Friday, February 22, 2008

စင်ပြိုင် အစိုးရကို တိုးချဲ့ဖွဲ့ရန် မူအားဖြင့် သဘောတူကြ

မဇ္ဈိမသတင်းဌာန /နေသွင် ဖေဖော်ဝါရီ ၂၁ ရက် ၂၀၀၈ ခုနှစ်

ချင်းမိုင်။ ။ ပြည်ပရောက် အစိုးရအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းရေးကို ပြည်ပရောက် လွှတ်တော် ကိုယ်စားလှယ်များ၏ ယမန်နေ့က ပြီးဆုံးသွားသော ညီလာခံတွင် မူအားဖြင့် သဘောတူခဲ့ကြသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် ဗုဒ္ဓဟူးနေ့က ကျင်းပ ပြီးစီးသွားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသမဂ္ဂ (MPU) အဖွဲ့၏ လေးနှစ်တကြိမ် ညီလာခံတွင် ဒေါက်တာ စိန်ဝင်း ဦးဆောင်သော NCGUB ခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ အဖွဲ့ကို လွှတ်တော်အမတ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ သင့်တော်သော ပုဂ္ဂိုလ်များဖြင့် တိုးချဲ့ ဖွဲ့စည်းရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။ သို့သော် မည်သည့်နေ့ရက် နောက်ဆုံးထား ဖွဲ့စည်းမည်ဟု ဆုံးဖြတ်ထားခြင်း မရှိပေ။

ညီလာခံသို့ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ဝင် (၃၄) ဦးအနက် (၂၄) ဦး တက်ရောက်ပြီး ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက အင်တာနက်မှတဆင့် ဝင်ရောက် ဆွေးနွေးခဲ့သည်။ ဒေါက်တာ စိန်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အကိုတဝမ်းကွဲ ဖြစ်သည်။

စင်ပြိုင်အစိုးရ လက်တွေ့ တိုးချဲ့ ဖွဲ့စည်းရေးအတွက် ပြည်ပအခြေစိုက် တပ်ပေါင်းစုများကို ပြန်လည် ပေါင်းစည်းထားသည့် တပ်ပေါင်းစုကြီး ဖြစ်သည့် ဦးမောင်မောင် ဦးစီးသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)၊ နှင့် နယ်စပ်အခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းများ အကြားတွင်လည်း အကြေအလည် ဆွေးနွေးမှုများ လုပ်ဆောင်သွားမည် ဖြစ်သည်။

NCUB တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ (NLD-LA) ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ သမဂ္ဂ (MPU)၊ လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ ပေါင်းစုထားသည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF)၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် (DAB) တို့ဖြင့် ပြန်လည် ပေါင်းဖွဲ့ထားသည်။

လက်ရှိအချိန်တွင် စင်ပြိုင်အစိုးရကို ဒေါက်တာ စိန်ဝင်း၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဒေါက်တာတင့်ဆွေ၊ ဦးခွန်မားကိုဘမ်းတို့ ၆ ဦးဖြင့်သာ ဖွဲ့စည်းထားသည်။

၁၉၉ဝ၊ ဒီဇင်ဘာမှစ၍ တည်ရှိခဲ့သော NCGUB ကို ပြန်လည် ပြုပြင်ဖွဲ့စည်း အားဖြည့်ရန် ဟူသော အဆိုသည် တိုင်းရင်းသား ခေါင်းဆောင်များ၊ အခြားဒီမိုကရေစီ အကြားတွင် ငြင်းခုံစရာ ဖြစ်နေခဲ့သည်။

မကြာသေးခင်က ပြီးစီးသွားသော NLD-LA ၏ အစည်းအဝေးတွင်လည်း အဝေးရောက် ညွှန့်ပေါင်း အစိုးရကို တိုးချဲ့ ဖွဲ့စည်းရေးအတွက် မူအားဖြင့် သဘောတူခဲ့ကြသော်လည်း မည်သို့မည်ပုံ တိုးချဲ့မည် ဆိုသည့်ကိစ္စကို မဆွေးနွေးရသေးဟု သိရသည်။

NLD-LA အထွေထွေ အတွင်းရေးမှူး ဦးမြင့်စိုးက “ပုံသဏ္ဌာန်ကို ကျနော်တို့ မရွေးရသေးဘူး။ အားလုံးက သဘောတူတယ်လို့ ဆုံးဖြတ်ချက် ကျတဲ့အခါ ပုံသဏ္ဌာန်နဲ့ ပတ်သက်လို့ ဘယ်လို စုစည်းသင့်လဲ၊ ဘယ်လို ဖွဲ့စည်းသင့်တယ် ဆိုတာကို ကျွမ်းကျင်တဲ့ ပညာရှင်တွေဆီက အကူအညီ ယူမယ်။ နောက် တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားကို ယူမယ်။ ပြီးတော့မှ ပေါင်းစပ် ဖွဲ့စည်းမှာပါ” ဟု မဇ္ဈိမကို ပြောခဲ့သည်။

ဆက်လက်၍ “ကျနော်တို့က ကျနော်တို့ လုပ်ငန်းတွေကို အကောင်အထည် ဖော်မယ်။ တွေ့ဆုံ ဆွေးနွေးရေး၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အမြဲတမ်း တောင်းဆိုနေပေမယ့်လည်း သူတို့က လုပ်ချင်ရာ ဇွတ်လုပ်မယ်ဆိုရင် ကျနော်တို့က ကျနော်တို့ရဲ့ မူပေါ်မှာ ဖမ်းချင်ဖမ်း၊ သတ်ချင်သတ် ဆိုပြီး အသေရပ်ရမယ်။ ဒါဟာပြည်တွင်းက စဉ်းစားချက်ပဲ” ဟု သူက ဆက် ပြောသည်၊

ပြည်သူ့လွှတ်ကိုယ်စား လှယ်တဦးဖြစ်သော ခွန်မြင့်ထွန်းက “လောလောဆယ် အခြေအနေမှာ NCGUB က အလုပ်တွေ လုပ်နိုင်တယ်။ ဒါပေမယ့် တိုက်ပွဲ တခုလုံးကို ဦးဆောင်နိုင်တဲ့ အနေအထား ရောက်အောင် တိုက်ပွဲကို ထိထိမိမိ ဦးဆောင်နိုင်တဲ့ အနေအထား ရောက်အောင် ဒီထက်ပိုပြီး ခိုင်မာတဲ့ အင်အားကောင်းကောင်းနဲ့ လုပ်နိုင်တဲ့အစိုးရ ဖြစ်လာအောင် ကျနော်တို့ ကြိုးစားသွားမှာပါ” ဟု ပြောသည်။

ဒီမိုကရေစီ အင်အားစုများကြားတွင် ယခင်ကလည်း ဖက်ဒရယ်အစိုးရ ဖွဲ့စည်းရေး၊ အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းရေးစသော စဉ်းစားချက်များ ရှိခဲ့သော်လည်း လက်တွေ့၌ ဖြစ်နိုင်ခြေနည်းသော “စိတ်ကူးယဉ်မှု” သာ ဖြစ်ခဲ့သည်ဟု NCGUB မှ ဦးခွန်မားကိုဘမ်းက ပြောသည်။

NCGUB စတင် ဖွဲ့စည်းစဉ်က အလုပ်သမားရေးရာ ဝန်ကြီး၊ သစ်တောဝန်ကြီး၊ သတ္တုဝန်ကြီး စသည့် ဝန်ကြီးနေရာများ ထားရှိဖူးသော်လည်း ဘဏ္ဍာရေး အခြေအနေနှင့် လက်တွေ့ အလုပ်ဖြစ်ရေးကို ဦးစားပေးကာ ဝန်ကြီးနေရာများ လျှော့ချခဲ့ရသည်ကို သူက ရည်ညွှန်း ပြောပြသည်။

ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းက ပြည်ပ လှုပ်ရှားမှုများ အားလုံးသည် ပြည်တွင်း လှုပ်ရှားမှုများအပေါ် အားဖြည့်ရေးကိုသာ အဓိက အာရုံစိုက်သင့်သည်ဟု မြင်သည်။

သူက “ပြည်တွင်းက လုပ်ငန်းကို အထောက်အကူ ဖြစ်မယ့်၊ ပြည်တွင်းက လုပ်ငန်းကို ဇောက်ချလုပ်မယ့် အဆောက်အဦတွေ ပြည်တွင်းမှာ တည်ဆောက်ဖို့က အရေးကြီးတယ်။ ကျန်တဲ့ လုပ်ငန်းအားလုံးဟာ အဲဒီကိုပဲ ဦးတည်ပြီးတော့ လုပ်ကြရမှာ ဖြစ်တယ်” ဟု ပြောသည်။

သို့သော် နောက်ထပ် ပြည်ပအခြေစိုက် တပ်ပေါင်းစုတရပ် ပေါ်ပေါက်လာလျှင်လည်း လက်ရှိ တပ်ပေါင်းစုများနှင့် ထူးခြားပါ့မလား ဟူသော မေးခွန်း ထုတ်မှုများလည်း ဒီမိုကရေစီ အင်အားစုများ အကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေဆဲ ဖြစ်သည်။

0 comments: