Friday, February 22, 2008

ထိုင်းက လူမျိုးစုလက်နက်ကိုင်များကို အားပေးအားမြှောက်လုပ်ဟု မြန်မာစွပ်စွဲ

NEJ/ ၂၁ ဖေဖော်ဝါရီ ၂၀၀၈
ယနေ့နံနက်တွင် (၂၈) ကြိမ်မြောက် ထိုင်း-မြန်မာ နယ်ခြားကော်မတီအစည်းအဝေးကို မြ၀တီမြို့ တွင်ကျင်းပခဲ့ရာ ထိုင်းဘက်က လူမျိုးစုလက်နက် ကိုင်များအား လက်ခံပြီး အားပေးအားမြှောက်ပြု လုပ်နေသည်ဟု မြန်မာကိုယ်စားလှယ်အဖွဲ့က စွပ်စွဲပြောဆိုသည်။

အဆိုပါ စွပ်စွဲချက်နှင့် ပတ်သက်၍ ထိုင်းနယ်ခြား ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး အဖိချက်စေ့စာက “ထိုင်းဘက်ကနေ လက်နက်ကိုင်လူမျိုးစုတွေကို အားပေးအားမြှောက် လက်ခံထားတယ်ဆိုတာ မဟုတ်ပါဘူး။ ထိုင်းနယ်ထဲမှာ ခြေကုပ်ယူမယ့် ဘယ်အဖွဲ့အစည်းကိုမှ ၀င်ရောက်ခွင့် မပြုကြောင်း” ပြန်လည်ပြောကြားသည်။

အစည်းအဝေးတွင် မြန်မာနယ်ခြားကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးမျိုးမြင့်အောင် ဦးဆောင်သည့် ကိုယ် စားလှယ်အဖွဲ့နှင့် ထိုင်းနယ်ခြားကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး အဖိချက်စေ့စာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက် ဆွေးနွေးကြသည်။

မြန်မာဘက်က ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ်တွင် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများသည် ထိုင်းနယ်ကို အခြေပြု၍ မြန်မာဘက်သို့ တိုက်ခိုက်နေမှုနှင့် ထိုင်းနိုင်ငံမှ အဆိုပါအဖွဲ့အား အား ပေးအားမြှောက်ပြုနေသည်ဟု တင်ပြခဲ့သည်။

ထိုင်းဘက်က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအောက်ရှိ ရေလယ်ကျွန်းတွင်ဖြစ်သည့် ဒုစရိုက်မှုများအား မြန်မာဘက်မှ ဖြေရှင်းပေးရန်၊ နယ်စပ်ကူးစက်ရောဂါများနှင့်ပတ်သက်၍ ထိုင်း-မြန်မာ ပူးတွဲဆောင်ရွက်ရန်၊ မြန်မာဘက်မှ လာသည့် ကားများကို အင်္ဂလိပ်အက္ခရာ နံပါတ်ပြား တပ်ဆင်ရန်၊ မူးယစ်ဆေးဝါးနှင့် ဒုစရိုက်မှုများ ပူးပေါင်းနှိမ်နင်းသွားရန် ပြန်လည် တင်ပြခဲ့သည်။

နှစ်ဘက်တင်ပြချက်များအား ညှိနှိုင်းဆွေးနွေးသွားရန် နှစ်နိုင်ငံကိုယ်စားလှယ်များက သဘော တူခဲ့ကြသည်။

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား၏ ၀ဲယာတွင် တရားမ၀င် ခိုးကူးဂိတ် (၃၀) ခန့်ရှိပြီး တံတား၏ မြောက်ဘက်ရှိ ဂိတ်များကို အင်္ဂါနေ့တွင် ထိုင်းအာဏာပိုင်များက ပိတ်လိုက်ပြီး တံတားတောင်ဘက်ရှိ ဂိတ်များကို မြန်မာအာဏာပိုင်များက ယမန်နေ့တွင် ပိတ်လိုက်သည်။

အဆိုပါ ဂိတ်ပိတ်သည့်ကိစ္စနှင့် ပတ်သက်၍ အလွတ်သဘောဆွေးနွေးကြရာတွင် ထိုင်းဘက်မှ ဖြေကြားခြင်း မရှိသော်လည်း မြန်မာဘက်မှ ၎င်းတို့အတွင်းရေးကိစ္စကြောင့်ဟု မြန်မာကိုယ်စား လှယ်က ဖြေကြားခဲ့ကြောင်း ထိုင်းနယ်ခြားကော်မတီ ဥက္ကဋ္ဌက ပြောသည်။ ။

0 comments: