Friday, November 9, 2007

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်ရန် ပြင်ဆင်

ဧရာဝတီ | ဇွန် ၁၅၊ ၂၀၀၇

ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၂ နှစ်ပြည့် မွေးနေ့ပွဲကိုကျင်းပရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံးတွင်ပြုလုပ်မည်ဖြစ်ပြီး မိုးပျံပူဖောင်းများနှင့် ငြိမ်းချမ်းရေး ချိုးငှက်များလွှတ်မည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ဧရာဝတီကို ပြောသည်။

၎င်းမွေးနေ့ပွဲအခမ်းအနား၌ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပါတီဝင်များပါဝင်ဆွေးနွေးမည့် စကားရည်လုပွဲကိုလည်း ကျင်းပ မည်ဟု ဦးမြင့်သိန်းက ပြောသည်။

ထို့အပြင် ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန် နိုင်ငံများအပါအ၀င် နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် လည်း ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့် မွေနေ့အခမ်းအနားများ ပြုလုပ်မည် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်၄၂ ပြည်နယ်တွင် အစုအဖွဲ့ ၂၅၀ က နေအိမ်အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံသောအားဖြင့် တရက်တာ ၎င်းတို့၏နေအိမ်မှမထွက်သည့် လှုပ်ရှားမှုကို လုပ်ဆောင်မည်ဟု သိရသည်။

ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယနှင့် ကနေဒါ နိုင်ငံများမှ လွှတ်တော်အမတ်များကလည်း နောက်ထပ် လှုပ်ရှားမှုများ ကို လုပ်ဆောင်ရေးအတွက် ၎င်းတို့၏အစိုးရများထံတောင်းဆိုရန် စီစဉ်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့တွင် စစ်အစိုးရကို ကျောထောက်နောက်ခံပြုနေသည့် တရုတ်အစိုးရအား ဆန့်ကျင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်လည်း ၀ါရှင်တန်အခြေစိုက် US Campaign for Burma (USCB) အဖွဲ့မှ ယမန်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတွင် စစ်အစိုးရအား အရေးယူ ဆောင်ရွက်ရေး အဆိုကို အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က ဦးဆောင်တင်သွင်းပြီး တရုတ်နှင့် ရုရှားနိုင်ငံတို့က ဗိတိုအာဏာသုံး၍ ပယ်ချခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်မှုအပြီးမှစ၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၄ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်များတွင်လည်း နေအိမ်အကျယ်ချုပ် ၂ ကြိမ် ကျခံခဲ့ရသောကြောင့် နေအိမ်အကျယ်ချုပ်ဘ၀ဖြင့်နေရချိန် စုစုပေါင်းမှာ ၁၁ နှစ်ကျော်ပြီ ဖြစ်သည်။

အန်အယ်လ်ဒီအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှုကို မေလမှစ၍ မြန်မာနိုင်ငံတ၀န်းပြုလုပ်ခဲ့ကြပြီး ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ၀တ်ပြုဆုတောင်းပွဲများကို ပြုလုပ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှုကို လုပ်ဆောင်သောကြောင့် အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် မစုစုနွေးနှင့် မဖြူဖြူသင်း အပါအ၀င် ၄၀ ကျော် ကို စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး မစုစုနွေးတယောက်သာ ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေအသင်း (မြန်မာနိုင်ငံ) က အတည်ပြု ပြောဆိုသည်။
လွန်ခဲ့သည့်အပတ်မှစ၍ စစ်အစိုးရက ရန်ကုန်မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား အစုအဖွဲ့များဖြင့် ပြုလုပ်သည့် အလှူပွဲများကိုလက်မခံရန်၊ ပြုလုပ်လိုပါက မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်၏ အတည်ပြုချက်ဖြင့်သာ အလှူလက်ခံရန် ညွှန်ကြားထားကြောင်း သိရသည်။

1 comments:

Test said...

အရင်နှစ် က သတင်းကြီး ဗျ...