Thursday, November 8, 2007

ဒေါ်စုနှင့် ဂန်ဘာရီ တွေ့ဆုံ

ဧရာဝတီ/ကိုစိုး | နိုဝင်ဘာ ၈၊ ၂၀၀၇
ကုလမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ၎င်း၏ ခရီးစဉ် ပြီးဆုံးသည့် ယနေ့ မပြန်ခင် နာရီပိုင်း အလိုတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့် ရသွားကြောင်း သိရသည်။

စစ်အစိုးရ၏ အကျယ်ချုပ်ချထားသော နေအိမ်မှ ဒေါ်အောင်ဆန်းစုကြည်ကို မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံပေးရန် အာဏာပိုင်များက ကားသုံးစီးဖြင့် ယနေ့ နေ့လယ်ပိုင်းတွင် အစိုးရ ဧည့်ဂေဟာသို့လာရောက် ခေါ်ဆောင်သွားခဲ့သည်ဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက အတည်ပြုကြောင်း အေပီ သတင်းက ရေးသားသည်။

၎င်းတို့ ၂ ဦး အချိန် ၁ နာရီခန့် တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်သို့ ပြန်ပို့ခဲ့ပြီး မစ္စတာ ဂန်ဘာရီမှာမူ ရန်ကုန်လေဆိပ်သို့ တိုက်ရိုက် ထွက်ခွာသွားကြောင်း၊ ဆွေးနွေးမှုအသေးစိတ်ကိုမသိရှိရကြောင်း သတင်းက ဖော်ပြသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းကလည်း မစ္စတာဂန်ဘာရီသည် အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေ ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်ဝေတို့ နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

လွန်ခဲ့သော သံဃာတော်များဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအား စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲမှုများ အပြီး စက်တင်ဘာဘာလကုန်ပိုင်းက မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ရောက်ရှိ လာသော မစ္စတာ ဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ၂ ကြိမ် သွားရောက် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုအပြီးမှစ၍ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၄ နှစ် ပြည့်ပြီးဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ်အကျယ်ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ရှိပြီ ဖြစ်သည်။

မစ္စတာ ဂန်ဘာရီသည် ၎င်း၏ ၅ ရက်ကြာခရီးစဉ် ပြီးဆုံးချိန်အထိ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ခွင့်မရဘဲ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

မစ္စတာ ဂန်ဘာရီသည် ယခင်တခေါက် မြန်မာနိုင်ငံမှ ပြန်သွားပြီးနောက် စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲမှုအား ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြချက်ကို မကြာသေးခင်က မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံရာတွင် ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ဝေဖန်ပြောကြား သည်။

နိုင်ငံတကာကစိုးရိမ်နေသော ရှေ့မတိုးနောက်မဆုတ်သာ မြန်မာ့နိုင်ငံရေး ပြေလည်ရေးအတွက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးရေးကို ယခုက စတင်စီစဉ်ရန် မစ္စတာ ဂန်ဘာရီက ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုလည်း အကြံပြုခဲ့ ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။

လွန်ခဲ့သော စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲပြီးနောက် မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံကိုလာရောက်ခြင်း၏ မူလ ရည်ရွယ်ချက်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် မြန်မာ့ နိုင်ငံရေး အပြောင်း အလဲအတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် စစ်အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး ရန်ဖြစ်သည်။

ကုလမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မစ္စတာဂန်ဘာရီ၏ ယခုခရီးစဉ်တွင် တိုးတက်မှုနည်းပါးသည့် အတွက် စိုးရိမ်ကြောင်း နိုဝင်ဘာ ၆ ရက်နေ့က ထုတ်ဖော်ပြောကြားထားသည်။
မစ္စတာ ဂန်ဘာရီသည် ယခုခရီးစဉ်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အပါအ၀င် နအဖ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ နှင့် ပြန်ကြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံကာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာနတို့မှ ၀န်ကြီးများ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ် များနှင့်လည်း တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးပုံတွင် အတွင်းခံဘောင်းဘီစွပ်ကာ ရန်ကုန်တွင် ဆန္ဒပြ
ဧရာဝတီ/ကိုသက် | နိုဝင်ဘာ ၈၊ ၂၀၀၇

ယနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းထိပ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဦးခေါင်း၌ အမျိုးသမီး အတွင်းခံဘောင်းဘီများစွပ်ထားသည့် ပိုစတာများကိုင်ဆောင်ကာ “သံဃာသတ်အစိုးရ ကျဆုံးပါစေ” ဟုကြွေးကြော်၍ ဆန္ဒပြကြသည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က အတည်ပြု ပြောဆိုသည်။

ဆန္ဒပြပွဲ၌ ဆန္ဒပြသမား ၄၀ ခန့် ပါဝင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်လာသောကြောင့် ဆန္ဒပြချိန် အနည်းငယ်သာရပြီး လူစုခွဲလိုက်သည်ဟုလည်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုစိုးထွန်းက “လူထုရဲ့ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှုတွေကို လိုလားတဲ့စိတ်ဓာတ်က ဘယ်လိုပဲအကြမ်းဖက်မှုတွေလုပ်လုပ် တားဆီးလို့မရပါဘူး။ အခြေအနေ အချိန်အခါအရသာ ခေတ္တ ခဏငြိမ်သွားပေမယ့် အခွင့်အရေးရရင်ရသလို သူတို့ရဲ့ဆန္ဒကို ထုတ်ဖော် ပြသကြမှာဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်အခြေစိုက်သည့် Lanna Action for Burma အဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့တွင် အမျိုးသမီး အတွင်းခံဘောင်းဘီများကို မြန်မာသံရုံးသို့ပို့သည့် လှုပ်ရှားမှုအား စတင်လုပ်ဆောင်ခဲ့ကြပြီး စင်ကာပူ၊ သြစတေးလျနှင့် ဥရောပနိုင်ငံများရှိ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးများလည်း လိုက်ပါလှုပ်ရှားကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အမျိုးသမီး အတွင်းခံဘောင်းဘီဖြင့်ပစ်ကစားသည့် အင်တာနက်ဂိမ်းကိုလည်း အမေရိကန် နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် Mochi Media ကုမ္ပဏီက နိုဝင်ဘာလ ၂ ရက်နေ့က စတင်ထုတ်လုပ်လိုက်ပြီး အင်တာနက်တွင် အခမဲ့ကစားနိုင်သည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြည်တွင်းရှိ လူထုလှုပ်ရှားမှုကော်မတီက စစ်အစိုးရထုတ်ဝေသည့် သတင်းစာများအား စုတ်ဖြဲ လွှင့်ပစ်ကာ မီးရှို့ဖျက်ဆီးသည့် နိုင်ငံရေးအံတုလှုပ်ရှားမှုကို လုပ်ဆောင်ကြရန် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ လူထုလှုပ်ရှားမှုကော်မတီကို စက်တင်ဘာလ သပိတ်မှောက် ကာလအတွင်း လှုပ်ရှားမှုများအား ကြီးကြပ်ရန်ဖွဲ့စည်းခဲ့ပြီး သံဃာတော်များနှင့် ကျောင်းသားများ ပါဝင်သည်။

“တနေ့ (နိုဝင်ဘာ ၆) ကတော့ ကြည့်မြင်တိုင် ဗားကရာမှာ သတင်းစာတွေ အစောင် ၄၊ ၅ ရာလောက်ရှိတယ်။ အဲဒါတွေကို သူတို့မဖတ်တော့ဘူး၊ ဖတ်လောက်စရာမရှိဘူးလို့ပြောပြီး မီးပုံရှို့ကြတယ်။ ရှို့တဲ့လူကတော့ မများဘူး” ဟု ရန်ကုန်ရှိ အမျိုးသမီးတဦးက ပြောသည်။
ယမန်နေ့ကလည်း ရန်ကုန်မြို့လယ်ရှိ နံရံအချို့တွင် “သံဃာသတ်တဲ့ မိစ္ဆာတွေ မြန်မြန်သေပါစေ” ဟူသည့် စာသားများကို မှုတ်ဆေးအနီများနှင့် ရေးသွားသောကြောင့် ရန်ကုန်တွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားသည်ကို တွေ့ရသည်ဟု ရန်ကုန်မြို့ခံတဦးက ဧရာဝတီကို ပြောဆိုသည်။

0 comments: