NEJ/ ၂၀ ဒီဇင်ဘာ ၂၀၀၇
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် နိုင်ငံပါင်း (၁၄) နိုင်ငံပါသည့် မြန်မာ့ မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ယမန်နေ့က တွေ့ဆုံ၍ မြန်မာပြဿနာ အဖြေရှာရေး တခါးပိတ် ဆွေးနွေးပွဲကျင်းပသည်ဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။
ဆွေးနွေးသည့်အကြောင်းအရာအသေးစိတ်ကို မသိရှိရသော်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၏ မြန်မာ့အရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို အထောက်အကူဖြစ်စေရန် ထိုအဖွဲ့က ဆွေးနွေးတိုင်ပင် အကြံဥာဏ်ပေးလိမ့်မည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်တတ်စ်က ပြောသည်။
မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့တွင် မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ် နိုင်ငံတို့အပြင် အမေရိကန်၊ ပြင်သစ်၊ ယူကေ၊ သြစတြေးလျ၊ ရုရှ၊ ဂျပန်၊ နော်ဝေနှင့် ပေါ်တူဂီ စသည့်နိုင်ငံတို့ပါဝင်ပြီး လိုအပ်သလို အလွတ်သဘောဆွေးနွေးမှုများ ထပ်မံပြုလုပ်သွား မည်ဟု သိရသည်။
စက်တင်ဘာအရေးအခင်းအပြီး ကျင်းပသည့် လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးအစည်းအဝေးပွဲ နောက်ပိုင်းတွင် အဆိုပါအဖွဲ့ ပေါ်ပေါက်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌အမျိုးသားပြန်လည်သင့်မြတ်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ အတွင်းရေးမှူးချုပ်က ဖွဲ့စည်းထားခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်ဂမ်ဘာရီလည်းတက်ရောက်ပြီး လာမည့်ဇန်န၀ါရီ၌ မြန်မာနိုင်ငံသို့ထပ်မံသွားရောက် မည်ဟု ပြောကြားသည်။
Friday, December 21, 2007
ကုလအတွင်းရေးမှူးချုပ် မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ပထမဆုံးစတင်ဆွေးနွေး
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment