Thursday, November 15, 2007

တိုင်းရင်းသားများက ဒေါ်အောင်ဆန်းစုကြည် ကျေညာချက်ကို ထောက်ခံ

နိုဝင်ဘာလ ၁၄ ရက် ၂၀၀၇

ပြည်တွင်းပြည်ပရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါတီ အဖွဲ့အစည်းများက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံ ဆွေးနွေးပွဲတွင် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဆိုသည်ကို ကြိုဆို ထောက်ခံလိုက်ကြသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီမှတဆင့် နိုဝင်ဘာလ ၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်တွင် ပါရှိသည့် မြန်မာ့အကျပ်အတည်းမှ လွတ်မြောက်ရေး၊ တမျိုးသားလုံး အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲတွင် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဆိုသည်ကို မြန်မာပြည်တွင်းရှိ တိုင်းရင်းသားပါတီ ၁၂ ခုမှ ယခုလ ၁ဝ ရက်နေ့တွင် စုပေါင်းထောက်ခံလိုက်သည်။

ဇိုမီးအမျိုးသားကွန်ဂရက် (Zomi National Congress - ZNC) ဥက္ကဌ ပူးကျင်ရှင်းထန်က ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ၏ တွေ့ဆုံဆွေးနွေးရေး နောက်ပိုင်းတွင် တိုင်းရင်းသားများနှင့်ပါ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်လာရန် မျှော်လင့်ထားကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ယခုလို ဖြစ်ပေါ်လာစေရန်အတွက် ဖန်တီးလိမ့်မည်ဟု ယုံကြည်ထားကြောင်း ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (MNDF) ၊ ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC) ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ၊ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD) ၊ ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် (KNCD) ၊ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီကွန်ဂရက် (KNCD) ၊ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ် (KSANLD) ၊ ကယန်း အမျိုးသား ညီညွတ်ရေးနှင့် ဒီမိုကရေစီအဖွဲ့ (DOKNU) ၊ မရာပြည်သူ့ပါတီ (MPP) ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ (SSKDP) နှင့် ရခိုင် ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု (APDF) တို့မှ ယခုလို စုပေါင်းကျေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကျေညာချက်တွင် နိုင်ငံတော်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ အင်အားစုနှင့် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရေးကို တိုင်းရင်းသားများ အနေဖြင့် အစဉ်တစိုက် အားပေးထောက်ခံကြောင်းနှင့် တိုင်းရင်းသားလူမျိုးများ အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ နိုင်ငံသားများ လူ့အခွင့်အရေး အပြည့်အဝ ခံစားနိုင်ရေးနှင့် တိုင်းရင်းသား လူမျိုးစုများ ညီညွတ်စွာ နေထိုင်နိုင်ရေးတို့အတွက် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကိုလည်း အစဉ်တစိုက် အားပေးထောက်ခံကြောင်း ရေးသား ဖော်ပြထားသည်။

ထိုင်းနိုင်ငံရောက် နိုင်ငံရေးပါတီများ၊ နှစ်နိုင်ငံနယ်စပ်တွင် လက်နက်ကိုင်နေသည့် လူမျိုးစု လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ထိုင်းအခြေစိုက် တိုင်းရင်းသား လူမျိုးများ ကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) (ENC) ကလည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို ထောက်ခံသည့် ကျေညာချက်ကို ယခုလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သေးသည်။

ကောင်စီ ဥက္ကဌ စောဘသင်က “အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေက ၁၉၄၇ ခုနှစ်၊ သူမရဲ့ ဖခင်နဲ့ တိုင်းရင်းသားတွေ တည်ဆောက်ခဲ့တဲ့ ပင်လုံညီလာခံ သဘောတူညီမှု စိတ်ဓာတ်ကို အသစ်တဖန် မွေးဖွားပေးလိုက်တာပါပဲ” ဟု ENC ကျေညာချက်ထဲတွင် ပြောဆိုခဲ့သည်။

ENC အနေဖြင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးသာလျှင် မြန်မာ့အရေးကို ပြေလည်စေရန် ဆောင်ရွက်ပေးမည့် တခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း ကျေညာချက်က ဆိုသည်။

ENC အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လျန်မှုန်းဆာခေါင်းက စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် နအဖ စစ်အစိုးရကို နိုင်ငံတကာမှ ဆက်လက် ဖိအားပေးရန်လည်း ယခုလို တိုက်တွန်းလိုက်သည်။

“နအဖ အနေနဲ့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခွင့်၊ ဆွေးနွေးခွင့်တွေ ပေးတာက နိုင်ငံတကာက ဖိအားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ပေါ့။ တိုးတက်လာတယ်ပေါ့။ ဒါပေမဲ့ လက်တွေ့ လုပ်ဆောင်မှု တစုံတရာမှ မရှိသေးဘဲ တိုးတက် ပြောင်းလဲလာပြီလို့ ပြောလို့ မရသေးပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမသတင်းဌာန

0 comments: