Saturday, March 1, 2008

ဖမ်းဆီးခံထားရသည့် သံဃာများနှင့် သီလရှင်များကို ရုံးထုတ်

ဧရာဝတီ-အေးလဲ့ | ဖေဖော်ဝါရီ ၂၉၊ ၂၀၀၈

လွန်ခဲ့သည့် ၂၀၀၇ခုနှစ် စက်တင်ဘာလအရေးအခင်းနှင့်ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသည့် ရဟန်း သံဃာများနှင့်သီလရှင် ၁၆ပါးတို့ကို မြောက်ဥက္ကလာပ မြို့နယ်တရားရုံးတွင် ဗုဒ္ဓဟူးနေ့က ရုံးထုတ်ကြောင်း သိရသည်။

၎င်း ရဟန်းသံဃာနှင့် သီလရှင်များမှာ ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ သစ္စသရဖူ ကျောင်းနှင့် ဟံသာဝတီ ကျောင်းများမှ ဖြစ်ပြီး ၎င်းတို့အား စစ်အစိုးရက စာရင်းအရ စက်တင်ဘာအရေးအခင်းဆန္ဒပြရာတွင် ပါဝင် သည်ဟူသောစွပ်စွဲချက်ဖြင့် ကျောင်းတွင်းဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ကာ ယခုရုံးထုတ်မှုအပါအဝင် ရုံးထုတ် သည်မှာ ၅ ကြိမ်ရှိပြီဖြစ်သည်ဟု ဆိုသည်။

၎င်းတို့ရုံးထုတ်ရာသို့ သွားရောက်ခဲ့သည့် မျက်မြင်တဦးက“ဘုန်းကြီး ၉ ပါးနဲ့ သီလရှင် ၇ပါး ကိုနေ့လယ် ၁ နာရီ မှာ ရုံးထုတ်တယ်၊ မိသားစုနဲ့ရော တခြားသူနဲ့ပါ စကားပြောခွင့် လုံးလုံးမရဘူး၊ အဝေးမှာပဲ နေရတယ်၊ သူတို့ကို အချုပ်ခန်းထဲကို တန်းပို့တယ်” ဟု ပြောသည်။

၎င်းတို့အား ဘာသာသာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ၊ သာသနာ့နယ်မြေကို အခကြေးငွေဖြင့် ငှားရမ်း အသုံးပြုမှု ပုဒ်မ ၂၉၂ တို့ ဖြင့် တရားစွဲဆိုထားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) မှ ကိုအောင်ကျော်ဦးက ပြောသည်။

ထို့ပြင် ဆွမ်းချက်ဆောင်၌ ချဲထီလက်မှတ်တွေ့ရှိ၍ လောင်းကစားမှု ပုဒ်မ ၁၅ (က) ၊ ၁၆ (က) တို့ဖြင့်လည်း တရားစွဲဆို ထားသည် ဟုသိရသည်။

“အသက်အရွယ်ကြီးတဲ့ ဘုန်းတော်ကြီးတွေ ပါတယ်၊ လေဖြတ်ထားတဲ့ မယ်သီလရှင်ကြီးကလည်း ချည့်နဲ့ နေတဲ့ ခန္ဓာကိုယ်နဲ့ ခြေထောက်တွေကို မနည်း မ ပြီးတော့ လျှောက်နေရတယ်၊ လူအဝတ်အစားတွေပဲ ၀တ် ခွင့်ရှိတယ်၊ ဆံပင်တွေလည်း ဖြူဖွေးနေပြီးတော့ ကတုံး ဆံပင်တွေနဲ့တွေ့ရတယ်၊ တော် တော်ကို စိတ်ဖိစီးနေတဲ့ မျက်နှာတွေနဲ့တွေ့ရတယ်” ဟု အထက်ပါ မျက်မြင်က ပြောသည်။

ယင်းရုံးထုတ်ရာသို့ လာရောက်တွေ့ဆုံသည့် မိသားစုများနှင့်မိတ်ဆွေများမှာ ဈေးသည်၊ ဆိုက်ကားသမား၊ ကုန်စိမ်းသည်နှင့် သက်ကြီးရွယ်အိုများသာ ဖြစ်ကြောင်း၊ ထိုသူတို့လက်ထဲတွင် ငွေ ကျပ်၂ ထောင် ပြည့် အောင် မပါကြောင်းနှင့် လက်ထဲ တွင်ပါလာသော စားသောက်ဖွယ်ရာများကိုလည်း ပေးခွင့်မရလိုက်ကြ ကြောင်း ၎င်းကဆက်ပြောသည်။

“သက်တော် ၇၀ရှိတဲ့ ဓမ္မစရိယဦးပဉ္ဖင်းကြီးတပါးဆိုရင် တရားသူကြီးနဲ့ရှေ့နေတွေ အမှုစစ်နေချိန်မှာ မဖြေနိုင်ဘဲ တုန်တုန် ရီရီနဲ့ မျက်ရည်တွေ ၀ဲနေပြီးတော့ငိုနေတယ်၊ ရှေ့နေတွေကလည်း ခဏစောင့်နေ ရတယ်” ဟု လည်း မျက်မြင်က ဆက်ပြောသည်။

၎င်းတို့သည် စက်တင်ဘာအတွင်း စစ်တပ်က ဘုန်းကြီးကျောင်းများကို ဝင်စီးနင်းစဉ်ကတည်းက ဖမ်းဆီးခံခဲ့ရသည့် သက်ကြီးဝါကြီးနှင့် နာမကျန်းဖြစ်နေသော သံဃာတော်များဖြစ်ပြီး လောင်းကစားမှုဖြင့် အမှုဆင်အဖမ်းခံ ထားရခြင်းဖြစ် သည်ဟု အေအေပီပီက ပြောသည်။

အေအေပီပီ စာရင်းအရ စက်တင်ဘာ အရေးအခင်းနှင့်ပတ်သက်ပြီး သံဃာတော် ၁၉၆ ပါးခန့်နှင့် သီလရှင် ၁၀ ပါးခန့် တို့သည် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည် ဟု သိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ဦးဆောင် သံဃာတော် ၆ ပါး အနက်မှ ဦးဂမ္ဘီရ နှင့် ဦးခေမိန္ဒ တို့ကိုလည်း စစ်အစိုးရက ဖမ်းဆီးထားဆဲဖြစ်သည်ဟု ယင်းသံဃာ့ တပ်ပေါင်းစု အဖွဲ့က ပြောသည်။

နိုင်ငံရေးလှုပ်ရှားသည်ဟူသော စွပ်စွဲချက်ဖြင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေတိမ်ကျောင်း၊ မဂ္ဂင်ကျောင်းတိုက်၊ မင်္ဂလာ တောင်ညွန့်မြို့နယ် မှ ရွှေတောင်ကျောင်း၊ ပုဇွန်တောင်မြို့နယ်ရှိ ရွှေတောင် ကျောင်းတိုက် နှင့် တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံကျောင်းတိုက်တို့မှ ထင်ရှားသည့် သံဃာတော်များကို နိုင်ငံရေးမှုနှင့် တရားစွဲဆိုထားကြောင်း လက်ရှိ ပြည်ပတွင် ရောက်ရှိ နေသော သံဃာ့တပ် ပေါင်းစုအဖွဲ့မှ ဦးပညာဇောတ က မိန့်ကြားသည်။

“ထောင်တွင်းမှာရှိတဲ့ အထူးရုံးမှာပဲ ပုဒ်မ ၅ (ည) တပ်ပြီး ဖမ်းဆီးထားတယ်၊ သူတို့ကိုအပြင်လူနဲ့လည်း တွေ့ခွင့်မရှိ၊ ရှေ့နေလည်း ဌားခွင့်မရှိဘဲထောင်ထဲမှပဲ ပို့ထားလိုက်တာ” ဟု ဦးပညာဇောတက ထပ်မံ မိန့်ကြားသည်။

သံဃာတော်များ အများပြည်သူကိုယ်စား အခက်အခဲအကြပ်အတည်းများကို မေတ္တာပို့ ရွတ်ဆို လမ်းလျှောက် ဆန္ဒထုတ် ဖော်ခြင်းသည် နိုင်ငံရေးလုပ်ခြင်း မဟုတ်ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့အစည်းအနေနှင့် ရဟန်းသံဃာများအား အကြမ်းဖက် ရိုက်နှက် ဖမ်းဆီး၍ ဘာသာ သနာကိုစော်ကားခံရခြင်းအတွက် ဖြေရှင်းပေးရန် တာဝန်ရှိကြောင်း ဦးပညာဇောတက ဆက်လက် ပြောကြားသည်။

လွန်ခဲ့သော၂၀၀၇ စက်တင်ဘာ သံဃာတော်များဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို စစ်အစိုးရက စက်တင်ဘာ ၂၆ ရက်နေ့ နောက်ပိုင်းမှ စတင်၍ အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းကြီးကျောင်းများကို ၀င်ရောက် စီးနင်းကာ ရဟန်း သံဃာများအား ဖမ်းဆီးခဲ့သည်။
တချိန်တည်းတွင်းပင် ဗဟန်းမြို့နယ်တရားရုံးတွင်လည်း သံဃာတော် ၉ ပါးကို ရုံးထုတ်ကြောင်းနှင့် အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) နှင့် တရားစွဲဆိုထားသော စည်သူမောင်၊ ကိုသိန်းဆွေ (ခ) မင်းစိုး၊ ရဲမင်းဦး ၊ ရဲမြတ်ဟိန်း၊ ကြည်ဖြူ၊ ဇင်လင်းအောင်၊ မျိုးသန့် (ခ) ဂျွန်နော်သန်တို့ ၇ ဦးကိုလည်း ၎င်းတို့ကို ဖမ်း ဆီး ချုပ်နှောင်ထားရာ အင်းစိန် ထောင်တွင်း တရားရုံး၌ပင် ဗုဒ္ဓဟူး၊ ကြာသပတေး ၂ ရက်ဆက် ရုံးထုတ် ကြောင်း သိရသည်။

0 comments: