NEJ/ ၂၆ ဒီဇင်ဘာ ၂၀၀၇
မြန်မာ့တပ်မတော်သားများအနေဖြင့် ပြည်သူ့ဆန္ဒကို အသိအမှတ်ပြု အကောင်အထည်ဖော်ပေးသည့် ပြည်သူ့တပ်မတော်ဘ၀သို့ အသွင်ကူးပြောင်းရန်အတွက် အချိန်ကောင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် (ပီဒီအက်ဖ်) မှ တပ်မတော်သားများသို့ ပန်ကြားချက်တစောင် ထုတ်ပြန်လိုက်သည်။
ယနေ့ကျရောက်သည့် ပီဒီအက်ဖ်ဖွဲ့စည်းတည်ထောင်ခြင်း (၁၈) နှစ်မြောက်နေ့တွင် ပန်ကြားချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ပီဒီအက်ဖ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ငြိမ်းက “ပီဒီအက်ဖ်အနေနဲ့ တပ်မတော် ထဲမှာရှိတဲ့ တပ်မှူးတပ်သားတွေကို အဓိက တပ်မတော်ကြီးကို ပြုပြင်ပြောင်းလဲဖို့ ဇောင်းပေးပြော ထားတယ်။ ဘာကြောင့်လဲဆိုတော့ အခုနောက်ဆုံးဖြစ်ခဲ့တဲ့ စက်တင်ဘာလှုပ်ရှားမှုမှာ သံဃာတော် တွေကို အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်ထဲက တပ်မှူးတပ်သားအများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတယ်။ ဒီဟာနဲ့ပတ်သက်ပြီး သူတို့မှာ ခံစားချက်တွေရှိကြတယ်” ဟု ပြောသည်။
မြန်မာစစ်တပ်အတွင်း တပ်မှူးတပ်သားများ၏ မကျေနပ်မှုများသည် ပေါ်ပေါ်ထင်ထင်ရှိမည် မဟုတ် သော်လည်း အဆိုပါစိတ်ဓာတ်များ တိုးပွားလာနေသည်မှာ သေချာကြောင်း၊ စက်တင်ဘာ အရေး အခင်းအပြီး နအဖထိပ်ပိုင်းခေါင်းဆောင်များအပေါ် မကျေနပ်သည့်တပ်မှူးတပ်သားများ အများအပြား ရှိလာသည်ဟု ယူဆရကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဒီ စက်တင်ဘာအရေးအခင်းကာလမှာလည်း တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတခုက ဗိုလ်မှူး ဌေးဝင်း ဆိုတာ အထက်က တာဝန်ပေးတဲ့အတိုင်း သံဃာတော်တွေကို အကြမ်းဖက် နှိပ်ကွပ်ရမယ့် ကိစ္စတွေကို မလုပ်လိုတာကြောင့် ကေအန်ယူနယ်မြေထဲ ရှောင်တိမ်းလာတာတွေရှိပါတယ်” ဟု ၎င်းက ပြောသည်။
ယခင်က အရပ်သားများသည် စစ်တပ်မိသားစုအသိုင်းအ၀န်းများနှင့် ပုံမှန်ဆက်ဆံမှုများ ရှိခဲ့ သော်လည်း ယခုနောက်ပိုင်းတွင် တပ်မိသားစုအသိုင်းအ၀န်းများနှင့် ခပ်ကင်းကင်း နေလာသည်ကို သိသိသာသာတွေ့ရကြောင်း စက်တင်ဘာလှုပ်ရှားမှုအပြီးတွင် တပ်မှထွက်ပြေးလာသည့် ရဲဘော်တဦး၏ ပြောပြချက်ကို ကိုးကား၍လည်း ဦးမောင်မောင်ငြိမ်းက ဖြည့်စွက်ပြောကြားသည်။
၎င်းက “ပြည်သူက စစ်တပ်ကိုမုန်းရင် တပ်ထဲက တပ်မှူးတပ်သားတွေလည်း အလားတူ အမုန်းခံရ မှာဖြစ်တယ်။ ဒါကြောင့် အပေါ်က အမိန့်ပေးနေတဲ့ဗိုလ်ချုပ်ကြီးတွေကို ဖယ်ရှားပြီး တပ်မတော်ကို ပြုပြင်ပြောင်းလဲဖို့၊ ပြည်သူ့တပ်မတော်ဘ၀ကို အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းထားခြင်းဖြစ် တယ်” ဟု ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပသည့် ပြည်သူ့ကာကွယ်ရေးတပ် (၁၈) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ မဟာမိတ် အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသူများ တက် ရောက်ကြပြီး လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများအား ဆွေးနွေးကြသည်။ ။
Wednesday, December 26, 2007
နအဖတပ်သားများ ပြည်သူ့တပ်မတော်သားများအဖြစ် ကူးပြောင်းရန် ပီဒီအက်ဖ် တိုက်တွန်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment