စိုးနေလင်း
မိုးတွင်းပေမယ့်မိုးသားတိမ်လိပ်ကင်းစင်နေတဲ့ကောင်းကင်ပြင်ဟာအပြာရောင်ရင့်ရင့်နဲ့တခုခု လေးနက်နေသလိုပဲ။
နေ၀င်သွားပေမယ့်အမှောင်ဓာတ်ကရုတ်တရက်လှမ်းမလာသေးဘူး။ဒါပေမယ့်ခေတ်မှီမြို့ပြရဲ့
လျှပ်စစ်မီးအလင်းရောင်ပြိုးပြိုးပြက်ပြက်ကိုစပြီးမြင်နေရပြီ။ခပ်လှမ်းလှမ်းကကောင်းကင်အောက်မှာ
မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေး အေရီယယ်တိုင်လေးတွေကလည်း တလက်လက်နဲ့ သူတို့အလုပ် သူတို့လုပ်နေကြတယ်။
အချိန်မရွေး ဆက်သွယ်ပါလို့ လှမ်းပြီးမျက်စပစ်နေကြလေရဲ့။
ညနေခင်းလေပြေလေညှင်းက တချက်တချက်ဝေ့ကနဲဝေ့ကနဲတိုက်နေတယ်။ဒွန်မောင်းလေဆိပ်ဖက်ကမကြာမကြာတက်လာနေတဲ့
လေယာဉ်ပျံတွေကိုအချက်ပြမီးရောင်တလက်လက်နဲ့တွေနေရတယ်။အသံကတော့သိပ်မကျယ်လှပါဘူး။
အရင်တုန်းကလို ငါးမိနစ် ဆယ်မိနစ်ခြား တစီးတိုက်ခန်း ပေါ်က ဖြတ်ဖြတ်ပျံနေကြတဲ့ လေယာဉ်ပျံကြီးတွေရဲ့ဆူညံမြည်ဟိန်းတဲ့အသံကြီးတွေကိုမကြားရတော့တဲ့အတွက်ဆူဗာနဗွန်လို့ခေါ်တဲ့
လေဆိပ်အသစ်ကြီးကိုကျေးဇူးတင်ရပေလိမ့်မယ်။အသံတွေဟာသိပ်ဆူညံလွန်းနေ
တော့လည်း အနှောက်အယှက်ဖြစ်ရပြန်တယ်။ အိပ်တန်းဝင်တော့မယ့် ချိုးငှက်နှစ်ကောင်က ခပ်လှမ်းလှမ်းက သစ်ပင်ထိပ်မှာလာနားရင်း ဆည်းဆာရည်ကို နှုတ်ခွန်းဆက်သနေကြပုံရရဲ့။ “အိပ်မက်လှလှမက်ကြပါစေ ချိုးငှက်ကလေးတွေရေ” မိုးလင်းမိုးချုပ် ကျေးငှက်ကလေးတွေရဲ့ အော်မြည်သံကိုအချိန်မရွေးကြားရနိုင်တဲ့ နေရာတခုမှာ ခဏတာခိုနားခွင့်ရထားတာဟာလည်း နည်းတဲ့ကံကြမ္မာမှ မဟုတ်ပဲလေ။အဲဒီလိုတွေးမိပြန်တော့လည်း စိတ်ထဲ မှာ အတော်အတန် ကျေနပ်ကြည်နူးသွားမိတယ်။
ခပ်လှမ်းလှမ်းပန်းရုံဘေးမှာဝပ်နေကြတဲ့ယုန်ကလေးနှစ်ကောင်ရုတ်တရက်ထပြေးသွားကြတယ်။
သုတ်ကနဲလေဝှေ့မှာ ပါလာတဲ့ မိုးစက်တွေကြောင့်ပဲထင်ပါရဲ့။ မိုးပွားကလေးတွေ ကျလာပြီ။ ဘန်ကောက်မှာတော့ မိုးရွာ တာဟာ ၀မ်းသာစရာတမျိုးပဲ အနည်းဆုံးတော့ အပူချိန်အတော်အတန် လျှော့ကျသွားနိုင်တယ်မဟုတ်လား။ တီဗွီရီမုကို တချက်အနှိပ်လိုက်မှာ TITVလိုင်းကသတင်းကြေငြာနေတာပေါ်လာတယ်။အော်…သူတို့ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမူကြမ်းကို
လူထုဆန္ဒခံယူပွဲလုပ်နေကြပြီပဲ။
မင်းသားမင်းသမီးတွေအဆိုတော်တွေမဲဆန္ဒလာပေးနေကြတာကိုပြနေတယ်။အားလုံးပြုံးပြုံးရွှင်ရွှင်နဲ့
ထောက်ခံမဲ
ပေးနေကြပုံပဲ သတင်းတကွက်အကူးမှာအနီရောင်တီရှပ်တွေဆင်တူဝတ်ထားကြတဲ့သူတွေအုပ်စုလိုက်လက်တွေမြောက်ပြီး
ရယ်နေကြတယ်။တီရှပ်ကစာသားကိုကောင်းကောင်းဖတ်လို့ရလိုက်တယ်။ We Vote No ဆိုပါလား။ မူကြမ်းရေးဆွဲရေးကော်မတီက ရေးဆွဲလိုက်တာဆို ပေမယ့်စစ်တပ်ကအာဏာသိမ်းပြီးရေးဆွဲခိုင်းတဲ့ အခြေခံဥပဒေဟာ တရားမ၀င်ဘူး။ဒီမိုကရေစီမပြည့်ဝဘူးဆိုပြီးမထောက်ခံတဲ့သူတွေလည်းအများကြီးရှိနေကြတာပဲ။ ဒီမိုကရေစီကို လေးစားတန်ဘိုးထားတဲ့သူတွေ ရှင်သန်အားကောင်းကြပါစေ…။
မြင်ကွင်းထဲမှာ စုတ် ပြတ်လောင်ကျွမ်းနေတဲ့ မော်တော်ဆိုင်ကယ်တွေနဲ့ လမ်းမပေါ်မှာ ဖယိုဖရဲလဲကျသေဆုံးနေတဲ့သူတချို့။ လက်နက်အပြည့်အစုံနဲ့ စစ်သား တချို့။ ဖိုရင်းဆစ် (Forensic) ရဲတချို့အလုပ်ရှုပ်နေကြတယ်။ဒါဟာနာရာတီဝပ်၊ ပါတာနီ၊ ဒါမှမဟုတ် ယာလာဆိုတဲ့ တောင်ပိုင်းခရိုင် တခုခုမှာ ဗုံးခွဲသတ်ဖြတ်တာ ဒါမှမဟုတ် ခြုံခိုတိုက်ခိုက်တဲ့ သတင်းပဲဖြစ်မယ်။ပြင်းထန်ပြီး မှားယွင်းတဲ့ ယုံကြည်မှုတွေဟာ လူသားတွေကို ဒုက္ခအကြီးအကျယ် ပေးခဲ့ဘူးလှပြီပဲ။ သမိုင်းစာမျက်နှာတွေပေါ်က သင်ခန်းစာတွေကို အသိဥာဏ်ကြီးပါတယ်ဆိုတဲ့ လူသားတွေဘာလို့ မယူချင်ကြသေးတာလဲ။ ဒါမှမဟုတ် သင်ခန်းစာယူရကောင်းမှန်း မသိအောင်ကို မိုက်မဲကြတာပဲလား။ ကိုယ့်နိုင်ငံအကြောင်း ပြန်စဉ်းစား လိုက်မိတော့မှ တို့ဆီကဗုဒ္ဓဘာသာဝင်ဆိုတဲ့ စစ်ဗိုလ်ချုပ်တွေက ပိုပြီးယုတ်မာမိုက်မဲနေကြတာပဲ။ ဘုရားသားတော်တွေဖြစ်တဲ့ သံဃာ တော်တွေကိုတောင် ရက်ရက်စက်စက် ရိုက်နှက်ပစ်ခတ်သတ်ဖြတ်ပစ်ခဲ့ကြပြီပဲ။ ဘာမှထူးပြီး အံ့သြတုန်လှုပ်စရာ မရှိတော့ပါဘူး။ ရ၀မ်ဒါ မှာ၊ အီသီယိုးပီးယားမှာ၊ ဆူဒန်ဒါဖါးမှာ၊ အီရတ်မှာ၊ ပါလက်စတိုင်းမှာ
အို … ၀မ်းနည်းကြေကွဲစရာသင်ခန်းစာတွေ အနမတ္တ။
အနိဌာရုံမြင်ကွင်းတွေရက်စက်မှုတွေကိုစက်ဆုပ်ရွံရှာနေတဲ့စိတ်ကလက်ကတီဗွီရီမုကို
အလိုလိုပြောင်းခိုင်းလိုက်သလိုပဲ။
ထိုင်းတက္ကသိုလ်မှာဘွဲ့နှင်းသဘင်ကျင်းပနေတယ်။မင်းသမီးတပါးက ဘွဲ့လက်မှတ်တွေချီးမြှင့်ပေးနေလေရဲ့။ဘာသံမှမကြားရ။တယောက်ပြီးတယောက်လျှောက်လာ၊
ဒူးလေးညွှတ်ပြီး
အရိုအသေပြု၊လက်ကလေးတဖက်ထိုးပေးဘွဲ့လက်မှတ်ယူပြီးဆင်းသွား ခဏအတွင်းမှာဘွဲ့ယူသူတွေအများကြီးကိုဘွဲ့လက်မှတ်ချီးမြှင့်ပြီးဖြစ်သွားတယ်။ဘာမှဇာချဲ့မနေကြဘူး။
လုပ်ရိုးလုပ်စဉ်နိစဓူဝအလုပ်တခုလုပ်နေသလိုပဲ။ဘာမှကြီးကြီးကျယ်ကျယ်ပြောမနေသလိုဘာမှ
လည်းဇာချဲ့နေတာ
မတွေ့ရဘူး။ဒါတောင်စဉ်းမျဉ်းခံဘုရင်စနစ်နဲ့ဒီမိုကရေစီဖွံ့ဖြိုးစနိုင်ငံ၊ဒီမိုကရေစီဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာဆို ဘယ်လောက်လွတ်လပ် သက်သောင့်သက်သာ ရှိလိုက်လေမလဲ။ကောင်းလေစ…။
လေလုံးထွားစကားကြီးစကားကျယ်ပြောဟိတ်ဟန်ထုတ်မဟုတ်တာလုပ်နဲ့အလုပ်ရှုပ်နေကြတဲ့
မြန်မာနိုင်ငံက
ဘုရင်ရူးစစ်ဗိုလ်ချုပ်တွေ။ကိုယ်ကျိုးရှာဖော်လံဖားတွေရဲ့အပြောနဲ့အလုပ်တွေကို ပိုလို့ပိုလို့စက်ဆုပ်ရွံရှာလာမိတယ်။တော်ပါသေးရဲ့MWDနဲ့MRTVဆိုအတော်ဒေါသထွက်နေရပြီ။
ပြည်သူတွေကို
အလိမ်အညာလုပ်ဇာတ်နဲ့သတင်းလိမ်တွေကိုလွှင့်ထုတ်လှည့်စားလာခဲ့တာကြာပေါ့၊ တခြားကြည့်စရာတီဗွီလိုင်းကလည်းမရှိ၊တခြားအပမ်းဖြေစရာကလည်းမရှိရှာကြသူပြည်သူလူထုခမျာ
ကိုယ့်ပိုက်ဆံနဲ့
ကိုယ်စိတ်ဆင်းရဲခံကြရရှာတယ်။ကိုယ့်အမျိုးသား ကိုယ့်လူမျိုးနဲ့ပါတ်သက်ပြီးနာနာကျည်းကျည်းခါးခါးသည်းသည်းခံစားလာရတာကြာပြီ။
ဒီလောက်အတွေးအခေါ်ဖောက်ပြန်ညံ့ဖျင်းယုတ်ကန်ပြီးလူမဆန်အောင်ဆိုးသွမ်းနေတဲ့သူတွေ
ကိုယ့်လူမျိုးကိုယ့်အမျိုသား
ထဲမှာရှိနေတာတိုင်းပြည်ကိုဗိုလ်လုပ်အုပ်ချုပ်ခွင့်ရနေသေးတာကိုက ခံပြင်းဒေါသဖြစ်စရာ၊အလိုမကျစရာဖြစ်လို့နေတော့တယ်။ရာစုနှစ်တ၀က်ကိုတောင်ဖြတ်သန်းခံစား
လာခဲ့ကြရပြီ၊
ပြည်သူလူထုလူများစုကြီးကဆင်းရဲဒုက္ခအမှောင်တွင်းနက်ကြီးထဲမှာ ဝေဒနာမျိုးစုံကိုတလူးလူးတလွန့်လွန့်ခံစားအော်ဟစ်နေကြတဲ့အချိန်မှာလက်တဆုပ်စာစစ်အာဏာရှင်
လူနည်းစုနဲ့
ဆွေမျိုးသားချင်းတွေ ပြည်သူ့သစ္စာဖောက် အခွင့်အရေးသမား လူစုက ပြည်သူတွေရဲ့ပိုင်ဆိုင်တဲ့ အဖိုးတန်သယံဇာတ ပစ္စည်းတွေကို မောင်ပိုင်စီး အလွဲသုံးစား ကိုယ်ကျိုးရှာစည်းစိမ်ခံစား မာန်တက်နေကြလေရဲ့။ အရှက်မဲ့လိုက်ကြပလေ။
“ဖြောင့်မတ်သောသူတို့သည် အခွင့်ရသောအခါ
ပြည်သူပြည်သားတို့သည် ၀မ်းမြောက်တတ်ကြ၏။
မတရားသော သူတို့သည် အုပ်စိုးသောအခါမူကား
ပြည်သူပြည်သားတို့သည် ၀မ်းနည်းတတ်ကြ၏”
(သုတ္တံကျမ်း ၂၉း ၂)
ပြည်သူတွေဝမ်းပမ်းတနည်းခဲလေသမျှသဲရေကျဖြစ်ရတဲ့အကြိမ်လည်းမနည်းလှတော့။မတရားသော
သူတို့အုပ်စိုးခွင့်
အကြိမ်ကြိမ်ရခဲ့ကြ၊ရနေကြဆဲ၊ပြည်သူပြည်သားတို့စိတ်နှလုံးလည်းကြေ
ပြုန်းဝမ်းနည်းနေကြရဆဲသဲထဲရေသွန်အဖြစ်ထက်သဲနွံတွင်းနက်ထဲကျွံနစ်လှုပ်ရုန်းထမရ၊
နစ်မြှုပ်သွားကြရတော့မှာလား၊အဲဒီလိုတွေးလိုက်ပြီဆိုကတည်းကကိုယ့်ကိုယ်ကို၏စိတ်တိုင်းမကျ
စက်ဆုတ်စိတ်ပျက်လှပြီ။ ရေဒီယိုအသံလှိုင်းတွေကမြန်မာနိုင်ငံရေးရဲ့လိပ်ခဲတင်းတင်းရှေ့မတိုးနောက်ဆုတ်အဖြစ်တွေရဲ့
ထူးမခြားနားဖြစ်စဉ်တွေကို
ပြောပြနေပြန်ပြီ။အားတက်ဝမ်းသာရမဲ့သံစဉ်တွေ စကားလုံးတွေ ရှားပါးလှတယ်။ တလင်းတခုထဲမှာ စပါးအနယ်ခိုင်းခံနေရတဲ့ နွားတွေရဲ့ဘ၀မျိုးဖြစ်နေကြပြီလား။
ကြိမ်အတို့ခံပြီးတလင်းကွင်းကိုတပတ်ပြီးတပတ်လှည့်ပတ်နေရပေမယ့်ကိုယ်နယ်နေရတဲ့စပါးကို
စားခွင့်မရ၊ပါးစပ်မှာခြင်း
စွပ်ခံရ၊ မြင်သာမြင်ရမစားရ၊ဒီလိုနဲ့မိုးကြီးချုပ်ခဲ့ရ၊ဓားပြမှန်းသိခဲ့ကြတာလည်းကြာပြီပဲ။သဲသဲကွဲကွဲမြင်လိုက်ကြရတဲ့
မင်းသား
ခေါင်းဆောင်းအောက်က ဘီလူးမျက်နှာကို ဘယ်နှစ်ကြိမ်ထပ်ကြည့်စရာ လိုပါဦးမလဲ။
အနောက်ဖက်တံခါးကတိုးရှဲဝင်ရောက်လာတဲ့လေနုအေးတစဝေ့၀ဲသွားလို့ကိုယ်ရောစိတ်ပါလန်းဆန်း
သွားသလိုပဲ၊
ညပိုင်းရောက်လာပေမဲ့ အခန်းရဲ့အပူချိန်ကသိပ်မကျချင်သေးဘူးအကြိမ်ကြိမ်ကြည့်ရှုခဲ့ရပြီးဖြစ်ပေမဲ့အမေရိကန်က
မက္ကဆီကန်အမေရိကန်
ကျောင်းသား ကျောင်းသူလေးတွေရဲ့လူ့အခွင့်အရေးတန်းတူညီမျှရေး၊ပညာရေးတန်းတူညီမျှရေး ဆန္ဒပြသပိတ်တိုက်ပွဲအကြောင်း ၁၉၈၆ ခုနှစ်လောက်ကတကယ့်အဖြစ်အပျက်ကိုအခြေခံရိုက်ပြထားတဲ့“WalkOut”ဆိုတဲ့ရုပ်ရှင်ကားကလေး
ကိုကြည့်လို့ကို
အားမရနိုင်ခဲ့ဘူး။
HBO ကခဏခဏ ပြန်ပြ ခဲ့သလို ကြည့်ခွင့်ရတိုင်းလည်း ရင်ခုန်အားရ ကြက်သီးမွေးညှင်းထခဲ့ရတယ်။ မနက် ၉ နာရီထိုးတာနဲ့ စာသင်ခန်းထဲကကျောင်းသားကျောင်းသူတွေက“WalkOut”“WalkOut”လို့တတွတ်တွတ်
အော်ဟစ်ရင်းကျောင်း
စာသင်ခန်းတွေကထွက်ပြီး သပိတ်မှောက် ဆန္ဒပြတိုက်ပွဲဝင်ကြပုံကို ကြည့်ရင်းသူတို့ကို ရုပ်ရှင်တခုမှာ သရုပ်ဆောင်နေကြတာပဲလိုက မမြင်တော့ပဲ တကယ့်တိုက်ပွဲဝင်နေကြတဲ့ ကျောင်းသား ကျောင်းသူတွေလို့ မြင်ယောင်လာတယ်။
အတိတ်က ကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့ရတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲသပိတ်တွေရဲ့ပုံရိပ်ဟာ တဖျတ်ဖျတ်ပြန်ပြီး ထင်ဟပ်လာသလိုပဲ ရင်ထဲမှာတဆက်ဆက်တုန်ခါခုန်လှုပ်လာတယ်။ကျောင်းသားကျောင်းသူလေးတဦးစီတ
ယောက်စီရဲ့ရင်ထဲကအမှန်တရားနဲ့တရားမျှတမှုကိုချစ်မြတ်နိုးစိတ်မတရားမှုကိုခေါင်းငုံ့အညံ့မခံတတ်ပဲ ခုခံကာကွယ်တွန်း လှန်တိုက်ဖျက်လိုစိတ်တွေဟာ တစုတစည်းတည်း ပေါင်းစုမိသွားတဲ့အခါ မတရားတဲ့ မမှန်ကန်တဲ့ဥပဒေတွေဟာ ကျောင်းသား ကျောင်း သူတွေရဲ့ ခြေဖနောင့်တွေအောက်မှာ မှုန့်မှုန့်ကြေသွားခဲ့ရတယ်။ အလေးပြုလိုက်ပါတယ်… ချီကာနို တီဗီဖန်သားပြင်ပေါ်ကလမ်းတွေဟာမြင်ကွင်းမှာဝေေ၀၀ါးဖြစ်လာနေတယ်။ဗဟန်းကြားတောရလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ရွှေဂုံတိုင်လမ်း၊ အလံပြဘုရားလမ်း၊ ဆူးလေ ဘုရားလမ်း၊ဗိုလ်တထောင်ဘုရားလမ်း၊
အို…ရန်ကုန်မြို့ကလမ်းတွေ၊ ရန်ကုန်မြို့ကလမ်းတွေ။ ကြည့်လိုက်စမ်းပါအုံးတော့…ကျောင်းစာသင်ခန်းတွေ၊ဘုန်းကြီးကျောင်းတွေ၊လူနေအိမ်တွေ တိုက်ခန်းတွေကနေ အလှိုအလှို ကလေး၊ လူလတ်၊ လူကြီးတွေ အဆက်မပြတ် ထွက်လာနေကြပြီး “Walk Out” “Walk Out” “Walk Out” အဆက်မပြတ်အော်ဟစ်သံတွေ … ဟာမဟုတ်ဘူး မဟုတ်သေးပါဘူး …
“စစ်အာဏာရှင်အစိုးရ ကျဆုံးပါစေ”
“သန်းရွှေအလိုမရှိ”
“ဒေါ်အောင်ဆန်းစုကြည်ချက်ချင်းလွှတ်ပေး”
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”
“ဒီမိုကရေစီချက်ချင်းပေး”
“စစ်အာဏာရှင်စနစ်အလိုမရှိ”
“သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊ သိန်းစိန် ကျဆုံးပါစေ”
“Walk Out” “Walk Out” “Walk Out”...။
Sunday, January 20, 2008
စကားလုံးမဲ့တဲ့သစ်ပင်
Posted by nanda at 2:13 PM
Labels: အက်ဆေး/၀တ္ထုတို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment