ဝင်းတင့်ထွန်း
ကျနော် သူတို့ အိမ်ကို ၀င်ထွက်သွားလာနေတဲ့အချိန်မှာ အကိုကြီးကိုလှတင်အောင်ကို ခမောက်ကြီးဆောင်းထားလျက်သား၊
ကြက်စာဖွဲမှုန်ဖွဲစတွေ အဖွေးသားနဲ့ တွေ့ ရတဲ့အခါ တွေ့ ရ၊ကြက်စာစင်းနေတာ တွေ့ ရတဲ့အခါ တွေ့ ရ၊ကြက်ခြံ မိုးနေတာ တွေ့ ရတဲ့
အခါ တွေ့ ရ နဲ့ အလုပ်ကို တကုပ်ကုပ်လုပ်နေတတ်တာ တွေ့ ရလေ့ ရှိပါတယ်။
ဒီလိုသာ အလုပ်ကို လုပ်နေတာ၊ တကယ်က ကျန်းမာ
ရေးအခြေခံက ကောင်းလှတော့တာ မဟုတ်ပါ။ သာမန် တခြားလူတဦးဦးသာဆိုရင် စိတ်ဓါတ်ကျတာနဲ့ တောင် လူမမာကြီးလို အိပ်ယာ
ထဲ တခွေခွေဖြစ်သွားနိုင်ဖွယ် ရှိပါတယ်။ ကျွန်းအစာငတ်ခံတိုက်ပွဲတွေအတွင်းမှာ၊ သေမင်းနဲ့ တောင် စက္ကန့် မလပ် စီးချင်းထိုးခဲ့ဖူးသူမို့ 
လား မပြောတတ်၊ သူကတော့ သူ့ ရောဂါ ရဲ့ အခြေအနေကို ဟာသဖေါက်ပြီးတော့တောင် ပြောနေလိုက်သေး။
‘ဟေ့ကောင်ရေ - ကိုယ့်အသဲက မာနေပြီ… တဲ့ကွ၊ သူများတွေ အသဲမာတယ် အသဲမာတယ် ဆိုတာက စကားအဖြစ်ပြောတာပါ
ကွာ၊ ငါက ငါ့အသဲက တကယ်ကို မာနေပြီ တဲ့ကွ၊ ဆရာဝန်က ဟိုတုန်းက ငါ့ ကို ခွဲစိပ်ကုသမှုလုပ်ပေးစဉ်တုန်းကလဲ… ခွဲနေတုန်း
မှာပဲ ခွဲစိပ်မှု မအောင်မြင်ပဲ သေသွားနိုင်ခြေရှိတယ်… တဲ့။ ခွဲစိပ်မှု အောင်မြင်သွားတောင်… ဒီရောဂါရဲ့ အခြေအနေကြောင့် နောက်
ထပ် အသက်ဆက်ရှင်ပြီးနေရလှ၊ လွန်ရော ကျွံ ရော လေး-ငါး-ဆယ်နှစ်ထက် မပိုနိုင်ဘူးတဲ့… ကွ။
အဲဒီတော့- ခွဲစိပ်ကုသမှုလဲ
ကံအားလျော်စွာ အောင်မြင်ခဲ့ပြီးဘီ၊ ဆရာဝန်ပြောခဲ့တာ ဂရန်တီပေးခဲ့တာနဲ့ ဆို- အချိန်တောင် ကျော်လာခဲ့ပြီ။
အခု ငါ က-
အပိုအသက် စပယ်ယာအသက်နဲ့ ရှင်နေတာကွ၊ အချိန်မရွေး ဘယ်အချိန်သေသေ- ငါကတော့ မရှုံးတော့ဘူးကွ။ ဟဲ ဟဲ… ’ တဲ့။
ကိုလှတင်အောင်က အဲဒီလို လူမျိုး။ ဒါလောက်ကြီးကျယ်တဲ့ ခွဲစိပ်ကုသမှုကြီးမျိုးကို ခံခဲ့ရပြီးတဲ့နောက်၊ ကံကောင်းလွန်းလို့ ဆက်လက်
အသက်ရှည်ခွင့်ရနေကာ၊ နောက်ထပ် များများ အသက်ရှည်ခွင့် မရှိတော့ဘူးလို့ ဗမာပြည်မှာ ခွဲစိပ်ကု အကျော်ကြားဆုံးသော သမား
တော်ကြီးတဦးက မှတ်ချက်ချ ပြောကြားထားခြင်းခံရတာတောင်၊ လုံးဝစိတ်ဓါတ် ကျဆင်းသွားခြင်းမရှိပဲ၊ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်
ပြီး ဟာသဖေါက်နေနိုင်ခဲ့တဲ့သူမျိုး ဖြစ်တယ်။ ဒီကြားထဲကပဲ သူ လုပ်နိုင်သမျှ အလုပ်တွေကို ဆက်ပြီးလုပ်နေကာ၊ သူ ချစ်ခင်တဲ့လူတွေ
ကို ဆိုရင်လဲ သူက ဟာသဖေါက်တတ် စတတ် နောက်တတ်တယ်။
တခါတုန်းက သူနဲ့ အင်မတန်ခင်တဲ့ ကျွန်းပြန်ကြီးဦးလေးဦးဖေတင်(မြင်းခြံ)ကို စခဲ့တာကတော့၊ ကျွန်းပြန်တွေကြားမှာ ပြောစမှတ်
ကို ဖြစ် ကျန်ခဲ့တယ်။ အဲဒါက ဒီလိုပါ … ။
ဦးလေးဦးဖေတင်ကလဲ ပြတ်သားတဲ့နေရာမှာ နာမည်ကြီး။ သူ ကျွန်းက ပြန်လာတော့၊ သူ့ သမီးလေး(၂)ယောက်ကလဲ အရွယ်
ရောက်စ ပြုနေပြီ။ ဦးဖေတင်တယောက် ထောင်ရောက် ကျွန်းရောက် ရောက်နေရတဲ့အချိန်တလျောက်လုံး၊ ဈေးရောင်းပြီးတော့ပဲ သမီး
လေးတွေကိုလဲ ကျွေးမွေးပြုစုလာခဲ့ရှာတဲ့ သူ့ ဇနီးသည်က သမီးလေးတွေကို လက်ညှိုးထိုးပြရင်း ‘ကိုဖေတင်- သမီးလေးတွေလဲ ကြည့်ပါ
ဦး၊ တော်… ကျုပ်တို့ မိသားစုကိုပဲ ပြတ်မလား၊ တော့် နိုင်ငံရေးကိုပဲ ဖြတ်တော့မလား ’လို့  တနေ့ မှာ စကားနာထိုးတော့၊ အိမ်ရှေ့ က
တိုက်ပုံအင်းကျီလေးကို ပခုံးပေါ် ကောက်ချိတ်လိုက်ပြီး။ ‘ငါ - နင်တို့ ကိုပဲ ဖြတ်တယ်’လို့ ပြောပြီး အိမ်ကနေ ဆင်းလာလိုက်တာ အိမ်ကို
တခါမှ ပြန်မရောက်တော့ဘူးလို့ ပြောကြသံ ကြားရဖူးပါတယ်။ အဲဒီ ဦးလေးဦးဖေတင်တယောက်၊ တဖက်က နိုင်ငံရေးတွေ ဆက်လုပ်နေ
ရင်း၊ တဖက်က ကြုံရာကျပန်းအလုပ်တွေ ကောင်းနိုးရာရာ လျှောက်လုပ်နေရာမှာ၊ မြင်းခြံသားဖြစ်တော့ ဆေးရိုးကုန်သည်အလုပ်ပါ လုပ်
သတဲ့။ အဲဒီတုန်းက ပဲခူးဖက်က ဆေးလိပ်ခုံကြီးတခုံရဲ့ ပိုင်ရှင်အမျိုးသမီးကြီးက အပျိုကြီး ဆိုလား၊ တခုလပ်ကြီး ဆိုလားပဲ၊ အိမ်ထောင်
မရှိတာတော့ သေချာတယ်။
ဆေးလိပ်နာမည်ကလဲ ‘သိုးမကြီး’ဆိုလားပဲ။။ အဲဒီမှာ ဦးလေးဦးဖေတင်ကြီးတယောက် ဆေးရိုးဆေးရွက် ပို့ ရင်း ၀င်ထွက်သွားလာနေရတာကို အကိုကြီးကိုလှတင်အောင်က သိသတဲ့။ တနေ့ တော့ အညာဖက်က(တံတားဦးဖက်က ထင်တယ်)
ကျွန်းပြန်ကြီးတယောက် ရန်ကုန်ဖက် ခရီးကြုံလို့ ရောက်လာရင်း ကိုလှတင်အောင်နဲ့ တွေ့ တော့၊ ကျွန်းက ရဲဘော်တွေ ဘယ်သူ့ တွေ့ 
သေးလား၊ ဘယ်သူကတော့ ဘာတွေလုပ်နေသတုန်း၊ကြုံရာ ကျပန်း စကားစပ်မိတော့၊ ဦးဖေတင်ကြီးအကြောင်း ရောက်သွားသတဲ့။
ကိုလှတင်အောင်က သူကတော့ ကြက်မွေးနေတယ်၊ ကိုဖေတင်ကြီးကတော့-ပဲခူးဖက်မှာ သိုးမွေးနေတယ်။ အခု သူ့ သိုးမကြီးကို သား
တင်ဖို့ လုပ်နေဆိုလားပဲလို့ ခပ်တည်တည်နဲ့ နောက်လွှတ်လိုက် သတဲ့။ အဲဒါ အဲဒီအညာသားကျွန်းပြန်ကြီးက ဟိုဟိုဒီဒီ လျှောက်သွား
ရင်း၊ အမှတ်မထင်တိုက်တိုက်ဆိုင်ဆိုင်တနေရာမှာ ဦးဖေတင်ကြီးနဲ့ သွားတိုးတော့၊ ‘ဟာ ကိုဖေတင်၊ ခင်ဗျား ပဲခူးဖက်မှာ သိုးမွေးနေဆို-
ခင်ဗျားသိုးမကြီးကော၊ အခု ဘယ့်နှယ်လဲ၊ သားပေါက်ပီလား ’လို့ ဝမ်းပန်းတသာ နှုတ်ဆက်စကားဆိုလိုက်တော့။ ပထမတွေ့ တွေ့ ချင်း
ပြုံးပြုံးရွှင်ရွှင်ဖြစ်နေတဲ့ ဦးဖေတင်ကြီးဟာ ရှူးရှူးရှားရှားဖြစ်လာပြီး။ ‘ခင်ဗျား ဒီလို မနောက်နဲ့ ဗျာ’လို့ စိတ်ဆိုးမာန်ဆိုး ဖြစ်သတဲ့။
အဲဒါ
ကို သေသေချာချာမသိရှာတဲ့ အညာသားကျွန်းပြန်ကြီးက တခြားကျွန်းပြန်ရဲဘော်တွေနဲ့ တွေ့ တော့။ ‘ကိုဖေတင်ဗျာ။ သူ သိုးမွေးနေတယ်
ကြားရလို့ ခင်ဗျားသိုးမကြီး သားပေါက်ပီလား’လို့ မေးမိတာ ကျုပ်ကို စိတ်ဆိုးမာန်ဆိုးဖြစ်သဗျာလို့ ပြော သတဲ့။ ကျနော်တို့ ရဲ့ အကိုကြီး
ကိုလှတင်အောင်ဟာ အဲဒီလိုလဲ ပြောစမှတ်ပြုရလောက်အောင် နောက်တတ် စတတ်လွန်းရှာသူ၊ ဟာသကြွယ်လွန်းသူလဲ ဖြစ်ခဲ့တယ်။
တခါတော့ သူ့ ကိုယ်သူ ဘယ်လိုဟာသဖေါက်ပြန်သလဲဆိုတော့-
‘ကိုယ်က ကိုယ့်သား မောင်ညိုကို ပညာပေးမှုတွေ လုပ်ပီးဘီ။ စာတွေ ပေတွေ နာနာဖတ်ဖို့ ၊ အတွေးအခေါ်တွေ မှန်မှန်ကန်ကန်
တည်ဆောက်နိုင်ဖို့ ။ ဘ၀မှာ အဓိပ္ပါယ်ရှိရှိနေတတ်ဖို့ တွေပါ၊ တလျောက်လုံး ကိုယ်သိသမျှ အကောင်းဆုံးဖြစ်နိုင်အောင် ကြုံသလို
ပညာပေးခဲ့ပီးဘီကွ။ တလောကတော့ နောက်ဆုံးပညာပေးလိုက်တယ် … ’
ကျနော်က သူ့ ထံကထွက်လာမယ့် စကားကို စိတ်ဝင်စားစွာစောင့်လင့်နေမိတယ်။
‘ဘယ်လို နောက်ဆုံးပညာပေးလိုက်သလဲဆိုတော့- ဒီမယ် မောင်ညို မင်းကို အဖေ တတ်နိုင်သမျှ ဆိုဆုံးမခဲ့ သွန်သင်ခဲ့ လမ်းပြ
ခဲ့ပီးဘီ။ အဖေတတ်သလောက် မှတ်သလောက် ကောင်းမယ်ထင်တာတွေမှန်သမျှ ပြောဆို ရှင်းလင်းပြခဲ့ဖူးပီ ။ အဖေတတ်တာ
သိတာ လေ့လာ မှတ်သားမိဖူးတာတွေကတော့ ကုန်ပီ။ အဲဒီတော့ အခု မင်းကို အဖေ့ထက် ပိုပြီးတတ် ပိုပြီးသိ ပိုပြီးရှင်းလင်း
လမ်းညွှန်နိုင်တဲ့ ကမ္ဘာမှာအထင်ရှားဆုံးလဲ ဖြစ်တဲ့ပုဂ္ဂိုလ်ကြီးတွေနဲ့ ဆက်ပြီး ပေးလိုက်မယ်။ အဖေ့ကိုလဲ သူတို့ ပဲ အကောင်းဆုံး
ရှင်းလင်းသွန်သင် အသိဥာဏ်ပညာတွေ ပေးခဲ့ကြတာကွ။
သူတို့ စကားတွေ လေ့လာပြီး အသိဥာဏ်ရေချိန်မြင့်တက်လာခဲ့ရတာ
ကွ လို့ ပြောပြီး၊ ကိုယ် တလျောက်လုံးရှာဖွေစုဆောင်းလာခဲ့ရတဲ့ စာအုပ်သေတ္တာကြီးကို လက်ညှိုးထိုးပြီး သူ့ ကိုပေးလိုက်တယ်၊
အဲဒီထဲမှာ - ဆရာကြီး မာ့က္ခ(စ)။ အိန်ဂျယ်လ်၊ လီနင်၊ စတာလင်၊ မော်စီတုန်း-ခေါင်းဆောင်ကြီးတွေအားလုံး ရှိတယ်လို့ လဲ
ရှင်းပြပီး အပ်နှံလိုက်ပီ။ မင်းကို အဲဒီခေါင်းဆောင်ကြီးတွေက အဖေ့ထက်သာအောင် ရှင်းပြကြလိမ့်မယ်လို့ လဲ ပြောပြလိုက်ရ
သေးတယ် ကွာ-’ တဲ့။
ပြီးတော့ ပြောရင်းပြောရင်း သူ့ ဟာသူ သဘောကျစွာလဲ တဟဲဟဲရယ်မောနေလိုက်ပြန်သေးတယ်။ ကျနော်ပါ သူ့ စကားကို
နားဆင်ရင်း ပြုံးမိလာရတယ်။ သူက အဲဒီလို လူမျိုး။
သူ့ ကသာ သူများကို နောက်တတ် စတတ် ဟာသလုပ်တတ်ပြီး တဟဲဟဲရယ်မောတတ်တာ မဟုတ်၊ သူ့ ကို နောက်လာ စလာ
သရော်လာတာမျိုးတွေကိုလဲ သဘောတကျ ရယ်တတ်တယ်။ သရော်ချက်တွေက ပြောင်ပြောင်မြောက်မြောက်ထိထိမိမိ ရှိလှတယ်လို့ 
ခံစားရရင် အဲဒီဟာသကို အကြောင်းအားလျော်စွာ သဘောတကျ စားမြုံ့ ပြန်ပြန်ပြီးတောင် ပြောတတ်သေးတယ်။ သူတို့ ဘိုကလေး
က အကိုကြီးကိုလှရွှေ ရဲ့ အဖေကြီး၊ ဦးလေးဦးချစ်ညွန့် ကြီးက သူတို့ တွေအပေါ် မှတ်ချက်ပေး သရော်ပြလိုက်တာကို သဘောတကျ
ပြန်ပြောပြတာ ကြားရဖူးတယ်။
‘ဟေ့ကောင်ရေ - ကိုလှရွှေ အဖေကြီး ဦးချစ်ညွန့် က အပြောသိပ်ပိုင်တာကွ။ ဒို့ ကို ဘယ်လိုပြောလဲဆိုတော့- အံမယ် နာမယ်
တွေကိုက လှရွှေ တဲ့။ လှကျော်မြင့်၊ လှတင်အောင်၊ လှကြည်၊ လှမင်း။ လှအောင်… တဲ့။ အားလုံး ‘လှ’တွေချည်းပဲ။။ မင်းတို့ တသိုက်
လုံးဟာ လှ တွေချည်းပဲ။ လှ ဆိုတာ ဗုဒ္ဓဟူး၊ ဗုဒ္ဓဟူး … သောက်ရူး ချည်းပဲ၊ တကောင်မှ မင်း ဖြစ်မယ့်ကောင် မပါဘူး… တဲ့ကွ၊
ဟဲ ဟဲ ’
ပြောရင်း ပြောရင်း သဘောတကျ ရယ်မောတတ်တယ်။ တခါလဲ ကိုယ့်ထဲကိုယ် ပြန်ပြီး ဘယ်လိုဟာသဖေါက်သေးသလဲ ဆိုတော့။
‘ ဥက္ကဌမော် ပြောသလိုပဲကွ။ ရန်သူဟာ စက္ကူကျားပဲ၊ သေနင်္ဂဗျူဟာအရ အဲဒီလိုကို မြင်ရမယ်၊ သဘောထားရမယ်။ ရန်သူ
ဟာ ဖေါက်ပြန်ရေးသမား… ရဲ့ လက္ခဏာအတိုင်း တနေ့ တခြား ပြိုလဲ ပျက်စီးနေတာလဲအမှန်ပဲကွ၊ အခု ဆိုရင် တနေ့ တခြား
ပိုလို့ တောင် သိသာ မြင်သာနေသေးတယ်။ ပြည်သူလူထုတရပ်လုံးကလဲ ရွံရှာ စက်ဆုပ် အော့နှလုံးနာနေကြပုံများ… ဘယ်
နေရာ ကြည့် ကြည့် ပါပဲ၊ ရန်သူ ဖေါက်ပြန်ရေးသမားတွေရဲ့  တနေ့ တခြား အခြေမခိုင်မှု ဆုတ်ယုတ်ပျက်ပြိုနေမှုဟာ၊ လက်
ညှိုးနဲ့ ငေါက်ငေါက်ထိုးရင်တောင် ဘုန်းဘုန်းလဲ သွားနိုင်တဲ့ အနေအထား ပဲ။ အင်း - - ဒါပေမဲ့၊ လက်ညှိုးနဲ့ ထိုးမယ့် ကိုယ့်
ကိုယ် ကိုယ် ပြန်ကြည့်လိုက်တော့လဲ၊ တောက်… ကိုယ့်လက်ညှိုးတောင် ကိုယ်မသယ်နိုင်ဘူး ဖြစ်နေတယ်… ကွာ’ တဲ့။
ပြီးတော့ ပြောလိုက်သေးတယ်။ ‘ဒီလို ပြောလို့ ၊ ဒါ… တော်လှန်ရေး အဆိုးမြင်ဝါဒ ပဲလို့ တော့၊ စွဲချက်တော့ မတင်လိုက်နဲ့ အုံး
နော် … တော်တော်ကို မခံချင်စရာ ကောင်းလွန်းလို့ ပြောတာပါ ကွာ’ တဲ့။
ဘာပဲ ပြောပြော ကျနော်ကတော့ အကိုကြီးရဲ့ ရင်ထဲက တကယ့်ခံစားမှုကို နားလည်နေရင်း၊ သူ့ အပေါ် လေးလေးနက်နက်
နားလည်နေမိတယ်။ နက်နက်ရှိုင်းရှိုင်းလဲ ခံစားလိုက်ရပါတယ်။
ဆက်ပြီးတင်ပြပါဦးမည်။
Monday, February 4, 2008
ငွေသောင်ယံ နဲ့ ငွေလွှာသဲသောင်တို့ ပေါ်က ကြယ်တပွင့်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment