ဧရာဝတီ-ကိုစိုး | ဇန်နဝါရီ ၁၆ ၊ ၂၀၀၈
၂၀၀၈ ခုနှစ် အတွင်း စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးနှင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အတွက် အသင်းအဖွဲ့များ အပါအဝင် သံဃာတော်များနှင့် ပြည်သူလူထုပူးပေါင်း ဆောင်ရွက်ရန် ပြည်ပ အခြေစိုက် အပြည်ပြည်ဆိုင်ရာ သံဃာ့ ဦးသျှောင်အဖွဲ့ က တိုက်တွန်းပြောကြားသည်။
ယင်း သံဃာ့ ဦးသျှောင်အဖွဲ့အတွင်းရေးမှူး ဆရာတော် ဦးဥတ္တရ(အင်္ဂလန်)က ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံ သားများ၊ မြန်မာ့ဒီမိုကရေစီကို အားပေး ကူညီသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိုင်း အဝန်းတို့အား ထိုင်းနိုင်ငံသို့ ရောက်ရှိနေခိုက် ယနေ့တွင် ဤကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“သံဃာတော်တွေနဲ့ ပြည်သူလူထု ပူးပေါင်းပြီးတော့ ဒီ ၂၀၀၈ ခုနှစ် ဟာ မြန်မာပြည်ရဲ့ လွတ်မြောက်ရေးနှစ် အနေနဲ့ကို သတ်မှတ် သံန္နိဌာန်ချပြီး အရင်ထက် ၃ ဆ လောက် တိုး အလုပ်လုပ်ကြဖို့ တိုက်တွန်းပါတယ်၊ ဘုန်းကြီးတို့လည်း ဦးဆောင်ပြီး လုပ်ပါမယ်”ဟု ဆရာတော် ဦးဥတ္တရ က ပြောကြားသည်။
ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ (Student Christian Centre) တွင် ပြုလုပ်သည့် မြန်မာအဖွဲ့ အစည်း များ နှင့် တွေ့ဆုံပွဲတွင်လည်း မပြီးဆုံးသေးသော ရွှေဝါရောင် တော်လှန်ရေး လုပ်ငန်းစဉ်အတွက် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ညီညွတ်ကြရန် သံဃာ့ ဦးသျှောင်အဖွဲ့ ဥက္ကဌ ပီနန်ဆရာတော် ဦးပညာ ဝံသ နှင့် ဆရာတော် ဦးဥတ္တရ တို့က ဆွေးနွေး ညွှန်ကြားခဲ့ကြသည်။
မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုဖြစ်ပေါ်လာရေးအတွက် ပြည်တွင်းပြည်ပရှိ မြန်မာအဖွဲ့အစည်းများ ညီညွတ်မှုရှိ ရန် လိုအပ်သည်ဟုလည်း ပီနန် ဆရာတော်ကြီး ဦးပညာဝံသ က ဆိုသည်။
“အဓိက အရေးကြီးဆုံးက ညီညွတ်မှုပဲ၊ မြန်မာပြည်သူတွေနဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ သံဃာတော်တွေ အမှန် တကယ် ညီညွတ်မှုမရှိကြသေးဘူး၊ ညီညွတ်ရေးရှိသွားရင် တို့ လိုချင်တဲ့ ပန်းတိုင် ရောက်နိုင်တယ်”ဟု ပီနန်ဆရာ တော်ကြီး ဦးပညာဝံသက ဧရာဝတီသို့ မိန့်ကြားသည်။
ထို့အပြင် ဆရာတော် ဦးဥတ္တရကလည်း ထိုင်းနိုင်ငံတွင်ရှိသော မြန်မာများ ညီညွတ်ကြရန်တိုက်တွန်းပြောကြား လိုက်ပြီး“ဘုန်းကြီးတို့ ညီညွတ်မှုကို မပြနိုင်ရင် တခြားသူတွေရဲ့ အကူအညီလည်း ရနိုင်မှာမဟုတ်ဘူး၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာရဲ့စိတ်ဝင်စားမှုနဲ့ ကူညီထောက်ပံ့မှုကိုလည်း ယူရမှာဖြစ်တယ်”ဟု လည်း ဆက်လက် ပြောကြားသည်။
အဆိုပါ သံဃာ့ဦးသျှောင် ဆရာတော် ၂ ပါးသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာ သို့ လှည့်လည်၍ ဘာသာရေးခေါင်းဆောင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ အစိုးရ မဟုတ်သည့် အန်ဂျီအို အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံကာ ဆွေးနွေး ညွှန်ကြားမှုများကို အောက်တိုဘာလအတွင်းက စတင်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့က အခမ်းအနား၌ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့မဟာ နာယက အဖွဲ့အနေနှင့် အမှန်တကယ် လုပ်ပိုင်ခွင့် အပြည့်အဝရှိပါလျှင် သံဃာတော်များ လမ်းမပေါ်တွင် အသတ်ခံရမည်မဟုတ်ဟု ဆရာတော် ဦးဥတ္တရ က ဝေဖန်ပြောဆိုသည်။
“အဲဒီ သံဃာ့မဟာနာယက ဆရာတော်တွေဟာ လက်ရှိနိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာကို လေ့လာ ဆန်းစစ်မှု မရှိလို့ သူတို့ဘာမှ အသေအချာမသိဘူး၊ ဒါကြောင့် အစိုးရကိုလည်း ပြောဆိုနိုင်တဲ့ အခြေအနေမရှိ ဘူး”ဟု ဆရာတော် ဦးဥတ္တရက ပြောသည်။
ယနေ့တိုင် ပတ္တနိက္ကုဇ္ဖနကံဆောင် သပိတ်မှောက်ထားဆဲဖြစ်သည့်အတွက် ပြီးခဲ့သည့် လွတ်လပ်ရေးနေ့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ စစ်အစိုးရ၏ အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဆွမ်းကွမ်းလှူဖွယ်ဝတ္ထုများ ဆက် ကပ်သည်ကို လက်မခံခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။
သံဃာ့ဦးသျှောင်အဖွဲ့ ဆရာတော် ၂ ပါးသည် ယင်းဘန်ကောက်မြို့အခမ်းအနားမတိုင်ခင် ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ မြန်မာသံဃာတော်များ၊ နိုင်ငံရေးအသင်းအဖွဲ့များ၊ မြန်မာပြည်သားများနှင့်လည်း တွေ့ဆုံ ဆွေး နွေး ၍ သံဃာ့ဦးသျှောင် အဖွဲ့(ထိုင်းနိုင်ငံ အဖွဲ့ခွဲ)ကို ဖွဲ့စည်းပေးခဲ့သည်။
အပြည်ပြည်ဆိုင်ရာ သံဃာ့ဦးသျှောင်အဖွဲ့အား ဗုဒ္ဓသာသနာတော် ကို ကာကွယ်စောင့်ရှောက်ရန်အတွက် လွန်ခဲ့သောနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလအလွန် အောက်တိုဘာ ၂၇ ရက်က အမေရိကန် နိုင်ငံ လော့စ်အင်ဂျလိစ်မြို့တွင်စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
Wednesday, January 16, 2008
သံဃာနှင့် လူထု ညီညွတ်ကြရန် သံဃာ့ ဦးသျှောင်အဖွဲ့ တိုက်တွန်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment