ဧရာဝတီ-ကိုသက် | ဇန်နဝါရီ ၁၆၊ ၂၀၀၈
အင်းစိန်ထောင်တွင် အထိန်းသိမ်းခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုလှမျိုးနောင်၊ ကိုကျော်စိုး (တော်ကီ)၊ ရွှေသံစဉ် တေးဂီတအဖွဲ့ခေါင်းဆောင် ကိုဝင်းမော်နှင့် မန္တလေးထောင်တွင် အကျဉ်းကျခံနေရသည့် အန်အယ်လ်ဒီပါတီ၏ မကွေးတိုင်း စည်းရုံးရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ဦးတို့သည် ကျန်းမာရေး အခြေအနေ ဆိုးရွားနေသောကြောင့် ဆေးရုံတင်ထားရကြောင်း သိရသည်။
ကိုလှမျိုးနောင်၏ မျက်စိ ၂ ဘက်စလုံးသည် ကွယ်လုနီးပါးဖြစ်ကာ အင်းစိန်ထောင်ဆေးရုံသို့တင်ထားရကြောင်း မိသားစုမှတဆင့် သိရသည်။
လွန်ခဲ့သည့် အောက်တိုဘာလအတွင်းက ကိုလှမျိုးနောင်သည် မျက်ကြည်လွှာစုတ်ပြဲသည့်ဝေဒနာကြောင့် ဘယ်ဘက်မျက်လုံးကို ခွဲစိတ်ကုသရန် အထူးကုဆေးခန်းသို့သွားစဉ် အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ၎င်းအားဖမ်းဆီးသွားပြီးနောက် အာဏာပိုင်တို့က ခွဲစိတ်ကုသမှု ပြုလုပ်ပေးသော်လည်း ခွဲစိတ်မှု မအောင်မြင်သောကြောင့် အာရုံကြောထိခိုက်သွားသည်။
ကိုဝင်းမော်နှင့် ကိုကျော်စိုးတို့သည် စစ်ကြောရေးကာလအတွင်း အနှိပ်စက်ခံရသဖြင့် အင်းစိန်ထောင်ဆေးရုံတွင်
တင်ရခြင်းဖြစ်သည်။
ကိုဝင်းမော်အား ဦးခေါင်းသို့ရေစက်ချကာ ညှဉ်းပန်းနှိပ်စက်သဖြင့် အဆုတ်နာရောဂါကို ခံစားနေရသည်ဟု ၎င်း၏ မိသားစုဝင်တဦးက ဧရာဝတီကို ပြောသည်။
“ထောင်ဝင်စာတွေ့ခွင့်မရတာ ၃ ပတ်ရှိပြီ။ နောက်ဆုံးတွေ့ခွင့်ရတုန်းက ကျန်းမာရေးကောင်းနေသေးတယ်” ဟု ကိုဝင်းမော်၏ မိသားစုဝင်က ပြောသည်။
ကိုဝင်းမော်၏ ကျန်းမာရေးအခြေအနေကိုစုံစမ်းရန် မိသားစုဝင်များ အင်းစိန်ထောင်သို့ ယနေ့ သွားရောက်စုံစမ်းသော်လည်း တွေ့ခွင့်ရမရကို မသိရသေးပေ။
ကိုကျော်စိုးသည်လည်း စစ်ကြောရေးတွင် ခေါင်းအရိုက်ခံရပြီး ယခုအချိန်အထိ မူးဝေနေသောကြောင့် အင်းစိန်ထောင်ဆေးရုံတွင် တက်နေရခြင်း ဖြစ်သည်။
ဦးမြင့်ဦးသည်လည်း အဆုတ်နှင့်ပတ်သက်သည့် ရောဂါဝေဒနာကြောင့် မန္တလေးဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရသည်မှာ ၃ ရက်ပြီ ဖြစ်သည်။
လွန်ခဲ့သည့်နှစ် သြဂုတ်လမှစ၍ ယနေ့အချိန်အထိ လူဦးရေ ၇၀၀ ကျော်ကို စစ်အစိုးရကဖမ်းဆီးထားပြီး အဖမ်းခံရသူအများစုသည် ကျန်းမာရေးစောင့်ရှောက်မှု မရကြကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ဧရာဝတီကို ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်သည် သွားကိုက်သည့်ဝေဒနာကိုလည်းကောင်း၊ ကိုကိုကြီးသည် အစာအိမ်ရောဂါကိုလည်းကောင်း ခံစားနေရကြောင်း ယင်းတို့၏မိသားစုများမှတဆင့် သိရသည်။
ယခုလ ၁၄ ရက်နေ့က မကွေးတိုင်း တောင်တွင်းကြီးမြို့တွင်အဖမ်းခံရသည့် အန်အယ်လ်ဒီပါတီဝင် ကိုပါလေးနှင့် ဦးမောင်စိုးတို့ ၂ ဦးအနက် ကိုပါလေးကို ယနေ့နံနက် ၇ နာရီခန့်တွင် ပြန်လွှတ်ပေးပြီး ဦးမောင်စိုးအား ယမန်နေ့ညက မန္တလေးသို့ ပို့လိုက်ကြောင်း တောင်တွင်းကြီးမြို့ရှိ အန်အယ်လ်ဒီ ပါတီဝင်တဦးက ပြောသည်။
“ကိုပါလေးက သွေးတွေတအားတိုးနေလို့ လွှတ်လိုက်တာလို့ပြောတယ်။ ကျနော်က သူနဲ့တိုက်ရိုက် မတွေ့ရ သေးဘူး။ ဦးမောင်စိုးကလည်း ကျန်းမာရေးသိပ်မကောင်းဘူး” ဟုလည်း တောင်တွင်းကြီး အန်အယ်လ်ဒီဝင်က ပြောသည်။
Wednesday, January 16, 2008
အထိန်းသိမ်းခံရသူများ ကျန်းမာရေးဆိုးရွား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment