ဧရာဝတီ-ကိုစိုး | ဒီဇင်ဘာ ၄၊ ၂၀၀၇
မြန်မာစစ်အစိုးရ၏ ယမန်နေ့က ပြုလုပ်သော ၂/၂၀၀၇ သတင်းစာရှင်းလင်းပွဲသည် အတိုက်အခံနိုင်ငံရေးပါတီ များ၊ ၈၈ မျိုးဆက်ကျောင်သားများနှင့် ပြည်ပရှိ ဒီမိုကရေစီ အင်အားစုများကြောင့် တိုင်းပြည် ဆူပူသောင်းကြမ်းမှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း တဘက်သတ် ရှင်းလင်းပွဲသာဖြစ်သည်ဟု စစ်အစိုးရအတိုက်အခံများကပြောသည်။
နေပြည်တော်တွင်ပြုလုပ်သော အဆိုပါသတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (အန်အယ်လ်ဒီ)ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ဒီ သတင်းစာရှင်းလင်းပွဲ တခုလုံးကို ခြုံပြောရရင်တော့ သူတို့ က စက်တင်ဘာ အရေးအခင်းရော၊ ကျနော်တို့ အားလုံး ဘယ်သူမှ အပြစ်မကင်းဘူး၊ အစိုးရ ဆန့်ကျင်သူတွေ အားလုံး အပြစ်ရှိတယ်၊ ဒါကို စွပ်စွဲ ပြောဆိုနေတာပဲလို့မြင်ပါတယ်”ဟု ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်ကလည်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့အား စွပ်စွဲချက်များကို ငြင်းဆိုသည်။
ယင်း သတင်းစာရှင်းလင်းပွဲ၌ ပြန်ကြားရေးဝန်ကြီးဗိုလ်မှူးချုပ်ကျော်ဆန်းက ခြေခံဥပဒေမူကြမ်း ရေးဆွဲရာတွင် ကျွမ်းကျင်သည့် ဥပဒေပညာရှင် အလုံအလောက် ပါဝင်နေသောကြောင့် ဆန့်ကျင်ဘက်အဖွဲ့များနှင့် ပြန်လည် ညှိနှိုင်းရန် လက်ရှိအခြေအနေနှင့် မကိုက်ညီတော့ကြောင်း၊ အခြားပြည်ပပုဂ္ဂိုလ်များ၏ အကူအညီအကြံဥာဏ်များ လည်း မလိုအပ်ကြောင်း အမျိုးသားညီလာခံက ချမှတ်ထားသည့်အခြေခံမူများဖြင့် အခြေခံဥပဒေရေးဆွဲရေးကို စတင် နေပြီဖြစ်ကြောင်း ပြောကြားသည်။
စစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးကို အကြိမ်ကြိမ်ပြောဆိုနေပြီး အခြေခံဥပဒေရေးဆွဲရာတွင် အတိုက်အခံ အဖွဲ့ တဦးတလေမျှ ပါဝင်ရန်မလိုကြောင်းပြောခြင်းကို ရခိုင်တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်သူ ဦးအေးသာအောင် က ဝေဖန်ပြောဆိုသည်။
“အခုလို ဗိုလ်ချုပ်တွေက တဘက်သတ်လုပ်နေမယ်ဆိုရင် ဘာဖြစ်လို့တွေ့ဆုံဆွေးနွေးရေး လုပ်နေတော့မလဲ၊ တွေ့ဆုံဆွေးနွေးရေးလုပ်မယ်လို့ပြောတာဟာ လှည်းဖြားမှုတခုပဲဖြစ်မှာပေါ့”ဟု ဦးအေးသာအောင်က ပြောသည်။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း စစ်အစိုးရက ၎င်းတို့၏ လမ်းပြမြေပုံအဆင့် အတိုင်း ဆက်လက် အကောင်အထည်ဖော်လုပ်ဆောင်နေခြင်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်းတွေ့မြင်နေရသည်ဟုပြောသည်။
“အခြေခံဥပဒေကို ဝေဖန်ပြောဆိုဆွေးနွေးခွင့်မရှိဘူးဆိုတာပြနေတာပဲ၊ ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မှ တွေ့ဆုံဆွေးနွေးဖို့၊ အအမျိုးသားရင်ကြားစေ့ရေးလုပ်ဖို့ စစ်အစိုးရက ဆန္ဒမရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့တွေ့ဆုံမှုဟာ ရုပ်ပြပါပဲ”ဟု သခင်ချန်ထွန်းက ပြောသည်။
သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက စက်တင်ဘာ သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများ နှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများ အပါအ၀င် ပြည်ပ အခြေစိုက် FDB (Forum for Democracy in Burma) အဖွဲ့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ) တို့ကို အပြစ်ဖို့ စွပ်စွဲပြောဆိုသည်။
“အန်အယ်လ်ဒီ အဖွဲ့ဝင်တွေဟာ ဒီဆန္ဒပြပွဲမှာ မိမိတို့ ဆန္ဒအလျှောက်ပါဝင်တာရှိပါတယ်၊ ဒါပေမယ့် အကြမ်းဖက်တဲ့ ကိစ္စကတော့ ဆန္ဒပြတဲ့ လူတွေမှ မကျူးလွန် ပဲ၊ သံဃာတော်တွေလည်း မကျူးလွန်ဘူး၊ ကျောင်းသားတွေလည်း မကျူး လွန်ဘူး၊ ပြည်သူလူထုလည်း မကျူး လွန်ဘူး၊ အကြမ်းဖက်မှု ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ အားလုံး သိကြတဲ့အတိုင်းပဲ”ဟု ဦးဥာဏ်ဝင်းက ပြောသည်။
ယခုအချိန်သည် အမျိုးသား ရင်ကြားစေ့ရေးအတွက်တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် အခြေခံဥပဒေ ရေးဆွဲရေးနှင့် လမ်းစဉ် ၇ ရပ်အပါအ၀င် တွေ့ဆုံဆွေးနွေးရေး ထိခိုက် မည့် ကိစ္စများအား လောလောဆယ်တွင် ပြောဆိုရန်မရှိဟုလည်း ဦးဥာဏ်ဝင်း ပြောသည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment