ခေတ်ပြိုင်-ချမ်းလွန်/ ၂၆ ဒီဇင်ဘာ ၂၀၀၇
နအဖအာဏာပိုင်များက ယနေ့ အင်းစိန်ထောင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးသည့် ကိုထင်ကျော်အား မိသားစုအပါဝင် လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေတို့နှင့် တွေ့ခွင့်မပေးခဲ့ကြောင်းသိရသည်။
ကိုထင်ကျော်၏အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးမြင့်သိန်းနှင့်တကွ မိသားစုဝင်များ၊ နီးစပ်သူများသည် ထောင်တွင်းတရားရုံးသို့ ၀င်ခွင့်မရခဲ့ကြောင်း ကိုထင်ကျော်နှင့် နီးစပ် သူတဦးက ပြောသည်။
၎င်းက “ရှေ့နေက ဘာမှ လိုက်ပါဆောင်ရွက်ခွင့်မရတော့ နားလည်ရခက်တယ်ဗျာ ဗမာပြည်က ဥပဒေကတော့။ တရားသူကြီးကတမျိုး၊ ထောင်ကတမျိုး၊ (၁၈) ရက်နေ့ ရုံးချိန်းသွားတုန်းကလည်း ဒီမှာမရှိတော့ဘူး အင်းစိန်ထုတ်မယ်ဆိုလို့ (၂၆) ရက်နေ့ရုံးချိန်းထပ်ပေး၊ အခု (၂၆) ရက်နေ့ ဒီမှာ လာတော့လည်း အတွင်းထောင်ထဲမှာပဲ စစ်တော့မယ် ၀င်ခွင့်မရတော့ဘူးဆိုတော့ နောက်ရုံးချိန်း လည်း ကျနော်တို့ မသိတော့ဘူးဖြစ်နေတယ်။ ကျနော်တို့ ဘယ်လိုဆက်လုပ်ရမှန်းလည်း မသိ တော့ဘူးခင်ဗျ” ဟု ပြောသည်။
ယင်းသို့ ကိုထင်ကျော်၏ ရှေ့နေနှင့် မိသားစုဝင်များအား တွေ့ခွင့်မပေးဘဲ ထောင်ထဲတွင် စစ်ဆေး ခြင်းကြောင့် ကိုထင်ကျော်၏ ကျန်းမာရေးအခြေအနေသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေ သည်ဟု ကိုထင်ကျော်၏ မိသားစုဝင်များက ယူဆကြောင်း သိရသည်။
နအဖအာဏာပိုင်များဘက်မှ ယခုကဲ့သို ပြုမူခြင်းသည် တရားစီရင်ရေးဥပဒေကို လိုက်နာရန် ပျက် ကွက်ခြင်းဖြစ်ကြောင်း ကိုထင်ကျော်၏အမှုအား လိုက်ပါဆောင်ရွက်ပေးရန်ကြိုးစားသူ ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
၎င်းက “ပြည်သူရှေ့မှောက်မှာ တရားစီရင်ရမယ်၊ လွတ်လပ်စွာ တရားစီရင်ခွင့် ပြုရမယ်ဆိုတာကို တရားစီရင်ရေးဆိုင်ရာ အခြေခံမူမှာ အတိအကျပြဌာန်းထားတာပဲ။ ဥပဒေအရ တားမြစ်ထားခြင်း မှအပ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင်ရမယ်လို့ ပြဌာန်းထားတာရှိတာပဲ။ ဒီပြဌာန်းထားခြင်းနဲ့ အခုဖြစ်ပေါ်တဲ့ပြဿနာနဲ့က သတ်သတ်စီ ဖြစ်နေတာပေါ့နော်။ အဲဒီတော့ ဒီတရားစီရင်ရေးဥပဒေကို ဘယ်သူတွေက လိုက်နာဆောင်ရွက်မလဲ၊ လိုက်နာဆောင်ရွက်ရမယ့် တာဝန်ရှိသူတွေက လိုက်နာ မဆောင်ရွက်ဘူးဆိုတာကတော့ ရှင်းနေတာပဲ” ဟု ပြောသည်။
ကိုထင်ကျော်သည် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဦးဆောင်ဆန္ဒပြမှုဖြင့် ပြီးခဲ့သည့် သြဂုတ်(၂၅) တွင် ဖမ်းဆီးခံခဲ့ပြီး ယခုလ (၁၂) တွင် ပန်းဘဲတန်းရဲစခန်းတွင် ပြောင်းရွှေ့ချုပ်နှောင်ခံရကာ အစိုးရအား အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆို ခံထားရသည်။
ကိုထင်ကျော်သည် ပြီးခဲ့သည့် နိုဝင်ဘာ (၃၀) မှ စ၍ အစာငတ်ခံဆန္ဒပြနေခဲ့သဖြင့် ၎င်း၏ကျန်းမာရေး အခြေအနေမှာ စိုးရိမ်နေရသည်။
ယခုလ (၁၈) ရက်တွင် ကိုထင်ကျော်အား နအဖအာဏာပိုင်များက လုံခြုံရေးအကြောင်းပြကာ သတ်မှတ်ထားသည့် ပန်းဘဲတန်းတရားရုံးတွင် ရုံးထုတ်စစ်ဆေးမည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး အင်းစိန်ထောင်သီးသန့်တရားရုံးတွင် ပြောင်းရွှေ့စစ်ဆေးခဲ့သဖြင့် ရှေ့နေနှင့်တကွ မိသားစုဝင်များပါ သွားရောက်လိုက်ပါခွင့် မရှိခဲ့ပေ။ ။
Wednesday, December 26, 2007
ကိုထင်ကျော်အမှု ရုံးထုတ်သော်လည်း မည်သူမျှတွေ့ခွင့်မရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment