Thursday, November 8, 2007

ကုလကိုယ်စားလှယ်အပေါ် နအဖ ရိုးသားမှုမရှိဟု အတိုက်အခံများ ပြောဆို

နိုဝင်ဘာလ ၈ ရက် ၂၀၀၇

နအဖ က ကုလ အထူးကိုယ်စားလှယ်ကို ယမန်နေ့က ထုတ်ဖော် ပြောဆိုခဲ့သော မကြာသေးခင်က ဖမ်းဆီး ပြန်လွှတ်ခဲ့သည့် ဆန္ဒပြသူများ စာရင်းအပေါ် အတိုက်အခံ အင်အားစုများက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

နအဖ ၏ မြန်မာ့အလင်း သတင်းစာတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် ကျော်ဆန်းမှ လက်ရှိ မြန်မာနိုင်ငံ အခြေအနေများကို မစ္စတာ ဂမ်ဘာရီသို့ ရှင်းပြရာတွင် ဖမ်းဆီးပြန်လွှတ် စာရင်းများ ပြောကြားရာ၌ ရန်ကုန်မှ ၂၂၈၄ ဦးကို ဖမ်းဆီးရာ ၂၂၃၅ ဦး ပြန်လွှတ်ခဲ့ပြီး၊ နိုင်ငံတဝန်း ဖမ်းဆီးခဲ့သည့် ၆၄၃ ဦးအနက် ၆ဝ၁ ဦး ပြန်လွှတ်ပြီးကြောင်းနှင့် ဆက်လက်၍ ၉၁ ဦးကို အကျဉ်းထောင်များတွင် ဆက်လက် ထိန်းသိမ်းထားသည် ဟူသည့် ပြောဆိုချက်အပေါ် ယခုလို အတိုက်အခံ အင်အားစုများက ရှုတ်ချလိုက်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) - အေအေပီပီ က စစ်အစိုးရ၏ ဖမ်းဆီးပြန်လွှတ် စာရင်းအပေါ် ငြင်းပယ်လိုက်သည်။ အေအေပီပီ က နအဖ မှ ၈၂၁ ဦး ဖမ်းဆီးခဲ့ရာတွင် ၂၁၈ ဦးသာ ယခုအချိန်အထိ ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင် က “သူတို့ (နအဖ) ထုတ်ပြန်တဲ့ ဖမ်းဆီးပြန်လွှတ် စာရင်းတွေဟာ လက်မခံနိုင်စရာ၊ မဖြစ်နိုင်စရာတွေပါပဲ။ အတည်မပြုနိုင်တဲ့ စာရင်းအရ ပျောက်ဆုံးနေသူကိုက ၇၂ ယောက်ရှိတယ်” ဟု ပြောသည်။

အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း “ပါတီစာရင်း အရဆိုရင် ဖမ်းဆီးခံထားရတဲ့ ပါတီဝင်ပေါင်း ၁ဝဝ ကျော်တောင် ရှိနေပါသေးတယ်” ဟု ပြောဆိုသည်။

ဗိုလ်ချုပ်ကျော်ဆန်းက မစ္စတာ ဂမ်ဘာရီကို ပြောကြားချက်ကို နအဖ သတင်းစာက ဖော်ပြရာ၌ ဆန္ဒပြပွဲကို နှိမ်နင်းရာတွင် သံဃာတော် တပါးတလေမှ သေဆုံးခြင်း မရှိသလို၊ လူ ၁ဝ ဦးသာ သေဆုံးပြီး ၁၄ ဦးသာ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

“ဒါကတော့ အံ့သြစရာပဲ။ အစိုးရ တရပ်အနေနဲ့ လက်လွတ်စပယ် ပြောတာကတော့ အဓိပ္ပာယ် မရှိဘူး၊ မပြောသင့်ဘူး။ ဆန္ဒပြပွဲအတွင်း ဘုန်းကြီးတွေ သေဆုံးခဲ့တာကို လူတိုင်း သိတာပဲ။ ပြောရမယ်ဆိုရင် မြစ်ကြီးနားက ယုဇနကျောင်းတိုက် ဆရာတော် ဦးသီလဝံသကို စစ်သားနဲ့ ရဲတွေက ကျောင်းတိုက်ကို လာပြီး စက်တင်ဘာလ ၂၅ ရက်မှာ ဝင်ဖမ်းတယ်။ နောက်တရက် ၂၆ ရက်နေ့မှာ ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူခဲ့တယ်” ဟု အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို နအဖ စစ်အစိုးရမှ အကြမ်းဖက် နှိမ်နင်းစဉ်အတွင်း လူပေါင်း ၁ဝဝ ကျော် အနည်းဆုံး သေဆုံးခဲ့သည်ဟု သူက ဆက်ပြောသည်။

“စစ်အစိုးရကတော့ ဘယ်သူ့မှ ဂရုစိုက်တာမဟုတ်ဘူး။ ကုလကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကို လိမ်ညာတယ်ဆိုတာ အတိအလင်း ပြနေတာပဲလေ။ ဘယ်တော့မှ တွေ့ဆုံ ဆွေးနွေးရေးကို လိုလားတာ မဟုတ်ဘူး။ သူတို့ အစီအစဉ်အတိုင်း သူတို့ သွားဖို့ ဆုံးဖြတ်ထားတယ်လေ။ ဥပမာ သူတို့ လမ်းပြမြေပုံ အတိုင်းပေါ့” ဟု ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး အင်အားစု (အန်ဒီဒီ) မှ သုတေသနဌာနမှူး ဦးဌေးအောင်က ပြောသည်။

ယခုလို အဖြစ်အပျက်သည် နအဖ စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးနေသည့် ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၏ လုပ်ငန်းတာဝန်သည် အောင်မြင်သည်ဟု မပြောဆိုနိုင်ကြောင်းနှင့် နအဖ နှင့် တွေ့ဆုံ ဆွေးနွေးနေမည့်အစား ကုလသမဂ္ဂ အနေဖြင့် လက်တွေ့ကျသည့် အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်သင့်ကြောင်း သူက ပြောသည်။

သူက ဆက်ပြီး “မစ္စတာ ဂမ်ဘာရီ ခရီးစဉ်က အစကတည်းက ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ကျနော်တို့ ထင်မထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ စစ်အစိုးရဟာ ကမ္ဘာပေါ်မှာ ခေါင်းအမာဆုံး အစိုးရ ဖြစ်တယ်” ဟု ပြောသည်။

စရဖ အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်နှင့် တရုတ်နယ်စပ် အပစ်ရပ်အဖွဲ့များ တွေ့ဆုံ
နိုဝင်ဘာလ ၈ ရက် ၂၀၀၇

စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) အရာရှိချုပ် ဗိုလ်ချုပ် ရဲမြင့် ဦးဆောင်သည့် အဖွဲ့သည် တရုတ်-မြန်မာ နယ်စပ်တကျောရှိ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် လွန်ခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ တွေ့ဆုံ ဆွေးနွေးမှု့များ ပြုလုပ်နေခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးရန် အတွက် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွေမှ အထူး ကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့်လ ၂၄ ရက်နေ့မှ စတင်၍ ယခုလဆန်း ၃ ရက်နေ့အထိ ရှမ်းပြည်နယ် ကျိုင်းတုံ၊ လားရှိုးနှင့် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု သိရခြင်း ဖြစ်သည်။

ဗိုလ်ချုပ် ရဲမြင့်သည် အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည် (အရှေ့ပိုင်း) ကျိုင်းတုံတွင် UWSA ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် ညနေပိုင်းတွင် မိုင်းလား အခြေစိုက် အထူးဒေသ ၄ အဖွဲ့နှင့် လည်းကောင်း၊ သည့်နောက် ရှမ်းပြည် (မြောက်ပိုင်း) အပစ်ရပ် အဖွဲ့များ ဖြစ်သည့် SSA(N) ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း)၊ KDA ကချင် အမျိုးသား ကာကွယ်ရေး တပ်မတော်၊ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ ၁ ကိုးကန့်အဖွဲ့ တို့နှင့် အောက်တိုဘာလ ၂၈ ရက်နေ့တွင် လားရှိုးတွင် လည်းကောင်း၊ သည့်အပြင် ကချင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သော KIA ကချင် လွတ်လပ်ရေး တပ်မတော်၊ NDAK ဒီမိုကရေစီသစ် တပ်မတော် (ကချင်) တို့ကို ယခုလ ၂ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားတွင် လည်းကောင်း တွေ့ဆုံခဲ့သည်ဟု အပစ်ရပ် အဖွဲ့များနှင့် နီးစပ်သူများ အဆိုအရ သိရသည်။

သို့သော် သက်ဆိုင်ရာ အဖွဲ့များကို တိုက်ရိုက် ဆက်သွယ်၍ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဗကပမှ ခွဲထွက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့နှင့် ပေါင်းစည်းထားသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ဦး အပါအဝင် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့မှ ပြီးခဲ့သည့် လလည်ပိုင်းက ကျေညာချက်များ ထုတ်ပြန်အပြီး ဗိုလ်ချုပ် ရဲမြင့်နှင့် အပစ်အခတ်ရပ် လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“ကမ္ဘာ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ လာချိန်နဲ့လည်း တိုက်ဆိုင်တယ်။ အပြည်ပြည်ဆိုင်ရာ ဖိအားတွေ များနေတာလည်း ပါတာပေါ့။ ငြိမ်းအဖွဲ့တွေ ဘက်ကတော့ ကျေညာချက်ထဲက အတိုင်း တောင်းဆိုကြတာလို့ ကိုယ်တော့ ကြားတယ်” ဟု တရုတ်-မြန်မာနယ်စပ်မှ စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

သူက ဆက်ပြီး “နောက်တခု ကြားတာက ဗိုလ်ချုပ် ရဲမြင့်ကနေ ကုလသမဂ္ဂက တဖက်စောင်းနင်း လုပ်တယ်ဆိုပြီး မစ္စတာ ဂမ်ဘာရီကို နှင်ထုတ်ချင်တယ်။ အခုတွေ့တဲ့ တိုင်းရင်းသားတွေကတော့ ရဲမြင့်က ဒါမျိုး မပြောဘူးလို့တော့ ငြင်းကြတယ်” ဟု ပြောသည်။

စစ်အစိုးရမှ ဖမ်းဆီးထားသည့် ဗိုလ်ချုပ် ဆေထင်ကို ပြန်လွှတ်ပေးရန် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့မှ တောင်းဆိုခဲ့ကြောင်းနှင့် ဗိုလ်ချုပ် ရဲမြင့်က နအဖ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ချုပ်ဆိုထားသည့် ကတိကဝတ်များကို မမေ့ကြရန်နှင့် နောက်နောင်ကိုလည်း အစဉ်သဖြင့် လက်တွဲ ဖြေရှင်းကြရန် ပြောကြားခဲ့သေးကြောင်း သိရသည်။

အမိန့်မနာခံတဲ့ စစ်ခေါင်းဆောင် နှစ်ယောက် ချောင်ထိုးခံရ
နိုဝင်ဘာလ ၈ ရက် ၂၀၀၇

သံဃာတော်များ ဦးဆောင်သည့် စက်တင်ဘာလ ဆန္ဒပြပွဲများကို ဖြိုခွဲ နှိပ်ကွပ်ရန်အတွက် အမိန့်နာခံခြင်း မရှိသော စစ်ခေါင်းဆောင် နှစ်ဦးကို ပြစ်ဒဏ်ပေးသည့် အနေဖြင့် နအဖ စစ်အစိုးရက ဒုတိယ ဝန်ကြီးများအဖြစ် ဗုဒ္ဓဟူးနေ့က ခန့်အပ် လိုက်သည်။

ဗိုလ်ချုပ်ဝင်းမြင့်ကို အမှတ် ၂ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်၎င်း၊ ဗိုလ်ချုပ် တင်ထွန်းအောင်ကို ဒုတိယ အလုပ်သမား ဝန်ကြီးအဖြစ်၎င်း ခန့်အပ်လိုက်သည်ဟု အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် ယနေ့ ဖော်ပြထားသည်။

“သူတို့ (ဝင်းမြင့်နှင့် တင်ထွန်းအောင်) တို့ကို သန်းရွှေက ရန်ကုန်နဲ့ မန္တလေးမှာ ပစ်မိန့်ပေးတာကို နားမထောင်တဲ့ အတွက် ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ ဒုတိယ ဝန်ကြီးတွေအဖြစ် အထက်ကို တင်လိုက်တာပါ” ဟု ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် မြန်မာ့စစ်ရေး လေ့လာသူ ကိုဝင်းမင်းက ပြောသည်။

မကြာသေးခင်က ဆန္ဒပြပွဲအတွင်း ပဲခူး အခြေစိုက် တပ်မဟာ ၇၇ မှ တပ်မမှူး ဝင်းမြင့်ကို ရန်ကုန်သို့ ဆင့်ခေါ်ခဲ့သည်။ စစ်ကိုင်း အခြေစိုက် တပ်မ ၃၃ တပ်မမှူး တင်ထွန်းအောင်ကိုမူ မန္တလေး ဆန္ဒပြပွဲသို့ ခေါ်ယူခဲ့သည်။ သူတို့ နှစ်ဦးစလုံးသည် အမိန့် ပေးထားသည့်အတိုင်း ချက်ချင်း ပစ်ခတ်ခြင်း မရှိခဲ့ကြောင်း ကိုဝင်းမင်း အဆိုအရ သိရသည်။

စစ်တပ်ဖွဲ့များ ပေါင်းစည်းခိုင်းရာ၌ စစ်ခေါင်းဆောင် နှစ်ဦးသည် အမိန့်နာခံခြင်း မရှိပေ။ “ပြည်မြို့ အခြေစိုက် တပ်မ ၆၆ အသစ်နဲ့ မကွေးအခြေစိုက် တပ်မ ၈၈ ကို ရန်ကုန်နဲ့ မန္တလေးဆီကို ညတွင်းချင်း အသီးသီး ပို့ခဲ့တယ်” ဟု ကိုဝင်းမင်းက ဆက်ပြောသည်။ “ပစ်ခတ် နှိမ်နင်းမှုတွေဟာ ရန်ကုန်မှာ အပြင်းအထန် ဖြစ်ခဲ့တယ်။ မန္တလေးမှာတော့ လျော့နည်းခဲ့တယ်” ဟု သူက ဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့စစ်ရေး အကဲခတ် ဦးဌေးအောင် အဆိုအရ မြန်မာအစိုးရ တပ်ဖွဲ့များ၏ အရာရှိများ အကြား ဖြုတ်ချမှုများ ပိုမို၍ များပြားလာသည်ဟု သိရသည်။ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၃ ဗိုလ်ကြီး ဝင်းထွန်းအောင်ကိုမူ မန္တလေးတွင် ဆန္ဒပြ သံဃာတော်များကို ဆွမ်းနှင့် ရေ ကပ်လှူခဲ့သဖြင့် စစ်ရုံးချုပ်က ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့သည်။

လူထုဆန္ဒပြပွဲများအတွင်း ဗုဒ္ဓဘာသာဝင် သံဃာတော်များကို အကြမ်းဖက် တိုက်ခိုက်ရန် သဘောမတူခဲ့သည့် တပ်မ ၉၉ မှ ဗိုလ်ကြီး လှဝင်းသည် နယ်စပ်သို့ ထွက်ပြေး လာခဲ့သည်။ လန်ဒန်ရှိ မြန်မာသံရုံးမှ လက်ထောက် အတွင်းဝန် တဦးသည်လည်း ရာထူးမှ နှုတ်ထွက်ခဲ့သည်။

မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်

0 comments: