Friday, November 9, 2007

ကံဆောင် သပိတ်မှောက်ရန် ပခုက္ကူတွင် နှိုးဆော်စာများကပ်

နိုဝင်ဘာလ ၉ ရက် ၂၀၀၇

မကွေးတိုင်း ပခုက္ကမြို့ရှိ စာသင်တိုက်ကြီးများ အနီး ဓာတ်တိုင်များတွင် မေတ္တာပို့ စီတန်းကြွချီခြင်း ပြန်လည် လုပ်ဆောင်ရန် အတွက် သံဃာတော်များကို နှိုးဆော်သည့် စာများ ယနေ့တွင် လိုက်လံ ကပ်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း နိုင်ငံတဝှမ်း ပတ္တနိကုဇ္ဇန ကံဆောင်မှု စတင် ဖြစ်ပေါ်စေခဲ့သည့် ဆန္ဒပြ သံဃာတော်များကို အာဏာပိုင်များမှ အကြမ်းဖက် တိုက်ခိုက်ရာ မကွေးတိုင်း ပခုက္ကူမြို့တွင် သပိတ်မှောက် ကံဆောင်မှုကို ဆက်လက် လုပ်ဆောင်ရန် လှုံ့ဆော်ထားသည့် လက်ရေး စာစောင်များကို ကျောင်းတိုက်ကြီးများအနီး ဓာတ်တိုင်များ၌ ယနေ့ နံနက်ပိုင်းက ကပ်ထားခြင်း ဖြစ်သည်။

“ဒီကနေ့မနက် တွေ့ခဲ့ရတယ်။ အလက (၃) အရှေ့ဘက်က အရှေ့တိုက် အဝင်ဝ ဓာတ်တိုင်မှာ လက်ရေးနဲ့ ကပ်ထားတယ်။ မနက်ဖြန်မှာ မေတ္တာပို့ စီတန်းလမ်းလျှောက်ဖို့ ရေးထားတဲ့ နှိုးဆော်စာပါ” ဟု စာသင်တိုက်ကြီး တခုမှ သံဃာတော် တပါးက မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက နအဖ အမျိုးသား ညီလာခံ လူထု ထောက်ခံပွဲကို ဆန့်ကျင် ဆန္ဒပြသည့် အနေဖြင့် ပခုက္ကူ သံဃာတော်များ စီတန်းလမ်းလျှောက် မေတ္တာပို့ရာတွင် ဦးဆောင်ခဲ့သည့် သံဃာ့ ခေါင်းဆောင် များသည် ထွက်ပြေး တိမ်းရှောင်နေရသော်လည်း ကံဆောင်မှု ဆက်လက် လုပ်ဆောင်ရန်အတွက် လက်ဆင့်ကမ်း ခေါင်းဆောင် သံဃာတော်များက ယခုလို နှိုးဆော်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု အခြား သံဃာတော် တပါးက မိန့်ကြားသည်။

မြန်မာပြည်တွင် သံဃာထု ဒုတိယအများဆုံး သီတင်းသုံးရာ ပခုက္ကူတွင် မဟာဝိဇယာရာမ (အရှေ့တိုက်)၊ မဟာဝိသုတာရာမ (အလယ်တိုက်)၊ သာသနာ့ ဝိပုလာရာမ (အနောက်တိုက်) ဟူ၍ စာသင်တိုက်ကြီး ၃ တိုက်ရှိရာ ဗောဓိမဏ္ဍိုင်၊ မြတိုက်၊ မတ္တထောင် စသည့် စာသင်တိုက်ငယ်များ ရှိပြီး အခြား ကျောင်းတိုက်ငယ်များနှင့် ဆိုပါက သံဃာတော်ပေါင်း ၄ဝဝဝ ကျော်ရှိသည်။

ပခုက္ကူ မြို့ပေါ်ရှိ GSM ဖုန်းလိုင်းများသည် ပြီးခဲ့သည့် ၅ ရက်ခန့်မှ စတင်၍ ပြတ်တောက်ခဲ့ပြီး ယနေ့တွင် ပြန်ဖွင့် လာကြောင်း သိရသည်။

မဇ္ဈိမသတင်းဌာန

0 comments: