Wednesday, February 20, 2008

မြန်မာနိုင်ငံတွင် အပြောင်းအလဲအတွက် အတိုက်အခံများကို လွှတ်ပေးရန်အရေးကြီးဟု ဥရောပသမဂ္ဂ ပြောကြား

NEJ/ ၁၉ ဖေဖော်ဝါရီ ၂၀၀၈

မြန်မာစစ်အစိုးရအနေဖြင့် အရပ်သားအစိုးရအဖြစ် အသွင်ကူးပြောင်းမှုကို အလေးအနက် ထားသည့်အနေဖြင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးသင့်ကြောင်း ဥရောပသမဂ္ဂအဖွဲ့ (အီးယူ)က ပြောကြားသည်။

နအဖစစ်ဗိုလ်ချုပ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အပေါ် ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ် ပြုလုပ်မည်ဆိုသည့် ဖေဖော်ဝါရီ (၉) ရက် ကြေညာချက်ကို လက်ခံသော်လည်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးများ တိုးတက်မှုမရှိပါက စီးပွားရေးအရ ပိတ်ဆို့အရေးယူများ ပိုမိုတင်းကျပ် လာနိုင်သည်ဟုလည်း အီးယူနိုင်ငံခြားရေးဝန်ကြီးများက ယမန်နေ့တွင် သတိပေး ပြောကြား ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သည့်နှစ်က သံဃာတော်များ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်ကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းမှုများ ပြုလုပ်ခဲ့၍ အီးယူက စစ်အစိုးရအပေါ်တွင် တားဆီးပိတ်ဆို့မှုများ တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာခဲ့သည်။

ကုမ္ပဏီပေါင်း (၁,၂၀၇) ခုကို ပစ်မှတ်ထားကာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုများကိုလည်း တိုးချဲ့လာခဲ့ကာ မြန်မာစစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများကိုလည်း ပိတ်ဆို့ခဲ့သည်။

စစ်အစိုးရ ကြေညာသော အစီအစဉ်များကို ကြိုဆိုသော်လည်း မျှော်လင့်ထားသည့် အချက်များ အားလုံး ပြည့်စုံခြင်းမရှိသေးဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ၏ ပြောကြားချက်ကိုလည်း အီးယူ ပြင်ပဆက်ဆံရေး ကော်မရှင်နာ ဘင်နီတာ ဖာရီရို ၀ယ်လ်ဒ်နာက ထောက်ခံသည်။

“ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတာတွေက ပန်းတိုင်ဆီသွားတဲ့ ခြေလှမ်းတွေလား ဆိုတာကို ကျနော်တို့ကြည့်ချင်သေးတယ်။ သူတို့အနေနဲ့ ရှင်ရှင်းလင်းလင်း ဖြစ်ဖို့တော့ လိုတယ်။ နိုင်ငံရေးပါတီတွေ ပါဝင်မှုဟာလည်း ရှင်းရှင်းလင်းလင်းဖြစ်ဖို့လိုတယ်၊ ရွေးကောက်ပွဲ ဥပဒေနဲ့ညီဖို့လိုတယ်၊ လွတ်လပ်ပြီး မျှတမှုရှိတဲ့ ရွေးကောက်ပွဲလည်းဖြစ်ရမယ်” ဟု ဘင်နီတာက ဘရပ်ဆဲလ်စ်တွင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးပွဲအပြီး၌ သတင်းထောက်များကို ပြောကြားသည်။

အမျိုးသားပြန်လည်ပေါင်းစည်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အတိုက်အခံအုပ်စုများ၊ တိုင်းရင်းသား အဖွဲ့အစည်းများအားလုံး ပါဝင်ရေးသည် အလွန်အရေးပါသည့်အတွက် နိုင်ငံရေးအရ ပိုမိုဆွေးနွေးသွားရန်အတွက်လည်း အီးယူက ထည့်သွင်းတိုက်တွန်းထားသည်။

“အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးဟာ အဓိက အခြေခံ အကြောင်းတရားတခုအဖြစ် လိုအပ်နေတာ အမှန်ပါပဲ” ဟု ဘင်နီတာက ဆိုသည်။ စစ်အစိုးရ အနေဖြင့် အတိုက်အခံများကို ယှဉ်ပြိုင်အရွေးခံခွင့်ပေးပြီး အာဏာလွှဲပြောင်းပေးအပ်မည်ဆို သည်ကို အတိုက်အခံအဖွဲ့များနှင့် အနောက်နိုင်ငံအချို့က ယုံကြည်မှု မရှိပေ။

အီးယူနိုင်ငံခြားရေးဝန်ကြီးများက မစ္စတာဂမ်ဘာရီနှင့် လူ့အခွင့်အရေး အထူးသံတမန် မစ္စတာ ပီညဲရိုးတို့အား ပြည်ဝင်ခွင့်ပေးရန်လည်း တောင်းဆိုထားပြီး ဂမ်ဘာရီအနေနှင့် ဧပြီလမတိုင်မီ မြန်မာနိုင်ငံသို့ ၀င်ခွင့်ရပြီး စစ်အစိုးရနှင့် အပြည့်အ၀ပူးပေါင်းလုပ်ဆောင်နိုင်ရေးသည် အလွန် အရေးကြီးကြောင်း အီးယူ ပြင်ပဆက်ဆံရေး ကော်မရှင်နာ ဘင်နီတာက ပြောကြားသည်။

0 comments: