ဧရာဝတီ-ကိုစိုး | ဒီဇင်ဘာ ၄၊ ၂၀၀၇
မြန်မာ စစ်အစိုးရ က လွန်ခဲ့သော ၂ ပတ်ခန့်အတွင်း အကျဉ်းသားပေါင်း ၈၅၀၀ ကျော် လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၃ ရက်အတွင်း အကျဉ်းသားပေါင်း ၈၅၈၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးရာတွင် နိုင်ငံခြားသား အကျဉ်းသား ၃၃ ဦး ပါဝင်သော်လည်း နိုင်ငံရေးအကျဉ်းသား ၂၀ခန့် သာပါဝင်ခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောသည်။
နိုဝင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့မှ အန်အယ်လ်ဒီ အဖွဲ့ဝင် ၂ ဦး လွတ်မြောက်လာခဲ့ကြောင်း၊ သို့သော် ယခုအစိုးရ လွှတ်သည့်စာရင်းတွင် ပါဝင်ခြင်း ရှိ မရှိ မသေချာကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောပြသည်။
အဆိုပါ အကျဉ်းသား ၈၅၈၅ ဦးကို အမျိုးသားညီလာခံ ကျင်းပပြီးစီးမှုနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်လုပ်ငန်း စတင်ခြင်း အထိမ်းအမှတ်အဖြစ်လွှတ်ပေးခြင်းဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
လွန်ခဲ့သော စက်တင်ဘာ ဆန္ဒပြပွဲများတွင် ဦးဆောင်သံဃာ တပါး ဖြစ်သည့် ဦးဂမ္ဘီရ၏ ဖခင် ဦးမင်းလွင်ကို စစ်အစိုးရက ယမန်နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဦးဂမ္ဘီရနှင့် ၎င်း၏ အကိုဖြစ်သူ ကိုကျော်ကျော်တို့မှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သိရသည်။
ဦးဂမ္ဘီရသည် ရှောင်တိမ်းပုန်းအောင်းနေစဉ် မန္တလေးတိုင်း ကျောက်ဆည်မြို့၌ နိုဝင်ဘာလ အစောပိုင်းတွင် စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး ၎င်း၏ အကိုနှင့်အတူ အင်းစိန် အကျဉ်းထောင်တွင်ထားရှိခဲ့သည်။
ဦးမင်းလွင်သည် ယခု မတ္ထီလာမြို့၌ ရှိနေပြီး သူအဖမ်းခံရစဉ် မန္တလေးအကျဉ်းထောင်တွင် အန်အယ်လ်ဒီ အဖွဲ့ဝင် ကိုရွှေမောင်းနှင့် ကိုတင်ကို တို့ကို တွေ့ဆုံခဲ့ရသည်ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
အဖမ်းဆီးခံရထားရစဉ် ထောင်တွင်း အစားအသောက် အခက်အခဲကြောင့် အားနည်းနေသည့်အတွက် ယခုအခါ ဆေးကုသမှုခံယူနေရသည်ဟုလည်း ဦးမင်းလွင်က ပြောသည်။
ယခုကဲ့သို့ အကျဉ်းသားများလွှတ်ပေးခြင်းသည် စစ်အစိုးရက နိုင်ငံတကာကို ရုပ်ပြသဘောလုပ်ဆောင်ပြခြင်းသာဖြစ် သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။
“ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်ဆိုတဲ့သဘောနဲ့ အခုအကျဉ်းသားတွေ လွှတ်ပေးတာလည်းဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား ပေါင်း ၁၁၅၈ ဦးခန့် လွတ်မြောက်ရန် ကျန်ရှိနေသေးကြောင်း အေအေပီပီ၏ အဆိုအရ သိရသည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment