စိတ်ကူးတွေကို
လွတ်လပ်စွာ
ပွေ့ဖက်ခွင့်မရတဲ့အခါ
ငါတို့ရဲ့ဘ၀တွေဟာ
အိုစာနေဦးမှာဘဲပေါ့။

မီးလျှံတွေရဲ့နံဘေး
ဘယ်အချစ်တေးမှ
မချိုမြနိုင်ဘူးဆိုတာ
မင်းနားလည်နိုင်ပါလိမ့်မယ်။

အချစ်ရေ
ငါတို့ရဲ့ကမ္ဘာဟာ
အချစ်နဲ့တည်ဆောက်လို့မှ
မရနိုင်သေးတာ။

ဒီအချိန်မှာ
မင်းကိုငါပိုင်ဆိုင်လို့မရနိုင်သလို
ငါ့ကိုမင်းလည်း ပိုင်ဆိုင်လို့မရနိုင်သေးဘူး။

ဒီအချိန်မှာ
မင်းကို ငါပိုင်ဆိုင်ခွင့်ရဖို့နဲ့
မင်းကိုယ်မင်း ပိုင်ဆိုင်ခွင့်ရဖို့ရာ
သေးရေးရှင်ရေး
အရေးတကြီးတာဝန်နဲ့မို့ပါ။

အားနာတယ်
အချစ်တွေကို
အာမခံသေတ္တာထဲမှာ
သော့ခတ်သိမ်းဆည်းထားလိုက်ပါဦး။ ။

Copy from http://saitmon.blogspot.com/2008/03/blog-post_02.html

0 comments: