Wednesday, February 20, 2008

လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ် ဥပဒေနှင့်မညီညွတ်ဟု အန်အယ်လ်ဒီ ကြေညာ

ပီတာအောင်/ ၁၉ ဖေဖော်ဝါရီ ၂၀၀၈

နအဖစစ်အစိုးရကကျင်းပရန် စီစဉ်နေသည့် လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ်တို့သည်
စစ်အစိုးရကိုယ်တိုင် ထုတ်ပြန်ထားသည့် ကြေညာချက်ဥပဒေများနှင့် ကိုက်ညီမှုမရှိဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ကြေညာသည်။

နအဖစစ်အစိုးရက အခြေခံဥပဒေသစ် ဆန္ဒခံယူပွဲကို လာမည့်မေလတွင် ကျင်းပ၍ ၂၀၁၀ ပြည့်နှစ်၌ ရွေးကောက်ပွဲသစ် ပြုလုပ်မည်ဟု ယခုလဆန်းတွင် ကြေညာခဲ့သည့်အပေါ် အန်အယ်လ်ဒီ က ယမန်နေ့တွင် အထူးကြေညာချက်ထုတ်ပြန်၍ ဝေဖန်လိုက်ခြင်းဖြစ်သည်။

လူထုဆန္ဒခံယူပွဲ ပြုလုပ်မည့် စစ်အစိုးရ၏ အခြေခံဥပဒေမူကြမ်းသည် လွှတ်တော်ကိုယ်စားလှယ် များက ရေးဆွဲထားခြင်းမဟုတ်သဖြင့် န၀တ စစ်အစိုးရလက်ထက်က ကြေညာထားသော ၁၉၉၀ ရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက အခြေခံဥပဒေရေးဆွဲရန် တာဝန်ရှိဆိုသည့်အချက်နှင့် ကွဲလွဲနေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ဖြစ်ခြင်း လုံးဝမရှိသေးဘဲ ရွေးကောက်ပွဲသစ် ကျင်းပပေးမည်ဟု ကြေညာခြင်းသည်လည်း ဥပဒေနှင့် မကိုက်ညီကြောင်း အန်အယ်လ်ဒီက ထောက်ပြသည်။

အန်အယ်လ်ဒီ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က “ဆန္ဒခံယူပွဲလုပ်ဖို့ဆိုရင် အခုအချိန်
အထိ မူကြမ်းလည်း မထုတ်ပြန်သေးဘူး။ ဘယ်နည်းဘယ်ပုံ အတည်ပြုမယ်ဆိုတဲ့ ဥပဒေလည်း ပြဋ္ဌာန်းပေးထားခြင်းမရှိဘူး။ ဒီမူကြမ်းကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ရေးဆွဲထားတဲ့ ဥပဒေလည်းမဟုတ်ဘူး။ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က ပြောကြားချက်အရ ပြည်သူ့ကိုယ်စားလှယ် မဟုတ်ရင် အခြေခံဥပဒေ မရေးဆွဲနိုင်ဘူး၊ ရေးဆွဲရင် တရားခံဖြစ်မယ်ဆိုတဲ့ အပိုဒ်တွေကို သမိုင်းရေးရာ အထောက်အထားတွေကို ပြပြီးတော့ အဖွဲ့ချုပ်ရဲ့ သဘော ထားက ပြည်သူ့ဆန္ဒခံယူပွဲအတွက် မဖြစ်နိုင်သေးဘူးဆိုတဲ့ အချက်တွေကို တင်ပြလိုက်တာပါ။ ဥပဒေနဲ့မကိုက်ဘူးဆိုရင် တရားဝင်မှုနဲ့ပတ်သက်ပြီး စိန်ခေါ်ခံရမှာဖြစ်ပါတယ်” ဟု ပြောသည်။

အခြေခံဥပဒေသည် နိုင်ငံသားအားလုံး၏ သေရေးရှင်ရေး ပြဿနာဖြစ်သည့်အတွက် ပြည်သူ လူထုအနေဖြင့် အခြေခံဥပဒေအပေါ် ၎င်းတို့၏အမြင်များ လွတ်လပ်စွာထုတ်ဖော်ခွင့် ပြောဆိုခွင့်၊ ဆန္ဒသဘောထားများ စုဝေးဖော်ပြခွင့်များ ရရှိရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုအခွင့်အရေးများရရှိရန် စစ်အစိုးရအနေဖြင့် အမျိုးသားညီလာခံကို နှောင့်ယှက်ဟန့်တားမှုမှ ကာကွယ်သည့် ဥပဒေ အမှတ် ၅/၉၆ ကို ပြန်ရုပ်သိမ်းပေးရန် လိုအပ်ကြောင်း၊ ထိုဥပဒေ အတည် ဖြစ်နေသမျှကာလပတ်လုံး လွတ်လပ်ပြီးတရားမျှတသည့် ပြည်သူ့ဆန္ဒခံယူပွဲ လုံးဝမဖြစ်နိုင် ကြောင်း အန်အယ်လ်ဒီက ပြောသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာပိုင်တို့အကြား စကားပြောဆို နေသည့် အဆင့်မှသည် နိုင်ငံရေး အဓိပ္ပာယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးပွဲပေါ်ပေါက်လာပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာ အဖြေရှာနိုင်ရန် ဆက်လက်ရပ်တည် လုပ်ဆောင်သွား မည်ဟု ဦးသိန်းညွန့်က ပြောသည်။

အန်အယ်လ်ဒီ၏ ကြေညာချက်ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကြိုဆိုကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်ပြီး ပြည်သူလူထုက လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားသည့် လွှတ်တော် ကိုယ်စားလှယ်များ မပါဝင်ပဲ ရေးဆွဲချပြလာမည့် အခြေခံဥပဒေမူကြမ်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်သွားကြရန် ပြည်သူတို့အား တိုက်တွန်းလိုက်သည်။

0 comments: