ရဲဘော်ဖိုးသံချောင်း
ကျနော်တို့တတွေအသလွတ် ဘ၀င်ကိုင်နေတာမဟုတ်ပါ။ ဒါပေမဲ့မှန်တာကိုတော့ ပြောရပါမယ်။ အထူးသဖြင့် အခုလိုအခါမှာပြောရပါမယ်။ အဲဒါက တခြားမဟုတ်ပါ၊ ဗမာပြည်သူတွေဟာကိုယ့်အစွမ်းနဲ့ကိုယ်၊ ဘယ်သူ့ကိုမှအားမကိုးပဲ
တိုက်ပွဲသဏ္ဌာန်မျိုးစုံဆင်နွှဲပြီး၊ နယ်ချဲ့နှစ်မျိုးကို တွန်းလှန်ပြီး လွတ်လပ်ရေး ရခဲ့တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ကမ္ဘာစစ်တွေဟာ ကမ္ဘာ့အခင်းအကျင်းအပြောင်းအလဲတွေကို ဖြစ်စေတတ်တယ်ဆိုတဲ့အတိုင်း နေမ၀င်အင်ပါယာသခင် အင်္ဂလိပ်နယ်ချဲ့သမားဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးတာနဲ့ သူ့ကိုလိုနီတွေကို သူမထိန်းနိုင်တော့ပဲဖြစ်လာပါတယ်။ သူ့မှာစစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ ဘာအင်အားမှ မလုံလောက်တော့ ဘူး။
ဒီအချိန်မှာ ကိုလိုနီနိုင်ငံတွေကလည်း ဘယ်တုန်းကမှနဲ့မတူအောင် နိုးကြားလာကြပြီး လွတ်လပ်ရေးတိုက်ပွဲတွေကို ပြတ်ပြတ်သားသားဆင်လာကြပါတယ်။ ရှင်ကြီးဝမ်းလည်းဝင်ဖူး၊ ရှင်ငယ်ဝမ်းလည်းဝင်ဖူးဆိုသလို နယ်ချဲ့သမားနှစ်မျိုးစလုံးနဲ့ နီးနီးကပ်ကပ်နေလိုက်ရတဲ့ ဗမာပြည်သားများနဲ့ ဗမာပြည်ကနိုင်ငံရေးသမား များဟာ အဲဒီတုန်းက နိုင်ငံတကာအခြေအနေကို အသေအချာဆုပ်ကိုင်မိပြီး လုံးဝလွတ်လပ်ရေးကနေ တပြားဖိုးမှမလျော့တဲ့ လွတ်လပ်ရေးရဖို့အတွက် တိုက်ပွဲဝင် ခဲ့ကြတာ စစ်ကြီးပြီးလို့ သုံးနှစ်တောင်မကြာလိုက်ပဲ လွတ်လပ်ရေးရခဲ့ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးနဲ့ ပြည်တွင်းစစ် အမြွာညီနောင်လို မွေးဖွားပေါ်ပေါက်ခဲ့တဲ့ ဒီနိုင်ငံမှာ အာဏာရဖဆပလအစိုးရရဲ့ အတွင်းပိုင်းမညီညွတ်မှု၊ ဂိုဏ်း ဂနစိတ်ပြင်းထန်မှု၊ အာဏာမက်မောမှုတို့ကြောင့် စစ်တပ်ရဲ့ထိပ်ပိုင်းကို စစ်တပ်ရဲ့နယ်ပယ်လွန်ပြီး နိုင်ငံတော်အုပ်ချုပ်ရေးအာဏာထဲ ဆွဲသွင်းလာကြပါတယ်။ ဒါဟာဗိုလ်နေ၀င်းတို့လို စစ်တပ်ထိပ်သီးတတွေကို ဖိုးကျိုင်းတုတ်ဖြစ်စေယုံမက အရူးအမဲသား ကျွေးလိုက်သလိုပါ ဖြစ်သွားခဲ့ပါတယ်။
အခုတော့ ဒီကုလားအုပ်ကိုမောင်းထုတ်လို့ မရတော့ဘူးဖြစ်နေပါပြီ။ ကုပ်နဲ့ကော်ထုတ်လို့လည်းမရတော့ဘူး။ စစ်တပ်ကို စစ်တန်းလျားပြန်ပို့ရေးဟာ ဒီနေ့အခါမှာ အရေးကြီးဆုံးလုပ်ငန်းဖြစ်ပါတယ်။ နအဖထိပ်သီးတွေနဲ့ တွေ့ဆုံဆွေးနွေးစကားပြောဖို့ တိုက်တွန်းနေတာဟာ စစ်တပ်ကိုဂုဏ်သိက္ခာရှိစွာနဲ့ သူ့နေရာ မှန်ပြန်သွားစေနိုင်ရေးအတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖစစ်ဗိုလ် တွေဟာ“သံသရာဝဋ္ဋ်ထဲ၊ မကျွတ်ပဲနေနေ၊ ဇွတ်ဆွဲလို့တပေပေငယ်၊ သေပစေခင်ရဲ့”ဆိုသလို ခြေ စုံကန်ငြင်းနေပါတယ်။ အပ်နဲ့ထွင်းလို့ မရတဲ့အခြေအနေတွေ မြင်တွေ့နေကြရပါတယ်။ ဒီလိုတမျိုးသားလုံး အကြပ်အတည်းရောက်တဲ့အချိန်မှာ ဗမာပြည်ရဲ့ သမိုင်း မှာဂုဏ်အပြောင်ဆုံးလို့ပြောရမယ့် လွတ်လပ်ရေးအောင်ပွဲကို ရယူခဲ့တဲ့နည်းနာတွေကို လေ့လာပြီး ဒီနေ့ကာလမှာ အဲဒီအထဲက အသုံးချလို့ရတာတွေ အသုံးချဖို့ စဉ်းစားသင့်ပါတယ်။
လွတ်လပ်ရေးအတွက် တိုက်ပွဲလို့ပြောရင် နောက်ဆုံးအပိုင်း၊ အောင်ပွဲခံခါနီးအပိုင်းကိုသာ ကွက်ပြီးပြောလို့မဖြစ်ပါဘူး။ သူ့ကျွန်ဘ၀ရောက်ရတဲ့အချိန် ကနေ ဇန်န၀ါရီလ ၄ ရက်နေ့အထိသမိုင်းကိုပြောမှ ပြည့်စုံမှာပါ။ ဒီတိုက်ပွဲစဉ်တွေထဲမှာ အောင်ပွဲရခဲ့တာလည်းရှိ၊ ရှုံးနိမ့်ခဲ့တာတွေလည်းရှိပါတယ်။ ဗမာပြည်ရဲ့ နိုင်ငံ ရေးအခြေအနေဟာ တပြည်လုံးနဲ့စစ်အုပ်စု ထိပ်တိုက်တွေ့၊ စီးချင်းထိုးနေရတဲ့ အခြေအနေမျိုးဖြစ်လို့ သူ့ကျွန်ဘ၀လွတ်မြောက်ရေး တိုက်ပွဲတွေထဲက ဒုတိယ ကမ္ဘာစစ်အပြီး နောက်ဆုံးအပိုင်းနဲ့ တူတယ်လို့ ဆိုချင်ပါတယ်။
ဒီနေရာမှာ နိုင်ငံတကာအခြေအနေ၊ ပြည်တွင်းအခြေအနေတွေ အထူးပြောမနေတော့ပါဘူး။ ခေါင်းဆောင်မှုရဲ့ သီးခြားအခန်းကိုလည်း မပြောတော့ ပါဘူး။ ပြည်သူတွေဘက်က ဘယ်လို လုပ်ခဲ့ကြတယ်ဆိုတာကိုပဲ ပြောပါမယ်။
နံပတ်တစ်ထားပြောရမှာက ပြည်သူတွေရဲ့အတွေးအခေါ်နဲ့ ပိုင်းဖြတ်ချက်ပါ။ အဲဒီအချိန်က ပြည်သူတွေမှာ လွတ်လပ်ရေးနဲ့ ပတ်သက်လို့ နည်းနည်းမှ မတွေဝေကြဘူး။ လုံးဝလွတ်လပ်ရေးမှတပါး ဘာမှမလိုချင်ဘူးဆိုတာပဲ။ ရရင်ရ၊ မရရင်ချဖို့ အသင့်ရှိနေခဲ့ ကြပါတယ်။ ဒီစိတ်ဓာတ်ဟာ အဲဒီတုန်းကအင်္ဂလိပ်နဲ့ စေ့စပ်ချင်တဲ့၊ ဗမာပြည်သား အင်္ဂလိပ်အလိုတော်ရိတွေကို ခေါင်းမထောင်ဝံ့အောင် ဖိထားနိုင်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေဟာလည်း ဒီစိတ်ဓာတ်ကိုပဲ ဦးထိပ် ပန်ဆင်ထားကြပါတယ်။
နောက်အရေးကြီးတဲ့ အချက်တချက်က စည်းလုံးညီညွတ်ရေးပါ။ ကိုယ့်အချင်းချင်း ဘယ်လောက်ပဲကွဲနေနေ ဗြိတိသျှအစိုးရနဲ့ ရင်ဆိုင်ကြရင်တော့ အားလုံးညီညွတ်ကြပါတယ်။ လုပ်ဟန်အရသာညီညွတ်တာမဟုတ်၊ နိုင်ငံရေးလမ်းစဉ်အရလည်း ညီညွတ်ကြတာပါ။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေအကြားမှာ မတူ တဲ့ရေရှည်မျှော်မှန်းချက်တွေ ရှိကြတယ်ဆိုတာဟာ ဖုံးကွယ်ထားတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ငင်းတိုက်ပွဲမှာတော့ အားလုံးက လွတ်လပ်ရေးရရှိရေးလမ်း စဉ်ကိုပဲ ရှေ့တန်းတင်ထားကြပါတယ်။ တခြားဘယ်တောင်းဆိုချက်ကိုမှ လွတ်လပ်ရေးတောင်းဆိုချက်နဲ့ တန်းတူမထားယုံမက တင်တောင်မတင်ကြပါဘူး။
တတိယတချက်ကတော့ တိုက်ပွဲသဏ္ဌာန်မျိုးစုံဆင်နွှဲဖို့ ပိုင်းဖြတ်ပြင်ဆင်ထားကြတာ၊ အဲဒီလိုလုပ်မယ်လို့ အင်္ဂလိပ်ကိုအသိပေး ထားကြတာပါ။ အဲဒီ တုန်းက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူတွေဟာ တိုက်ပွဲသဏ္ဌာန်နဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကို ချည်မိတုပ်မိတဲ့စကားမျိုးတွေ ဘယ်သူမှမပြောကြပါဘူး။ တပ်နီ၊ ပြည်သူ့ရဲဘော်စတာတွေက စစ်ရေးလေ့ကျင်တာကို လူထုကအားပေးသလို ပုလိပ်တွေပါ ပါတဲ့ အမှုထမ်းပေါင်းစုံသပိတ်ကြီးလိုဟာတွေမှာ တပ်နီတွေ၊ ပြည်သူ့ရဲဘော်တွေက ထိန်းသိမ်းပေးရင်း ပါလာပါတယ်။ ဆိုလိုတာ ကိုယ့်အချင်းချင်း ထိန်းသိမ်းနိုင်ကြောင်း၊ တိုက်ပွဲသဏ္ဌာန်ပေါင်းစုံ ပေါင်းစပ်နိုင်ကြောင်း အင်္ဂလိပ်အစိုးရ သိအောင်ဖော်ပြတာဖြစ်ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းတို့ လန်ဒန်ကိုသွားနေတုန်းမှာ လူထုဆန္ဒပြပွဲကြီးတွေ ကျင်းပတာလို အင်အားပြတာတွေဟာလည်း အင်မတန်မှအရာ ရောက်ခဲ့ပါတယ်။ ဗမာပြည်သူတွေနဲ့ အနီးကပ်ဆုံးထိတွေ့နေရတဲ့ ဘုရင်ခံကိုယ်တိုင်က သူတို့အင်ပါယာအဖို့ ဗမာပြည်မှာ မျှော်လင့်ချက်မရှိတော့ဘူး ဆိုတာ သဘောပေါက်ပြီး လန်ဒန်ကိုပြန်နားချနေတဲ့ အဖြစ်ရောက်ခဲ့ရတာပါ။ ဒါနဲ့ တချိန်တည်းမှာ အင်္ဂလိပ်စစ်တပ်ကလည်း ဂျပန်ကိုအတူတိုက်ခဲ့တဲ့ ဗမာပြည်သားတွေရဲ့ စိတ်ဓာတ်နဲ့အရည်အသွေးကို သိနေပါတယ်။ ဒါ့အပြင် အင်္ဂလိပ်တပ်တွေထဲမှာရှိနေတဲ့ အိန္ဒိယတပ်သားတွေကလည်း ဗမာပြည်သားတွေရဲ့ လွတ်လပ်ရေးတိုက်ပွဲ ကို နှိမ်နင်းဖို့ဆိုရင် ဒို့ကိုတော့ ထည့်မတွက်လေနဲ့လို့ အတိအလင်းပြောထားတာပါ။
နောက်ဆုံး တချက်အနေနဲ့က ဗမာပြည်ပြည်သူတွေဟာ ဘယ်ပြည်ပအင်အားကိုမှ အားမကိုးပဲ ကိုယ်ချည်းလှုပ်ရှားတိုက်ပွဲ ၀င်ခဲ့ကြတယ်ဆိုတဲ့ အ ချက်ပါပဲ။ အဲဒီတုန်းက အမေရိကန်ကလွဲလို့ နိုင်ငံတိုင်းလိုလို စစ်ရဲ့ဒဏ်ရာဒဏ်ချက်တွေကို ကုသပွတ်သပ်နေရတုန်းမို့ သူများနိုင်ငံအရေးကိစ္စတွေကို ခေါင်းထဲ မထည့်နိုင်ကြပါဘူး။ ကုလသမဂ္ဂဆိုတာလဲ ဥထဲကထွက်ကာစ အတောင်အလက် မစုံသေးဘူးလို့ဆိုရမှာပါ။ ဗမာပြည်ရဲ့ လွတ်လပ်ရေးအတွက် ဘယ်ပြည်ပအစိုးရ၊ ဘယ်ပြည်ပအဖွဲ့အစည်းကိုမှ သွားပြီးတင်ပြ နေတာမရှိခဲ့ပါဘူး။ ကွန်မြူနစ်တွေသာ ကွန်မြူနစ်ပါတီတွေအချင်းချင်း သတင်းဖလှယ်တာမျိုးလုပ်ခဲ့ပါတယ်။ ဒီတော့ တိုက်ပွဲဝင်သူ တွေအနေနဲ့ အာရုံမပြားခဲ့ကြပဲ လမ်းစဉ်တွေကိုပြည်တွင်းမှာ စိုက်လိုက်မတ်တပ်ချမှတ်နိုင်ခဲ့ပါတယ်။
တခြားအချက်တွေ ရှည်ရှည်မတင်ပြတော့ပါ။ အခုတင်ပြတဲ့အချက်တွေနဲ့ ဒီနေ့ပြည်သူ့လှုပ်ရှားမှုအခြေအနေတွေကို နှိုင်းယှဉ်ကြည့်ရင် ဘာတွေ ခြားနားတယ်၊ လိုအပ်တယ်ဆိုတာ အလွယ်ပဲတွေ့နိုင်မယ်လို့ ယုံပါတယ်။
နံပတ်တစ်အချက်မှာလို ဒီနေ့အခါမှာ ရရင်ရ၊ မရရင်ချမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်မျိုး အဖွဲ့အစည်းတိုင်း၊ တက်ကြွသူတိုင်းမှာ ရှိပါသလား။
စည်းလုံးညီညွတ်မှုမှာကော၊ ဘယ်လိုရှိပါသလဲ။ ဆိုလိုတာ နအဖအလိုတော်ရိတွေနဲ့ ညီညွတ်ဖို့မဟုတ်ပါ။ ဆွဲထုတ်လို့ ရသလောက်တော့ ဆွဲထုတ်ရ မှာပါ။ ဒါပေမဲ့ကိုယ့်ချင်းညီညွတ်ရေးဟာ တကယ်တမ်းကျစ်လစ်သိပ်သည်းရဲ့လား။ တူညီတဲ့နိုင်ငံရေး တောင်းဆိုချက်ရှိရဲ့လား။ စစ်အာဏာရှင်စနစ်နဲ့ တတန်းတည်း တင်နေတဲ့ တခြားတောင်းဆိုချက်၊ ကြွေးကြော်သံတွေရှိနေသလား။ “အေအိုင်ဒီအက်စ်ရောဂါဟာ ဒီမိုကရေစီရအောင်စောင့်မနေနိုင်ဘူး”ဆိုတဲ့ အပြောမျိုးတွေဟာ ဟုတ်သလိုလိုရှိပေမဲ့ အဓိကနိုင်ငံရေး တောင်းဆိုချက်ကို သဘောမပေါက်တဲ့လက္ခဏာ၊ လှုပ်ရှားမှုကို အားနည်းစေတဲ့ပြောနည်းဆိုနည်း ဖြစ်နေပါတယ်။ ဒါက ဥပမာတခုပါ။
နအဖကို ဖိအားပေးရာမှာ တိုက်ပွဲသဏ္ဌာန်မျိုးစုံနဲ့ တကယ်တမ်းဖိအားပေးနိုင်ရဲ့လား။ နအဖကို အကြမ်းနည်းနဲ့မဆန့်ကျင်ပါဘူးလို့ ကတိပေးနေတာ တွေတောင်ရှိနေတယ် မဟုတ်ပါလား။ နအဖက လူထုဆန္ဒပြပွဲတွေကို အနုနည်းနဲ့ပဲထိန်းသိမ်းပါမယ်လို့ ဘယ်သူများကြားမိပါသလဲ။ ၁၉၄၆ ခုနှစ်ကျတော့ ပျဉ်းမနားနယ်မှာ “လယ်ဝေးသူပုန်” လို့နာမည်ကြီးခဲ့တဲ့ လယ်သမားသူပုန်ထမှုတောင် ပေါ်နေပြီမဟုတ်ပါလား။ ဗမာပြည်သားတွေဟာ ချရဲတယ်၊ ချမှာလို့ ကိုလိုနီ အစိုးရကို ပြသနေကြတာပါ။
အဲဒီလို အတိတ်ကကောင်းမွန်တဲ့ နမူနာယူစရာတွေနဲ့ ဒီနေ့ကာလထူးခြားချက်တွေကို မှန်မှန်ကန်ကန်ပေါင်းစည်းနိုင်ရေးဟာ ခေါင်းဆောင်းကောင်းရဲ့ အရည်အသွေးဖြစ်မှာပါပဲ။
ဒါကြောင့်မို့ လွတ်လပ်ရေးအနှစ် (၆၀) ပြည့်မြောက်တဲ့ ဒီနေ့လိုအခါသမယမှာ လွတ်လပ်ရေးတိုက်ပွဲထဲက လေ့လာအတုယူ စရာရှိတာတွေ အတု ယူပြီး အဲဒီတုန်းကလို အတွေးအခေါ် စိတ်ဓာတ်တွေနဲ့ အဲဒီတုန်းလိုအောင်ပွဲတွေရယူကြပါစို့လို့ တင်ပြလိုက်ပါတယ်။
Monday, January 21, 2008
လွတ်လပ်ရေးတိုက်ပွဲက ပြဌာန်းခဲ့တာတွေ
Subscribe to:
Post Comments (Atom)
1 comments:
ကွန်မျူနစ်တွေကတော့ သူတို့ရဲ့ အခန်းကဏ္ဍကို အမြဲပဲ ပုံကြီးချဲ့ဖို့ ကြိုးစားနေသလိုပဲ။ တောတွင်းမှာ ဖြုတ်ထုတ်သတ်တွေပဲ တခါမှ မလုပ်ခဲ့သလို ပုံစံမျိုးနဲ့။ သုံးလို့မရတဲ့ စစ်အစိုးရကိုတော့ လေကြီးလေကျယ်နဲ့ တော်လှန်ဖို့ မြှောက်ပေးနေသလို စစ်အစိုးရကို ထောက်ခံနေတဲ့ တရုတ်တွေကိုကျတော့ လေသံလေးနဲ့တောင် အပြစ်တင်သံမကြားရဖူးဘူး။ တော်တော်လဲ ရယ်စရာကောင်းတဲ့ သတ္တ၀ါတွေပဲဗျာ။
Post a Comment