Tuesday, January 29, 2008

ဗိုလ်ချုပ်မှူးကြီး ပိုစတာများ နိုင်ငံရေးကြေညာချက်များထက် ပိုမိုပျံ့နှံ့ လူကြိုက်များ

ဧရာဝတီ-ကိုသက် | ဇန်နဝါရီ ၂၉၊ ၂၀၀၈

လွန်ခဲ့သည့်အပတ်ကစ၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ရုပ်ပုံများဖြင့် ဒီဇိုင်းလုပ်သရော်ထားသည့် ပိုစတာများ ရန်ကုန်မြို့၌ ပျံ့နှံ့နေပြီး လူကြိုက်များလျက်ရှိကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

နိုင်ငံရေးအင်အားစုများက ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာချက်များထက် အဆိုပါ ပိုစတာများကို ပြည်သူများ ပို၍ စိတ်ဝင်စားကြကြောင်းလည်း သိရသည်။

“ရပ်ကွက်တွေထဲက လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်တွေအထိ တော်တော်ပြန့်တယ်။ လူတွေရင်ထဲက အမုန်းတရားတွေ အရမ်းများနေတယ်လေ။ အကြောက်တရားကနေအမုန်းတရားဘက်ပြောင်းသွားတဲ့ သဘောပေါ့” ဟု ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်ရှိ လူငယ်တဦးက ပြောသည်။

ဒီဇိုင်းဆရာ Mr. Creator ဖန်တီးသည့် ပိုစတာများအနက် ချီးလေးချီး၊ ခွေးအရောင်စုံ အငြိမ့် ပိုစတာသည် လူကြိုက်အများ ဆုံးဖြစ်သည်ဟု အမည်မဖော်လိုသည့် အယ်ဒီတာတဦးက ဧရာဝတီကို ပြောသည်။

၎င်းပိုစတာသည် ပြည်သူ့အချစ်တော်များဖြစ်ကြသည့် သီးလေးသီး လူရွှင်တော်များ၏ ဆေးရောင်စုံ အငြိမ့်ကို ကာရန်ယူကာ နဖူးစည်းတွင် “မင်းသမီး အော့ကျောလန် ကြိုင်ကြိုင် ဦးစီးသော ချီးလေးချီး ခွေးအရောင်စုံ အငြိမ့်” ဟု ရေးထားသည်။

၎င်းနဖူးစည်းအောက်တွင် နအဖ ဝန်ကြီးချုပ် သိန်းစိန်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့အား လူရွှင်တော် ကြွက်ချီး၊ ခွေးချီး၊ လချီးနှင့် ဝက်ချီး ဟု အမည် ပေးကာ ၎င်းတို့၏ ဦးခေါင်းပိုင်းပုံများကို ဒီဇိုင်းဖော်ထားသည်။ ပိုစတာ၏ ဘယ်ဘက် အပေါ်ထောင့်တွင်လည်း ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်ကြိုင်ကြိုင်၏ပုံကို ထည့်သွင်းဖော်ပြထားသည်။

“ကျနော်ကစတစ်ကာလုပ်ပြီးဖြန့်ဦးမှာ ကပ်တာကပိုကောင်းတယ်” ဟု ရန်ကုန်မြို့ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ် တဦးက ဧရာဝတီကို ပြောဆိုသည်။

နိုင်ငံရေးနှင့်ဆိုင်သည့် ကြေညာချက်များသည် နိုင်ငံရေးဆန်ကာ ဗိုလ်ချုပ်မှူးကြီး ပိုစတာကမ်ပိန်းသည် လက်တွေ့ဆန်ကာ ထိရောက်မှုပိုရှိသည်ဟုလည်း ၎င်းက ပြောသည်။

“စကားလုံးကြီးတွေပါတဲ့ နိုင်ငံရေးစာတွေက သာမန်လူတွေ စိတ်ဝင်စားမှုနည်းတယ်။ ဒါမျိုးက သူတို့ကိုယ်တိုင် ပါဝင် ပတ်သက်လို့ရတယ်။ အခုအဲဒီပိုစတာနဲ့ ကိုစောဝေကဗျာကို ရပ်ကွက်တွေထဲ လိုက်ဝေတဲ့သူတွေ အများကြီးပဲ။ အခုမှ စသိတဲ့လူတွေလဲရှိတာပေါ့၊ တဖြည်းဖြည်းတော့ပိုပြန့်လာတယ်” ဟု အမည်မဖော်လိုသည့် အယ်ဒီတာက ပြောသည်။

ရန်ကုန်ရှိ ကုမ္ပဏီဝန်ထမ်းတဦးက အဆိုပါ ပိုစတာများကိုဖန်တီးသူ Mr. Creator အား “အခုလိုပဲ များများလုပ်ပေးပါ။ အနည်းနဲ့အများ ထိရောက်မှုတော့ရှိမှာပေါ့။ ပိုစတာတွေ့လိုက်ရတော့ ပျော်သွားတယ်၊ သူတို့ဘက်က (အာဏာပိုင်) တော့ စိတ်ပိုင်းဆိုင်ရာ ထိသွားနိုင်တာပေါ့။ ကိုယ့်မှာဘာလက်နက်မှမရှိတော့ သူတို့ဘက်ကို စိတ်ပိုင်းဆိုင်ရာမှာ တစဆီစွဲနုတ်သွားနိုင်တာပေါ့” ဟု ပြောဆိုသည်။
Mr. Creator သည် ဒီဇိုင်းပညာဖြင့် ဗိုလ်ချုပ်မှူးကြီးကို လှောင်ပြောင်သရော်ထားသည့် အခြားပိုစတာ များကိုလည်း ပြုလုပ်ဖြန့်ဝေထားသည်။ ၎င်းပိုစတာများသည် အင်တာနက်မှတဆင့် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများနှင့် ပြည်တွင်းသို့ စတင်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

0 comments: