Thursday, November 15, 2007

တွေ့ဆုံဆွေးနွေးရေးချက်ချင်းစတင်ရန် လုံခြုံရေးကောင်စီ၌ မစ္စတာဂမ်ဘာရီတောင်းဆို

ခေတ်ပြိုင်-ပီတာအောင်/၁၄ နိုဝင်ဘာ ၂၀၀၇

နအဖစစ်အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့အကြား အချိန်ဆွဲမနေဘဲ တွေ့ဆုံဆွေးနွေးရေး ချက်ချင်းစတင်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီက တိုက်တွန်းလိုက် သည်။ ကောင်စီသို့ ယမန်နေ့က အစီရင်ခံတင်ပြရာ၌ တိုက်တွန်းခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်၌ပါရှိသည်။

တွေ့ဆုံဆွေးနွေးရေးသာလျှင် မြန်မာနိုင်ငံရှေ့ဆက်သွားရမည့် တခုတည်းသောနည်းလမ်း ဖြစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေးအောင်မြင်စေရန် ဘက်အားလုံးက ပြောင်းလွယ်ပြင်လွယ် ရှိရန် လိုအပ်ကြောင်း မစ္စတာဂမ်ဘာရီက ပြောကြားသည်။

၎င်းက “ကျနော် အစိုးရကိုအလေးအနက်ပြောခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး အမှန်တကယ်လုပ်ချင်တယ်ဆိုတာပြသဖို့ အကောင်းဆုံးနည်းလမ်းကတော့ အချိန်ဆွဲမနေဘဲ သူ့ကိုလွှတ်ပေးဖို့ပါပဲ။ ဒါမှသာ သူဟာ ဆွေးနွေးပွဲမှာ ဆွေးနွေးဖော် ဆွေးနွေးဖက် အပြည့်အ၀ဖြစ်နိုင်မှာပါ” ဟု ပြောသည်။

၎င်း၏မြန်မာနိုင်ငံခရီးစဉ်တွင် မျှော်မှန်းထားသည့် ရလဒ်အကုန်မရသော်လည်း ယခုအခြေအနေသည် လွန်ခဲ့သည့် သီတင်းပတ်များထက် အရည်အသွေးအရ အကောင်းဘက်ကို ဦးတည် ပြောင်းလဲသည့် ရလဒ်အချို့ ရခဲ့သည်ဟု မစ္စတာဂမ်ဘာရီက ပြောသည်။

အကျိုးရလဒ်များအနက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘောထားကြေညာချက်တစောင် လူသိရှင်ကြားထုတ်ပြန်နိုင်မှု၊ ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံနိုင်မှု၊ အဖမ်းအဆီးများထပ်မလုပ်တော့ဘဲ ဖမ်းထားသူများကို ပိုမိုပြန်လွှတ်ပေးမည်ဟု အစိုးရက အာမခံမှုနှင့် ဆင်းရဲမှုပပျောက်ရေးကော်မရှင် ဖွဲ့စည်းရန် စဉ်းစားမည်ဟု မူအားဖြင့် သဘောတူညီမှုတို့ ရခဲ့သည်ဟု မစ္စတာဂမ်ဘာရီက ဆိုသည်။

“ဒီနောက်ဆုံးခရီးစဉ်က ထွက်ပေါ်လာတဲ့ အကောင်းဘက်ဦးတည်တဲ့ ရလဒ်တွေကိုကြည့်ရင် မြန်မာအစိုးရဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်မှုနဲ့ လွတ်လပ်ရေးကိုထိန်းသိမ်းဖို့ အလေးထား ဆောင်ရွက်နေပြီး နိုင်ငံတကာအသိုင်းအ၀န်းရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း တုံ့ပြန်ဆောင်ရွက်ပေးချင်တယ်ဆိုတာ တွေ့ရတယ်” ဟု မစ္စတာဂမ်ဘာရီက ပြောသည်။

မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းရန် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအကြား တံခါးပိတ် ဆွေးနွေးပွဲတခု မကြာမီရက်ပိုင်းအတွင်း ကျင်းပရန်ရှိပြီး ထိုဆွေးနွေးပွဲမှ အဖွဲ့ဝင်နိုင်ငံ အားလုံး၏ သဘောထားကို ထင်ဟပ်သည့် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ၏ ကြေညာချက်ထုတ်ပြန်ရန်ရှိကြောင်း သိရသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်ရန် နအဖစစ်အစိုးရ၏ခွင့်ပြုချက်ရရှိထားပြီး မည်သည့်အချိန်၌ သွားရောက်မည်ကိုမူ မသိရှိရသေးချေ။

မြန်မာနိုင်ငံ၌ စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူများကို ဆက်လက်ဖမ်းဆီးလျက်ရှိပြီး တွေ့ဆုံ ဆွေးနွေးရေးအတွက် စစ်အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းကမ်းလှမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို လက်မခံကြောင်း စစ်အစိုးရနှင့် မဟာမိတ်ဖွဲ့ထားသည့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်တို့က အစိုးရအာဘော်သတင်းစာများမှ ကြေညာလျက်ရှိသည်။

0 comments: