Tuesday, January 29, 2008

မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို ပုံနှိပ်ဥပဒေဖြင့်တရားစွဲ

ခေတ်ပြိုင်-ပီတာအောင်/ ၂၉ ဇန်န၀ါရီ ၂၀၀၈
၈၈ အင်းစိန်ထောင်၌ ဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို နအဖ စစ်အစိုးရက တရားမ၀င် ပုံနှိပ်ဖြန့်ဝေမှုဖြင့် တရားစွဲဆို ထားကြောင်း ယမန်နေ့က ထောင်ဝင်စာ သွားတွေ့သည့် မိသားစုဝင် တဦးက ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချို ၏ဇနီး မ၀ါဝါ၀င်းက “သူတို့ကို တရားဆွဲတာက ပုဒ်မ ၁၇/၂၀ တဲ့။ ထောင်ထဲမှာပဲ ရမန် လာယူတယ်တဲ့။ တရားမ၀င် ပုံနှိပ်ထုတ်ဝေမှုလို့ ပြောတယ်။ တရားရုံး ဘယ်နေ့ ထုတ်မှာလဲတော့ မပြောဘူး။ အမှုအတွက် ရှေ့နေ ငှားဖို့တို့ ဘာတို့ကို ကိုပြုံးချိုက ဘာမှ မပြောသေးတဲ့အတွက် ကျမတို့က ဘာမှ မလုပ်ရသေးဘူး ပေါ့နော်။ အထဲရဲ့အနေ အထားက ခက်တယ် လေ။ လုပ်ခွင့်ရရင်တော့ လုပ်ရမှာပေါ့။ ကိုပြုံးချိုအပေါ်မှာမူတည်ပြီး အပြင်က ကျမကလုပ်ခွင့်ရှိရမှာ ပေါ့နော်။ အများနဲ့ လုပ်ထားတာဆိုတော့ အများ သဘောတူညီချက်နဲ့ ဆက်လုပ်ရမှာပေါ့” ဟု ပြောသည်။

ကိုပြုံးချိုအပါအ၀င် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ၊ ကိုအံ့ဖွယ်ကျော် စသည့် ကျောင်းသားခေါင်းဆောင် (၁၆) ဦးတို့ကို ၁၇/၂၀ ပုဒ်မဖြင့် တရားစွဲထားခြင်းဖြစ်ပြီး ကျောင်းသား ခေါင်းဆောင်များ၏ ကျန်းမာရေးအခြေအနေ ဆိုးဆိုးရွားရွားမရှိကြောင်း မ၀ါဝါ၀င်း က ပြောသည်။

ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ ပုဒ်မ ၁၇/၂၀ သည် မှတ်ပုံမတင်ဘဲ ပုံနှိပ်ထုတ် ဝေသူများကို ချမှတ်သည့်ပြစ်ဒဏ်ဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် (၁) နှစ်မှ (၇) နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ်(၃)ထောင်မှ (၃) သောင်းထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟို တရားရုံး ရှေ့နေ ဦးသိန်းညွန့်က ပြောသည်။

“သူ့ဥပဒေက ဥပဒေပေါ့ဗျာ။ ကျနော်တချက်ပြောချင်တာက လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉) နဲ့ အခု ၈၈ ကျောင်းသားခေါင်းဆောင်တွေအပေါ်မှာ အရေးယူထားတဲ့အချက်က နှိုင်းယှဉ်ဖို့လိုအပ်တယ်။ သူတို့ရဲ့ ဆောင်ရွက်ချက်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းအပုဒ် (၁၉) ဘောင်အတွင်းမှာ ရောက်တယ်ဆိုရင် အခုလိုသူတို့ကို ပြည်တွင်းဥပဒေအရ၊ ပုံနှိပ်ဥပဒေအရအရေးယူတယ်ဆိုတာ ဥပဒေကြောင်း အရ သင့်မြတ်ခြင်းရှိမရှိ ဒါက မေးခွန်းထုတ် စရာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉) ၌ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်၊ လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့် လူတိုင်း၌ရှိကြောင်း၊ ထိုအခွင့်အရေးနှင့်ပတ်သက်၍ နိုင်ငံနယ်နိမိတ်ကို ထောက်ထားစရာမလိုဘဲ လွတ်လပ်စွာ ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်ရှိသည်ဟု ကုလသမဂ္ဂကပြဋ္ဌာန်းထားပြီး မြန်မာနိုင်ငံ အပါအ၀င် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လိုက်နာပါမည်ဟု လက်မှတ်ရေးထိုးထားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို လောင်စာဆီဈေးနှုန်းလျော့ချပေးရေး ဆန္ဒပြမှု နှင့်စပ်လျဉ်း၍ ယမန် နှစ် သြဂုတ်လကတည်းက တရားမစွဲဆိုဘဲ ဖမ်းဆီးထားခဲ့ပြီး ယခုအချိန်မှ ပုံနှိပ်ဥပဒေဖြင့် တရားစွဲခြင်း ဖြစ်သည်။

၂၀၀၅ ခုက ခွန်ထွန်းဦးအပါအ၀င် ရှမ်းခေါင်းဆောင်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ရာ တွင်လည်း ပုံနှိပ်ဥပဒေသည် တခုအပါအ၀င်ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် မရှေးမနှောင်းဖမ်းဆီးခံခဲ့ရသည့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူ ကိုထင်ကျော်ကိုမူ စစ်အစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ယခင် လက တရားစွဲဆိုခဲ့သည်။ ။

0 comments: