အဖြူရောင်လူ
မနေ့ကလား၊ ဒီနေ့လား
အဖြစ်အပျက်တို့
အဆင့်တက်လို့….
ဆက်ခါ ဆက်ခါ……………..
……………………………
ဆက်ခါ ဆက်ခါ……………..။
ဦးဥတ္တမ နဲ့ ဦးဝိစာရ။
ဗိုလ်အောင်ကျော် နဲ့ ကျောင်းသားသပိတ်။
သခင်အောင်ဆန်း နဲ့ အာဇာနည်တွေ။
သခင်ကိုယ်တော်မှိုင်းနဲ့ ဆရာတင်မိုး
ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ။
ကိုမင်းကိုနိုင်နဲ့ ရှစ်လေးလုံး ခေါင်းဆောင်တွေ။
အရှင်ဂမ်ဘီရ နဲ့ သံဃာထု။
ပခုက္ကူ နဲ့ မြန်မာတ၀ှမ်း။
မေ့မရတော့မယ့် နှစ်သုညသုညခုနှစ်။
ကိုထင်ကျော် နဲ့ မဖြူဖြူသင်း။
ဦးအုန်းမြင့် နဲ့ မစုစုနွေး။
ဇိုရာဗမ် နဲ့ မြန်မာ့အရေး ကြိုးစားနေသူတွေ။
ဇာဂနာ နဲ့ ကျော်သူ။
အောင်ဝေး နဲ့ သန်းမြင့်အောင်။
အောင်ကိုဝင်းနဲ့ ပေးဆပ်သွားသူတွေ
ကိုနစ်နေမန်း နဲ့ ကိုထိုက်။
……………………
………………
ဆက်ခါ ဆက်ခါ……………..
……………………………
ဆက်ခါ ဆက်ခါ……………..။
ထိုသူတို့သည်…….။
ပြည်ထောင်စုအတွက် သူ့အသက်
ပြည်ထောင်စုအကျိုး သူ့အရိုး
ပြည်ထောင်စုအား သူ့မြေးသား
ပြည်ထောင်စုအရေး သူ့အသွေး
ပြည်ထောင်စုအမှန် သူ့အသံ
ပြည်ထောင်စု ဒီမိုကရေစီ သူ့စိတ်သန္ဓေတည်။
ပြည်ထောင်စု အတွက် သူတို့အသက်
လက်နက်မပါ ငြိမ်းချမ်းစွာဖြင့်
ဆက်ခါဆက်ခါ ဆက်ခဲ့သူတွေ
သင်တို့အသက် မည်မျှအထိ
ဆက်လက် ဆက်နေရဦးမည်နည်း။
ပြည်ထောင်စုအကျိုး သင်အရိုးတို့ဖြင့်
ထိုးယှက်တည်ဆောက် မပြီးမြောက်သေးလည်း
တံတာတစ်ခု ကြိုးစားပြုကာ
ဆက်ခါဆက်ခါ ဆောက်ခဲ့သူတွေ
သင်တို့အရိုးပုံ ဘယ်အမြင့်ထိ
ဆက်လက် ဆောက်နေရဦးမည်နည်း။
ပြည်ထောင်စုအား သင့်မြေသားတို့
စွန့်ခွါထားရစ် ဆင်းရဲလှစွာ
အင်းစိန်ငရဲမှာ နှစ်ပေါင်းများစွာ
ဆက်ခါဆက်ခါ ပေးဆပ်သူတွေ
သင်၏မျိုးဆက် မည်မျှအထိ
ဆက်လက် ပေးဆပ်နေရမည်နည်း။
ပြည်ထောင်စုအရေး သင်၏အသွေးတို့
ချောင်းမြစ်မှသည် ပင်လယ်ဆီသို့
နီရဲစီးဆင်း သွေးကမ္ဗလာခင်းခဲ့သူတွေ
သမုဒ္ဒရာ ဘယ်နှစ်စင်း မြောက်သည်အထိ
ဆက်လက် စီးဆင်းနေရဦးမည်နည်း။
ပြည်ထောင်စုအမှန် သင့်အသံတို့
ကမ္ဘာပဲ့တင် စင်္ကြာတခွင်
တုန်ခါ ဟီးကာ ရိုက်ခတ်ခဲ့ပြီ
စင်္ကြာဝဠာ ဘယ်နှစ်ခုမြောက်ထိ
ဆက်လက် ပဲ့တင်နေဦးမည်နည်း။
ပြည်ထောင်စု ဒီမိုကရေစီ သင့်စိတ်သန္ဓေတည်
ယုံကြည်ချက်အတွက် အသက်၊ အရိုး
မြေးသားမကျန် အသွေးအသံနှင့်
အင်ကုန်အားကုန် သင့်တို့
ပေးဆပ်နေသည်မှာ
ယခုဆိုလျှင် ၄၅ နှစ်
ပြည့်ခဲ့ပြီ။
သို့သော်ငြားလည်း
မိဆ္စာတစ်သိုက် ဆက်ကာမိုက်လျှင်
ထိုလမ်းခရီး ဘယ်ထိချီမည် မသေချာပြီ။
ပေးဆပ်သူတို့ ပေးဆပ်ခဲ့သလို
ပေးဆပ်သူတို့ ပေးဆပ် နေသလို
တာဝန်သိငြား ကျူပ်တို့
မကြိုးစားသရွေ့ မြန်မာပြည်တစ်ခွင်
ဒီမိုကရေစီ အသွင်
မမြင်မကြား မခံစားရ
ဖြစ်ရမည်မှာ
သမိုင်းတစ်ခု အရိုင်းပြုကြရတော့ပေမည်။
သို့ဖြစ်ပါ၍
အို အဆွေတို့
အို ဘုရားသားတို့
အို ကျောင်းသားတို့
အို စစ်သားတို့
အို တောင်သူလယ်သမားတို့
အို အလုပ်သမားတို့
အို တိုင်းရင်းသားတို့
အို ဗမာပြည်သားအပေါင်းတို့
ညီညာရုန်းစု လုံ့လပြု၍
စစ်အာဏာရှင် ဒီစနစ်ဆိုးကို
မဟာသက္ကရာဇ် ၇၀ ပြည့်အမှီ
အမြစ်ပါမကျန် တွန်းလှန်တိုက်ထုတ်
စစ်မျိုးဖြုတ်၍ ဒီမိုမျိုးစေ့
စိုက်ပျိုးပါစို့ အို့ဘယ် ညီနောင်အပေါင်းတို့။
Monday, February 4, 2008
ပေးဆပ်သူများ နှင့် ဒီမိုမျိုးစေ့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment