ခေတ်ပြိုင်-ပီတာအောင်/ ၂၀ ဒီဇင်ဘာ ၂၀၀၇
စစ်အာဏာရှင်စနစ်ကိုဖျက်သိမ်းပစ်နိုင်မည့် တခုတည်းသောနည်းလမ်းသည် ပြည်သူ တရပ်လုံး တပေါင်းတစည်းတည်း တိုက်ပွဲဝင်ရေးသာ ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် (ဗကသ) က ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးသည့် (၆၉) နှစ် ပြည့်နေ့၌ ထုတ်ပြန် ကြေညာသည်။
“အုပ်စိုးသူအာဏာရှင်တွေရှိနေသရွေ့၊ မိဘပြည်သူတွေ လူ့အခွင့်အရေးအပြည့်အ၀မရနိုင်သေး သရွေ့၊ ပြည်သူလူထုတရပ်လုံး ခံစားနေရတဲ့ ဒုက္ခပင်လယ်ဝေမှုတွေ အဆုံးမသတ်သေးသရွေ့ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမှာပဲ ဖြစ်ပါတယ်” ဟု ဗကသ ကကြေညာသည်။
ကိုအောင်ကျော်၊ ဟယ်ရီတန်၊ ဆလိုင်းတင်မောင်ဦး၊ ကိုဖုန်းမော်၊ ကိုသက်ဝင်းအောင်၊ ကိုကိုဝင်း စသည့် ကျောင်းသားလူငယ်တို့ အမှန်တရားအတွက်အသက်စွန့်ခဲ့ကြကြောင်း၊ အာဏာရှင်အစိုးရ အဆက်ဆက်ကို ကျောင်းသားတို့က တစိုက်မတ်မတ်တော်လှန်ခဲ့ကြကြောင်းနှင့် ရက်ရက်စက်စက် ဖိနှိပ်မှုများရှိနေသော်လည်း ကျောင်းသားတို့၏ တော်လှန်ရေး သံန္နိဋ္ဌာန် ပျောက်ပျက်မသွားဘဲ စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်နေဆဲဖြစ်သည်ဟုလည်း ဗကသကြေညာချက်၌ဖော်ပြသည်။
ဗကသ နိုင်ငံခြားရေးရာကော်မတီတာဝန်ခံ ကိုမင်းနိုင်က “ယနေ့ကာလမှာ လူထုကြီးတရပ်လုံး ပါဝင်တဲ့ တိုက်ပွဲကြီးနဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရမှာပဲဖြစ်တယ်။ လူထုတိုက်ပွဲတွေ ရှေ့ကနေ မားမားမတ်မတ် ခွပ်ဒေါင်းအလံလွှင့်ပြီးတော့ ရပ်ခဲ့တာဟာ ကျောင်းသားတွေရဲ့ အစဉ် အလာပါ။ အဲဒီတော့ ဒီနေ့ကာလမှာလည်း ကျောင်းသားတွေဟာ လူထုရှေ့ကနေ ဆက်ရပ်ပြီး တိုက်ပွဲဝင်သွားလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ပြောသည်။
ကိုအောင်ကျော်၊ ကိုအောင်ဆန်း စသည့်ကျောင်းသားလူငယ်များသည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် နိုင်ငံလွတ်လပ်ရေးဆိုသည့် အမျိုးသားနိုင်ငံရေးတာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့ကြပြီး ၎င်းတို့ အစပျိုးခဲ့သည့် သမဂ္ဂစိတ်ဓာတ်၊ ကျောင်းသားစိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ်သည် လက်ရှိ မျိုး ဆက်သစ်ကျောင်းသားများ လက်ထက်ထိ ရှင်သန်နေဆဲဖြစ်သည်ဟု ကိုမင်းနိုင်က ပြောသည်။
၁၉၃၈ ခု ဒီဇင်ဘာ (၂၀) ရက်က ဗြိတိသျှနယ်ချဲ့အစိုးရနှင့် ဒေါက်တာဘမော်၏ညွန့်ပေါင်းအစိုးရအား ရန်ကုန်မြို့ရှိအတွင်းဝန်ရုံးတွင် သွားရောက်ဆန္ဒပြကြသည့်ကျောင်းသားများကို မြင်းစီးပုလိပ် များက နံပါတ်တုတ်ဖြင့် ရိုက်နှက်သည့်အတွက် ကိုအောင်ကျော်အပါအ၀င် ကျောင်းသား (၂၀၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နောက် (၂) ရက်အကြာ၌ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ဦးခေါင်းအရိုက်ခံရသည့် ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သည်။
Friday, December 21, 2007
ပြည်သူတရပ်လုံး တစုတစည်းတည်း တိုက်ပွဲဝင်မှ စစ်အာဏာရှင် အဆုံးသတ်မည်ဟု ဗကသ ကြေညာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment