Thursday, November 8, 2007

ရွှေဝါရောင် တော်လှန်ရေး ဗီစီဒီခွေများ ရန်ကုန်တွင် ပြန့်နှံ့

မဇ္ဈိမသတင်းဌာန
Thursday, 08 November 2007 15:10 - မြန်မာစံတော်ချိန်
စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် လှုပ်ရှားမှုအကြောင်း မှတ်တမ်း တင်ထားသည့် ဗီစီဒီ တိပ်ခွေများကို တက်ကြွ လှုပ်ရှားသူများက ယမန်နေ့ညပိုင်းက ရန်ကုန်မြို့အတွင်း လိုက်လံ ဖြန့်ဝေမှုများ ရှိခဲ့သည်။
ရန်ကုန်တိုင်း ပုဇွန်တောင် မြို့နယ် ပုဇွန်တောင်ဈေးနှင့် ကျောက်တံတားမြို့နယ် အနော်ရထာလမ်းနှင့် လမ်း ၃ဝ၊ ၃၂ လမ်းတလျှောက်တွင် အဖွဲ့ငယ်များက စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှု ဆန္ဒပြပွဲများကို မှတ်တမ်း တင်ထားသည့် ဗီစီဒီခွေများကို ယမန်နေ့ ညနေပိုင်းမှ စတင်၍ လိုက်လံ ဖြန့်ဝေနေသည်ဟု သိရခြင်း ဖြစ်သည်။
ဤလှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ဖော် ကျေညာခြင်း မရှိသေးပါ။
“အနော်ရထာလမ်းဘက် လမ်း ၃ဝ၊ ၃၂ လမ်းမှာဆိုရင် အိမ်ပေါ်တွေထိကိုပါ စီဒီခွေတွေနဲ့ လက်ကမ်းစာစောင် လှုံ့ဆော်စာတွေကို အခန်းတံခါး ကြားတွေမှာ ညှပ်ထားခဲ့တာတွေ ရှိတယ်။ စီဒီခွေတွေကတော့ ပြီးခဲ့တဲ့လ အရေးအခင်းတုန်းက သံဃာတော်တွေ ဆန္ဒပြခဲ့တဲ့ ပုံတွေ၊ အနှိပ်စက်ခံရတဲ့ ဗီဒီယိုခွေတွေပါ။ ပုဇွန်တောင်ဘက်မှာ မနေ့ နေ့လည်ပိုင်းက ဈေးထဲမှာလည်း လိုက်ဖြန့်ဝေနေတယ်” ဟု ရန်ကုန်မြို့ ဒေသခံ တဦးက ပြောသည်။
အခြား ဒေသခံ တဦးကလည်း ဗီစီဒီခွေ ဖြန့်ဝေမှုအကြောင်း ကြားသိရသော်လည်း ကိုယ်တိုင် မြင်တွေ့ခြင်း မရှိသေးကြောင်း ပြောဆိုသည်။
ယမန်နေ့က တောင်ဥက္ကလာ မြို့နယ်တွင်လည်း အမှတ် ၂ စက်မှုဝန်ကြီးပိုင် တာယာစက်ရုံနှင့် စက်မှုဇုံ အုတ်တံတိုင်းများတွင် စစ်အစိုးရ ဆန့်ကျင်ရေး အနီရောင် စာတန်းများကို မှုတ်ဆေးဘူးဖြင့် ပက်ဖြန်း ရေးသားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံ တဦးကလည်း ယခုလို ပြောသည်။
“စက်မှုဇုံ ခြံစည်းရုံး အုတ်တံတိုင်းတွေပေါ်မှာနဲ့ လူတွေရှင်းနေတဲ့ လမ်းဘေး အုတ်တံတိုင်းတွေပေါ်မှာ ‘ဘုရားသားတော် သတ်တဲ့ စစ်အာဏာရှင် ... ကျဆုံးပါစေ’၊ ‘သံဃာတော် သတ်တဲ့ မိစ္ဆာတွေ ... ကျဆုံးပါစေ’၊ ‘သန်းရွှေ ... လူသတ်သမား၊ လူလိမ် လူညာကြီး’ အဲဒါတွေ ရေးထားတယ်” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်လည်း ယမန်နေ့က စစ်အစိုးရ ဆန့်ကျင်ရေး စာတန်းများနှင့် လူထု လှုံ့ဆော်စာများကို မကြာသေးခင် ရက်ပိုင်းအတွင်းမှ စတင်ကာ နေ့စဉ်နှင့်အမျှ နေအိမ် ခြံစည်းရိုးများ၊ ဓာတ်တိုင်များပေါ်တွင် လိုက်ကပ်နေကြောင်း သိရသည်။
အလားတူပင် အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်တွင် စတင် ဖွဲ့စည်းခဲ့သည့် မျိုးဆက်သစ် လူငယ် အစည်းအရုံးက CNG (Change New Government) ၊ F.F.F (Freedom From Fear) နှင့် ၈၈ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၏ ဗကသ အမည်ရှိ ကဗျာတို ပါဝင်သည့် ကပ်ခွါစာရွက်များကို အဖွဲ့ ဖွဲ့စည်းပြီး တပတ်ခန့်အကြာမှ စတင်ကာ ရန်ကုန်မြို့ရှိ ယုဇန ပလာဇာ၊ တေးဂီတပွဲများနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ကြဲခြင်း၊ လက်ဆင့်ကမ်း ဝေငှခြင်းများ လုပ်ဆောင်ခဲ့ကြသည်။
ယခုလ ၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု ကြီးကြပ်ရေး ကော်မတီ အမည်ရှိ အဖွဲ့ကလည်း နအဖ သတင်းစာများကို အမှိုက်ပုံများ၊ လမ်းမများပေါ်သို့ လွှင့်ပစ်ခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။
သည့်အပြင် ရန်ကုန်တိုင်း အတွင်းရှိ ကျောက်မြောင်း၊ တာမွေနှင့် လှည်းတန်း မြို့နယ်တွင် လူငယ်များက နအဖ သတင်းစာများကို လမ်းမအထက် လွှင့်ပစ်ကြသလို မြို့တွင်းရှိ အချို့ အိမ်နံရံများတွင် ‘သန်းရွှေ လိမ်နေတယ်၊ ညာနေတယ်’ ဟူသည့် ပိုစကာများ လိုက်လံ ကပ်နေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောဆိုကြသည်။
ယခု လဆန်းတွင် ဖွဲ့စည်းခဲ့သည့် ရန်ကုန်အခြေစိုက် Freedom Fighter အဖွဲ့ကလည်း မြို့တွင်းရှိ သစ်ပင်ကြီးများကို သင်္ကန်းစများ လိုက်လံ ချည်နှောင်သည့် ဆန္ဒ ထုတ်ဖော်မှုကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြောဆိုသည်။

မဇ္ဈိမ

0 comments: