ကမာပုလဲ
နွေဦးကိုကျနော်ချစ်သည့့် ။
နွေဦးသည် ကျနော့အတွက် ရင်ခုန်ကြည်နူးစရာ၊ လွမ်းမောနှစ်လိုဘွယ်ရာ၊ တက်ကြွ ရွင်လန်းမှုတို့ကိုပါ နှစ်စဉ် အချိန်မှန် ဆောင်ယူ ရောက်ရှိလာတတ်သူဖြစ်
သည်။ နွေဦးရောက်ရှိလာတော့မည့် အချိန်ကာလကို ရင်တထိတ်ထိတ်နှင့် စောင့်မျှော်ခဲ့ရသည်မှာလည်း ကျနော့အတွက်မမောနိုင်၊ မပန်းနိုင်။ နွေဦးကို လွမ်းသည့် ကျနာ့်အလွမ်းကို ဘယ်လိုအလွမ်းမျိုးကမှ မပြိုင်နိုင်၊ မနိုင် နိုင်ဟုပင် စိတ်ထဲ ထင်မှတ်နေမိသည်။ ထိုမျှမက ကျနော်သည် နွေဦးအပေါ် ဂုဏ်ယူရူးသွပ်စွာ စွဲစွဲလန်းလန်း ချစ်ခဲ့ရပါသည်။
ကျနော်ငယ်ငယ်က နွေဦးအပေါ် အမှတ်ထင်ထင် မရှိခဲ့။ ဆောင်းရာသီ တလျှောက်လုံး နှစ်သက်စွာ ၀တ်ဆင်ခဲ့ရသည့် ဖလန်နယ် အနွေးအင်္ကျီလေးကို အမေက လျှော်ဖွပ်မီးပူတိုက်ပြီး ပရုပ်လုံးကလေးတွေညှပ်ကာ သိမ်းဆည်းထားတတ် သည့် အချိန်မျိုးတွင် နွေဦးရောက်လာတတ်မှန်း ကျနော်မသိခဲ့။ ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြား ထိတ်ထိတ်လန့်လန့် စာအော်ကျက်ရင်း နွေဦးကိုကျနော် သတိမထား မိခဲ့။ စာမေးပွဲကျခဲ့ရင် ဟူသောကြောက်စိတ်နှင့် ဇောချွေးတို့ ဖိစီးမှုအောက်မှာ နွေဥိး သည် ကျနော့အတွက် ပျောက်ဆုံးနေသောအရာ တခု ဖြစ်နေခဲ့ပါသည်။ နွေဦးကို ပျောက်ဆုံးနေရမှုနှင့် အတူ ပန်းကလေးတွေဖူးရာမှပွင့်ပုံ၊ ဆောင်းခိုကျေးငှက်ကလေး များ လွတ်မြောက်ရေးတေးသီကြွေးသံ၊ အရိုးပြိုင်းပြိုင်းထအောင် ရွက်ကြွေရိုးတံ တလျှောက် ဖူးသစ်စရွက်နုကလေးများရဲ့ ကကြိုးနဲ့ကကွက်ကလေးများကိုပါ ကျနော် ဆုံးရှုံးနေခဲ့ရပါသည်။
ကျနော့်မှာ နားရှိနေလျက် မကြားခဲ့၊ မျက်လုံးများရှိနေလျက် မကြည့်မြင်တတ် ခဲ့၊ နှလုံးသားရှိနေပါလျက် ကူးဆက်မခံစားနိုင်ခဲ့ပါ။
နွေဦးအတွက်တော့ ကျနော့်ဘ၀၊ ကျနော့ အရွယ်သည် ပီဘိ ကလေး တယောက်မျှသာ့။
ကျနော့်ဇာတိ မြစ်ဝကျွန်းပေါ် ဒေသသည် နွေ၊ မိုး၊ ဆောင်းဆိုသည့်ရာသီ စက်ဝန်း ပုံမှန်လည်ပတ်နေသော အရပ်ဒေသဖြစ်သည်။ ပင်လယ်ကိုမေးတင်ပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်များ ၀န်းရံနေသော ကျနော့်ဇာတိမြို့ကလေးသည် သုံးရာသီ ၀တ်စုံကို အလှည့်ကျဝတ်ဆင်ရင်း ရိုးသားစွာ လှနေတတ်သည်။ မိုးရွာထဲတွင် ကျောင်းတက်ရင်း၊ မျောက်ရှုံးအောင်ဆော့ကစားရင်း၊ ကြီးပြင်းခဲ့ရသည်။ နှင်းထုထဲ တွင် မီးလှုံရင်း၊ ကောက်ညှင်းပေါင်းနှင့်ငါးကြော်ကိုလွေးရင်း ဆောင်းကိုအံတုခဲ့ကြ သည်။ နေပူပြင်းသည့်နွေရာသီမျိုးမှာတော့ အမေ့တုတ်ကိုကြောက်လို့ နေ့ခင်း နေ့လည်တွင် အိပ်စက်ခဲ့ရသည်ကများသည်။ ထို့ကြောင့် နွေဦးသည် ကျနော့်ဘ၀ အမှတ်သညာရထား၏ ဆိုက်ရောက်နားခိုခြင်းကို ခံယူခွင့် မရရှိနိုင်ခဲ့သော ကြား ဘူတာရုံကလေး တခုပမာ ဖြစ်နေခဲ့ပါသည်။
နွေဦးနှင့်ကျနော်သည် ခပ်စိမ်းစိမ်းဖြစ်ခဲ့သည်။ မသိကျိုးကျွံ နေခဲ့ကြသည်။ ကျနော်ကနွေဦးအပေါ် အလေးအနက်မထားတတ်ခဲ့သလို နွေဦးကလည်း ကျနော့် အပေါ် သဘာဝကျကျ ဥပေက္ခာပြုထားခဲ့ပါသည်။ သို့ပါသော်ငြား နွေဦးနှင့်ကျနော့် အကြားတွင် အမုန်းမရှိ၊ အာဃာတမရှိ၊ အငြိုးအတေးမရှိ၊ ရန်ဘက်သဘောမျိုးမရှိခဲ့ ကြပါ။ ကျနော့်အရွယ်နှင့် ကျနော့်ဘ၀၏ ပြဌာန်းချက်သင်္ခန်းစာတွင် နွေဦးခံစားမှု အခန်းကို သင်ကြားတတ်မြောက်ရန် တန်းမမီသေးခြင်းကြောင့်သာ ဖြစ်မည် ထင်ပါသည်။
ဘ၀ထိုထိုသည် အဖြစ်အပျက်များကို သယ်ဆောင်ရင်း နှစ်ကာလများကို ဖြတ်သန်းသွားခဲ့ပါသည်။ ရှက်တတ်၊ ကြောက်တတ်၊ လွမ်းမောခံစားတတ်စအရွယ် တွင် ဥသြငှက်တကောင်၏ တေးသီသံမှတဆင့် နွေဦးနှင့်ကျနော် စတင်သိကျွမ်း ရင်းနှီးခွင့်ကို မထင်မှတ်ဘဲ ရရှိလိုက်သည်။ တနေ့သောနွေဦး၏ နံနက်ခင်းတခုတွင် ဖြစ်ပါသည်။
နှိုးစက်နာရီလေး တလုံးတလေမျှပင်မရှိသော အိမ်ကလေးတလုံးသည် ဆောင်းနှောင်းအရုဏ်ဦး၏ ထွေးပွေ့မှုအောက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ အိပ်မောကျလျက်ရှိနေပါသည်။ စွန့်ခွာစ အအေးဓါတ်နှင့် ထိုးဖေါက်ဝင်ရောက် နေရာယူလာသည့် အနွေးဓါတ်တို့၏ ပဋိပက္ခဖြစ်စဉ်အတွင်း ဥသြငှက်ကလေး တကောင်၏ တေးသီသံကို ကျနော်ကြားလိုက်ရသည်။ ကျနော့်ဘ၀၏ ပထမဆုံး ဥသြငှက်၏ တေးသီသံလည်းဖြစ်ပါသည်။ မျက်လုံးကိုမဖွင့်ဘဲ အိပ်ချင်မူးတူးဖြင့် ငှက်ကလေး၏တေးသီသံကို ကျနော်နားထောင်နေမိသည်။ ငှက်ကလေးသည် ဥသြ့ဥသြ ဆိုသည့် အသံကို မြှင့်ကာဝံ့ကာ၊ ဆင့်ကာဆက်ကာ အော်ဟစ်မြည်ကြွေးနေ သည်မှာ သူ့အသံ တိမ်ဝင်ပျောက်ကွယ်သွားသည်အထိဖြစ်ပါသည်။ အထီးကျန်ဆန် ခြင်း၊ လွမ်းဆွတ်တမ်းတရခြင်း ဆိုသည့် ခံစားချက်များကိုတိတိပပ နားမလည်တတ် သေးသောကျနော်သည် ငှက်ကလေး၏ တေးသီသံကို နားဆင်နေမိရင်းက အမျိုး အမည်ဖေါ်မပြနိုင်သော ခံစားမှုတမျိုးကို ခံစားနေရပါသည်။ ရင်ထဲတွင် သာယာ ကြည်နူးနေသလိုလို့ငှက်ကလေးအပေါ် ကိုယ်ချင်းစာသနားလာမိသလိုလို ဖြစ်ကာ ငှက်ကလေး၏တေးသီသံ ကွယ်ပျောက်သွားမှာကို စိုးရိမ်စိတ်ဖြင့် ရင် တထိတ်ထိတ် ခုန်နေပါတော့သည်။
ထိုစဉ် စာကျက်ချိန် အိပ်ယာနှိုးသံက ကျနော့်ကို ငှက်ကလေး၏တေးသံ ညို့ ကွင်းမှ လွတ်မြောက်စေခဲ့သည်။ အဖေဖွင့်လိုက်သော အိမ်ရှေ့တံခါးမကြီးမှတဆင့် မက်မုံရောင်တ၀က် လိမ္မော်ရောင်စွက်ထားသော နံနက်ခင်း၏ နေခြည်အလင်းတန်း တို့ထိုးဖေါက်ဝင်ရောက်လာပါသည်။ စကားပြောသံ၊ လှုပ်ရှားသွားလာသံများ၏ အောက်တွင် ဥသြငှက်ကလေး၏ တေးသီသံသည် တဖြည်းဖြည်နှင့် ဝေးရွေ့ဝေးကွာ သဲ့သဲ့မျှသာကြားရတော့သည်။ ရုတ်တရက် တိုးဝင်လာသော လေပြည်တွင် အနွေးဓါတ် ငွေ့ငွေ့ကလေးကို ထိတွေ့ခံစားလိုက်ရသည်။ ဒါ့နွေဦးဖြစ်မည်။
သေချာပါသည်။ ပျောက်ကွယ်လုလု ဥသြငှက်မလေး၏ တေးသီသံမှတဆင့် နွေဦးသည် ကျနော့်ရှေ့တည့်တည့်တွင် နှစ်လိုဘွယ်ရာအဆင်းနှင့် လှလှပပ တည်ရှိ နေပါပြီကော့။
မင်္ဂလာနံနက်ခင်းပါ့ နွေဦး။
ဘ၀နှင့် အရွယ်သည် အတွေ့အကြုံများစွာကို သိုမှီးရင်း နှစ်ကာလများကို ပျော်ဝင်စီးဆင်းစေခဲ့သည်။ ကျနော်နှင့်နွေဦးသည်လည်း အရင်ကလို စိမ်းစိမ်း ကားကား ဖြစ်မနေနေတော့။ တစစနှင့် ပိုလို့ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ ခိုက်ခိုက်တုန်အောင် ချမ်းစီးလှသည့် ဆောင်း၏အအေးဒဏ်ကို ကြိတ်မှိတ်ခံစားရင်း နွေဦးကိုမျှော်လင့်နေမိသည်။ ဥသြငှက်ကလေး၏ တေးသီသံကို နားစွင့်ရင်း နွေဦးကို လွမ်းဆွတ်တမ်းတနေမိသည်။ တဖြုတ်ဖြုတ်ကြွေလွင့်နေသော ဟောင်းရွက်ကြွေများ ကို ကရုဏာသက်စွာ ငေးကြည့်ရင်းက နွေဦးခြေသံကို ရင်ခုန်စောင့်စားနေမိသည်။ ကြာတော့ ကျနော်သည် နွေဦးမျှော်သူတယောက် ဖြစ်မှန်းမသိ ဖြစ်လာပါတော့ သည်။
ခါးသီးလှသော အအေးဓါတ်ကို သိမ်းဖျက်ဖို့ တိုက်ပွဲဝင်နေသည့်အနွေးဓါတ် ငွေ့ငွေ့ကလေးနှင့်အတူ နွေဦးရောက်ရှိလာတတ်သည်။ ဆောင်းနှောင်းနှင်းမှုံ လက်ကျန်တွေကြားမှာ နွေဦးရှိနေတတ်သည်။ ရွက်နုသစ်ဝေ ရိုးတံတွေပေါ်မှာ နွေဦး
နားခိုနေတတ်သည်။ မိုးနှင့် ဆောင်းရာသီတခုလုံး ပုန်းကွယ်နေတတ်သည့်ရွက်ကြွေ
တောလမ်းကလေးတွေအပေါ်မှာ နွေဦးလမ်းသလားနေတတ်သည်။ အမှောင်ကို ဖြိုခွင်းပြီး အလင်းကိုဆောင်ယူလာသည့် အရုဏ်ဦး၏ တပ်ဦးတွင် တက်ကြွစွာ ချီတက်နေသည့် နွေဦးကို တွေ့ရှိရတတ်သည်။ တနှစ်မှာ တခါသာပွင့်သည့် ပန်းပိတောက်ဝါရွှေရည်များကို ပန်ဆင်ကာ နွေဦးသည် ဣနြေ္ဒကြီးစွာ အလှဟန်ရေး ပြနေတတ်ပါသည်။
သို့နှင့် နွေဦးနှင့်ကျနော့်အကြား မမြင်နိုင်သော သံယောဇဉ်ကြိုးတံတား တခု ခိုင်ခိုင်မာမာဖြစ်တည်လာခဲ့သည်။ ရင်းနှီးကျွမ်းဝင်မှုမှာလည်း ပိုလို့နက်ရှိုင်းလာခဲ့ သည်။ ကျနော်ကနွေဦးကို တခုတ်တရမျှော်လင့်နေတတ်သလို နွေဦးကလည်း ကျနော့်အလွမ်းတို့ကို ပြန်လည်အသိအမှတ်ပြုခဲ့ပါသည်။
နွေးထွေးပွင့်လင်းသော၊ လှိုက်လှဲနူးညံ့သော နံနက်ခင်းများစွာကို နွေဦးထံမှ လက်ဆောင်အဖြစ် ကျနော်လက်ခံရရှိခဲ့ပါသည်။ အေးစက်တင်းမာခြင်းနှင့်နွေးထွေး သိမ်မွေ့မှု၊ တင်းကြပ်ပိတ်လှောင်နေသော အနှောင်အဖွဲ့နှင့် ပွင့်လင်းသာယာ လှသော လွတ်မြောက်မှု၊ အမှောင်နှင့်အလင်း၊ အဟောင်းနှင့်အသစ်တို့၏ ပဋိပက္ခနှင့် တိုက်ပွဲများကို နွေဦးက ကျနော့်အား စိတ်ရှည်လက်ရှည်သင်ကြားပေးခဲ့သည်။ ကျနော့်ဘ၀၏နွေဦးသင်္ခန်းစာများသည် တနေ့နှင့်တနေ့၊ တနှစ်နှင့်တနှစ် တိုး၍ တိုးလို့သာ့။
နွေဦးအပေါ် ကျနာ့်ခံစားမှု မြင့်တက်ခဲ့ပါသည်။ နွေဦးအပေါ် ဂုဏ်ယူလေးစား လာမိသည်။ နွေဦးကိုသေသေချာချာနားလည်လာခဲ့သည်။ ကျနော့်အဖို့နွေဦးသည် တနှစ်တခါ မပျက်မကွက် တွေ့ဆုံနိုင်သော ချစ်သူဖြစ်မှန်းမသိ ဖြစ်နေပါတော့သည်။
ကျနော်ကြုံတွေ့ဖြတ်သန်းခံစားခဲ့ရသည့် စပ်ကူးမတ်ကူး ရာသီဦးထဲတွင် နွေဦးသည် အလှဆုံးဖြစ်သည်။ ခါတရံ နောက်ကျတတ်သည်မှလွဲ၍ နွေဦးသည် နှစ်စဉ် မပျက်မကွက် တွေ့ဆုံနိုင်သော ချစ်သူ ဖြစ်မှန်းမသိဖြစ်နေပါတော့သည်။ နွေဦးရောက်လာလျှင် အရာရာသည်ပွင့်လင်း သစ်လွင်လှပလာသည်။
ကျောင်းစာသင်ခန်းထဲတွင် နွေဦးရှိသည်။ စမ်ချောင်းကလေးအတိုင်း စီးမျော နေသည့် ပန်းကလေးတပွင့်မှာ၊ လရောင်၏ချစ်သူလေညင်းမှာ၊ ရိုးပြတ်လယ်ကွင်းနဲ့ အလုပ်သမလေးတွေရဲ့ သနပ်ခါးဘဲကျား ရနံ့မှာ၊ ဗင်းဆင့်ဗင်ဂိုးရဲ့ ပန်းချီကား တွေမှာ၊ စက်ရုံတွေထဲက ချွေးစက်တွေပေါ်မှာ၊ ကမ္ဘာ့အဖိနှိပ်ခံ ပြည်သူလူထုကြီး၏ တော်လှန်ရေးတိုက်ပွဲများမှာ နွေဦး ရှိနေပါသည်။ှ
နွေဦးသည် ဖေါက်ပြန်ပျက်စီးနေသည့် အဟောင်းဘက်တွင်မနေ၊ လိုအပ်ဖြစ်ထွန်း လာမည့်အသစ်ဘက်တွင်နေသည်။ အဓမ္မ၏ အမှောင်ဘက်တွင်မရပ်၊ ဓမ္မတရား၏ အလင်းဘက်မှာရပ်သည်။ ကမ္ဘာလောက၏ အလှတရားကို ဖျက်ဆီးနေသောအရာ အားလုံးကိုငြင်းဖျက်၍ အစဉ်အလာကြီးမားသော အနုပညာအလှတရားတို့ကို မွေးဖွားပေးသည်။
ကဗျာဆရာကြီး ဗားတော့ဗရက်က
နှင်းတွေသိပ်သိပ်သည်းသည်း ကျနေရင် ပဲ စေ့ကလေးတွေ အညှောင့်မပေါက် နိုင်ရှာဘူး
ဟုဖွဲ့ဆိုခဲ့သည်။
ဖိနှိပ်မင်းမူကြီးစိုးနေသည့် နှင်းခါးခါးတို့ လွင့်ပျောက်ပျက်သုဉ်းမှုကို နွေဦး ရောက်လာချိန်က ပြဌာန်းပေးပါသည်။ နွေဦးရောက်လာလျှင် ပဲစေ့ကလေးတွေ အညှောင့်ပေါက်နိုင်မည်။ကျေးငှက်ကလေးတွေက လွတ်မြောက်ရေးတေးကိုဆိုမည်။ တတောလုံး ကြွေ ခဲ့ရသည့် သစ်ပင်တွေကလည်း နွေဦးအစိမ်း ၀တ်ရုံသစ်ကို ၀တ်ဆင်ကာ ပန်းပွင့်လှလှကလေးများ ဖူးပွင့်ဝေစည် နေမည်ဖြစ်သည်။
ကျနော့်အတွက်တော့ နွေဦးသည် ကဗျာ၊ နွေဦးသည် ဂန္ထ၀င်အလှတရား၊ နွေဦးသည် လွတ်မြောက်ရေးရဲ့ အရုဏ်ဦး၊ နွေဦးသည် ကမ္ဘာလောက၏ မပျက်သုဉ်း နိုင်သောသစ္စာတရားပင်ဖြစ်သည်။
လွမ်းပါတယ့့် နွေဦး။
ကမာပုလဲ
(၂၀၀၆ ခုနှစ်၊ သစ္စာ-၁၀အုပ်မြောက်မှာဖေါ်ပြခဲ့၊ ရက်စက်တဲ့ဆောင်းကို အံတုဖို့ ပြန်လည် ဖေါ်ပြလိုက်တာပါ)
Tuesday, December 25, 2007
ကျနော်နှင့် နွေဦးတမ်းချင်း
Posted by nanda at 6:23 PM
Labels: အက်ဆေး/၀တ္ထုတို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment