Saturday, March 1, 2008

မြန်မာရွှေ့ပြောင်းအလုပ်သမား၏ ကျောင်းကို ထိုင်းရဲများ ဝင်ရောက်စီးနင်း

ဧရာဝတီ-အေးလဲ့ | ဖေဖော်ဝါရီ ၂၉၊ ၂၀၀၈

ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ စာသင်ကြားနေသည့်ကျောင်းကို ထိုင်းရဲများက ယမန် နေ့ညပိုင်းက ပထမဆုံးအကြိမ် ၀င်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောင်းဘေးတွင် ဆိုင်ကယ် အမြောက်အမြား ရပ်ထားသည်ကို ရဲများကမြင်ပြီး ည ၈ နာရီမှ ၉ နာရီခွဲ အထိ တနာရီ ကျော်ကြာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“စာရွက်စာတမ်း တချို့ယူသွားတယ်။ ဆိုင်ကယ် ၆ စီးလောက်နဲ့ ကျောင်းသား (စိုင်းလူ) တယောက် ပါသွားတယ်။ ဆိုင်ကယ်ကိုတော့ သက်တမ်းမတိုးထားတဲ့ ဆိုင်ကယ်၊ လိုင်စင်မဲ့တွေဖြစ်လို့ဆိုပြီး ဖမ်းတယ်။ စိုင်းလူကိုတော့ ကျောင်းကနေ ထွက်ပြေးလို့ဆိုပြီး ခေါ်သွားတာ” ဟု ကျောင်းတည်ထောင်သူ ဒေါက်တာသိန်းလွင်က ပြောသည်။

တချို့ကျောင်းသားများမှာ ဆိုင်ကယ်များ ပြန်လည်ရယူနိုင်ရန်အတွက် ထိုင်းအာဏာပိုင်များသို့ ဘတ်နှစ်ထောင်စီပေး လိုက်ရကြောင်း၊ လက်ရှိသိမ်းသွားသည့် ဆိုင်ကယ်များသည် အဖမ်းခံရမည်ကို ကြောက်ရွံ့ပြီး ထွက်ပြေးသွားသည့် ကျောင်းသားတချို့၏ ဆိုင်ကယ်များဖြစ်ကြောင်းနှင့် ၎င်းဆိုင်ကယ်များကို ကိုယ်တိုင်လာရောက် ရွေးယူရန် ရဲများက ပြောသွားကြောင်းကို ၎င်းက ဆက်ပြောသည်။

“ကျောင်းကိုပိတ်ဖို့တော့ မပြောပါဘူး။ ကျနော်တို့ကလည်း တရားဝင်ဖြစ်အောင် မှတ်ပုံတင်ဖို့ လုပ်နေတယ်ဆိုတာကို ပြောလိုက်ပါတယ်။ ရှေ့ဆက်ကျောင်းဖွင့်ဖို့လည်း ရှိပါတယ်” ဟု ဒေါက်တာသိန်းလွင် ပြောသည်။

၎င်းကျောင်းသည် မြန်မာပြည်သား အလုပ်သမားများအတွက် ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ကွန်ပျူတာစသည်တို့နှင့် ပတ်သက်သည့် ပညာရပ်များကို အခမဲ့ သင်ကြားပေးနေသည့် ကျောင်းဖြစ်ပြီး ဆရာ ဆရာမပေါင်း ၁၀ ဦး ရှိသည်။

ကျောင်းကို ဖွင့်ရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဒေါက်တာသိန်းလွင်က “ထိုင်းစာသင်ရခြင်းက သူတို့အတွက် ဘာသာ စကားအခက်အခဲ ပြေလည်စေဖို့၊ ထိုင်းတွေနဲ့ ဆက်ဆံရေး အဆင်ပြေဖို့၊ အင်္ဂလိပ်စာဆိုလည်း သူတို့ဈေးရောင်းတဲ့နေရာနဲ့ ဟိုတယ်မှာအလုပ်လုပ်ရင် နိုင်ငံခြားသားနဲ့ဆက်ဆံရေး အဆင်ပြေစေဖို့၊ ကွန်ပျူတာသင်ရတာကလည်း သူတို့ အလုပ်အကိုင် သက်သာစေရေးနဲ့ နည်းပညာဆိုင်ရာတွေကို တတ်သိအောင် ရည်ရွယ်ပါတယ်” ဟု ပြောသည်။

၎င်းကျောင်းတွင် ဆရာအတက်သင် သင်တန်း၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ၏ ကျောင်းစီမံခန့်ခွဲ နည်းပညာသင်တန်း၊ သင်ရိုးညွန်းတန်းဆိုင်ရာ ပြောင်းလဲရေး သင်တန်း၊ အသက်မွေးဝမ်းကျောင်း သင်တန်း၊ ကွန်ပြုတာနှင့်ပတ်သက်သည့် website design သင်တန်းများနှင့် မူလတန်းကျောင်း ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

မူလတန်းကျောင်းဖွင့်ရခြင်းသည် မှုလတန်းကျောင်းသားအရွယ် ကျောင်းမတက်နိုင်သည့် ကျောင်းသားများအတွက် ရည်ရွယ်ကြောင်းနှင့် လာမည့်သင်္ကြန်အပြီးတွင် ပန်းအလှပြင်သင်တန်း ဖွင့်ရန်ရှိသည်ဟုလည်း ဒေါက်တာသိန်းလွင်က ပြောသည်။

၎င်းကျောင်းကို နိုင်ငံခြားအလှူရှင်တဦးမှ မတည်ပြီး တလလျင်ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၅၀၀ ခန့် ကုန်ကျသည် ဟုလည်း သိရသည်။

၃ လတကြိမ် သင်တန်းဖြစ်ပြီး နံနက် ၉ နာရီမှ ၁၁ နာရီ တကြိမ်၊ ညပိုင်း ၆ နာရီမှ ၈ နာရီ တကြိမ်၊ ညပိုင်း ကွန်ပျူတာ စပယ်ရှယ်စသဖြင့် သင်ကြားသည်။ တသုတ်လျင် ကျောင်းသား ၃၀၀ ခန့်ရှိပြီး ၎င်းကျောင်းကို ၂၀၀၅ ခုနှစ် အောက်တိုဘာ လတွင် စတင်ဖွင့်လှစ်ခဲ့သည်။
ချင်းမိုင်မြို့အပါအ၀င် ထိုင်းနိုင်ငံတွင်း ဒေသများစွာတွင် မြန်မာနိုင်ငံမှ တရားမ၀င်နှင့် တရားဝင် လာရောက်နေထိုင် လုပ်ကိုင်သူဦးရေ ခန့်မှန်းခြေ ၁ သန်းခွဲခန့်ရှိသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားအရေး ဆောင်ရွက် နေသည့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၏ စာရင်းကောက်ယူချက်အရ သိရသည်။

0 comments: