Monday, November 12, 2007

နိုင်ငံတော်အကြမ်းဖက်မှု၊ ပြည်သူ့ သောကဒါဏ်ရာ နဲ့ ဒေသတွင်း တည်ငြိမ်မှု (အပိုင်း ၁)

နယ်ခြားမဲ့ မြန်မာဘလော့ဂါများ
Burmese Bloggers w/o Borders
(http://bbwob.blogspot.com)

မူရင်း Mg Yin’s State Terrorism, Agonies of Myanmar & Regional Stability မှပြန်ဆိုသည်။

၁။ နိုင်ငံတော်အကြမ်းဖက်မှု

၁.၁။ ဖိနှိပ် တဲ့ အာဏာရှင်စစ်ဖိနပ်အောက်ဝယ်..

ဟောဒီ ပြည်သူဘုန်းဘုန်း ဘုရားသားတော် သံဃာတော်တစ်ပါး ရဲ့ အသက်ဝိဥာဉ်မဲ့နေ ပြီဖြစ်တဲ့ ခန္ဓာကို မြစ်ထဲမှာ ပေါလောမျောနေတဲ့ ဓာတ်ပုံ ကို မျက်ရည်ဝေ့တက်လာတဲ့ မျက်လုံး ကိုယ်စီနဲ့  မြင်တွေ့ လိုက် ရတဲ့ တဒင်္ဂ မှာ…. ၀မ်းနည်း မှု တွေကို ဘယ်လို စကားလုံးမျိုးနဲ့ ဖော်ပြရမှန်း မသိနိုင်တော့လောက်အောင် ဆွံ့ အ ကြေကွဲခဲ့ရပါပြီ်။

ဒီသံဃာတော်ဟာ တစ်ကယ်တော့ ပြည်သူ့ဘက်က ရပ်တည်ဦးဆောင်ပြီး မားမားမတ်မတ် ရှေ့ကိုထွက်လာခဲ့ရင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲအတွင်းမှာ အာဏာရှင်ရဲ့ ရက်စက်စွာတိုက်ခိုက် ဖြိုခွဲမှုကြောင့် တိုင်းပြည်အတွက် အသက်ခန္ဓာ စွန့်သွားခဲ့ရတဲ့ ဘုရားသားတော်တစ်ပါး ပါ။

ဒါဟာ နူးညံ့သိမ်မွေ့ ပြီး ယဉ်ကျေးပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံပါဆိုတဲ့ မြန်မာ့မြေပေါ်မှာ မယုံကြည်နိုင်လောက်အောင်.. ဆိုရရင်တော့ လက်ကို မခံနိုင် လောက်အောင် တကယ်ဖြစ်သွားခဲ့တာပါ။ ဒီရက်စက်မှုတွေရဲ့ တရားခံကတော့ ၁၉၆၂ ခုနှစ်ကတည်းက အာဏာသိမ်းပိုက်ခဲ့တဲ့ စစ်အစိုးရနဲ့ သူ့ ရဲ့ ခါးပိုက်ဆောင် တပ်တွေပါပဲ။

ဒီတစ်ကြိမ်၂၀၀ရ ခုနှစ် စက်တင်ဘာ တော်လှန်ရေးကြီးမှာတော့ ဗုဒ္ဓဘာသာရဟန်း သံဃာတော်တွေကို အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုတွေကြောင့်၊ ဘာသာတရား ကိုင်းရှိုင်း အားပေးချင်ယောင် ဆောင်ထားကြတဲ့ စစ်အာဏာရှင် များရဲ့  မင်းသား မျက်နှာဖုံးအတုလည်း ကွာကျ လို့  ရက်စက်တဲ့ ပင်ကိုယ် ဘီလူးမျက်နှာတွေ နိုင်ငံတကာအလယ် မဖုံးနိုင်မ၀ှက်နိုင် ဘွားဘွားကြီးပေါ်ခဲ့ရပါပြီ။

၁.၂။ ကြောက်ရွံ့ ခြင်း နဲ့ ရှင်သန် ရတဲ့ သောကဒါဏ်ရာ

ဒီ စက်တင်ဘာ လ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေအတွင်းမှာ စစ်အစိုးရရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေရဲ့  ရက်စက်မှု ကတော့ ကမ်းကုန်ခဲ့ပါတယ်။ ရန်ကုန်မြို့ ရေဝေး မီးသဂြိင်္ုလ်စက်က တာဝန်ကျအလုပ်သမားများကိုယ်တိုင် အံ့သြတုန်လှုပ်စွာ သတင်းပေးပို့ လာချက်အရ စစ်တပ်က နှိမ်နင်းမှုကြောင့် သေနတ် ဒါဏ်ရာရခဲ့သူ ဆန္ဒပြသူများကို သေဆုံးသွားတာရော၊ မသေမရှင်များကိုပါ ဘယ်လိုမှစောဒကတက် ငြင်းဆန်ခွင့်မရခဲ့ပဲ အထက်အမိန့် အရဆိုပြီး တပ်မတော်အရာရှိမှ အမိန့် ပေး အတင်းအကြပ် မီးသဂြိုလ်ဖို့ စေခိုင်းခဲ့တာပါပဲ။

ဒါ့အပြင် ကျောင်းသားခေါင်းဆောင်များရဲ့ နေအိမ်များ၊ ဘုန်းကြီးကျောင်းများကို သန်းခေါင်ယံ အကြမ်းဖက်ဝင်စီးမှုတွေ၊ ဒီမိုကရေစီထောက်ခံအားပေးသူတွေကိုနှိမ်နင်းတဲ့ လူဖမ်းပွဲတွေ၊ တစ်နေ့ တခြား များပြားလာတဲ့ ထူးဆန်းစွာ အကြောင်းရင်းရှာမရပဲ ပျောက်ဆုံးသွားရသူတွေ၊ စစ်အာဏာရှင်ရဲ့ ကြိုးဆွဲရာက ရုပ်သေးအကြမ်းဖက်သမားများရဲ့ ဥပဒေမဲ့ ပြစ်မှု ကျူးလွန်မှုတွေ၊ ဒါတွေအားလုံးက နိုင်ငံတော်အကြမ်းဖက်မှုကြီး နဲ့ ပြည်သူတွေ ခံစားနေရတဲ့ နာကျင်ဆင်းရဲ မတရားမှုတွေရဲ့ ပြယုဂ်တွေပဲ ဖြစ်ပါတယ်။

ဘယ်လို ပဲဖြစ်ဖြစ် ၅၂ သန်းသော ပြည်သူတွေရဲ့ လူသား အခွင့်အရေးတွေကို ဘယ်တော့မှ ဂရုမစိုက်ပဲ လစ်လျူရှုခဲ့တဲ့ ဒီ စစ် အာဏာရှင်တွေဟာ မကြာသေးခင် က ပြန်လည်နိုးကြားလာတဲ့ စက်တင်ဘာတော်လှန်ရေးကြီးကို ရက်စက်စွာ နှိမ်နင်းတဲ့ပွဲမှာ လည်း ဒီလို သေသူရော၊ မသေမရှင် ဒါဏ်ရာပြင်းစွာရခဲ့တဲ့ ဆန္ဒပြသူတွေကို မီးရှို့ ဖျောက်ဖျက်ပစ် တာတွေ၊ မြစ်ထဲစွန့်ပစ် အလောင်းဖျောက်ပစ်တာတွေကို ဆင်ခြင်တုံ တရားမဲ့ ရက်စက်ဖို့  ၀န်မလေးခဲ့တာပါ။

“ဘုရားရေ..သင်း (ဒင်း) တို့ တတွေ..လူတွေရော ဟုတ်ကြသေးရဲ့ လား…”
ပြည်သူတွေရဲ့ တီးတိုးငိုရှိုက်သံတွေ က နိုင်ငံတ၀ှမ်းလုံးသာမက ကမ္ဘာအထိအောင် တုန်လှုပ်စွာ ပဲ့တင်ထပ်ခဲ့ပါပြီ….။

ဒီလိုလူမဆန်တဲ့ရက်စက်မှုတွေကို ကမ္ဘာက တုန်လှုပ်စွာ ဝေဖန်နေခဲ့ပေမယ့် စစ်အစိုးရဟာ ကုလသမဂ္ဂကိုတောင်မှ သူ့ အစဉ်အလာအတိုင်း ဂရုသိပ်ပြုတာတော့ မဟုတ်ပါ။ ကုလကိုယ်စားလှယ်တော် မစ္စတာဂမ်ဘာရီရဲ့ (ပထမအကြိမ်) မြန်မာပြည် ခရီးစဉ်အတွင်း မှာကိုပဲ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များရဲ့နေအိမ်ကို ၀င်ရောက်စီးနင်း ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ထောက်လှမ်းရေးကသူတို့လိုချင်တဲ့ ဖမ်းဆီးရမယ့်သူ မတွေ့ ခဲ့ရင် တော့အိမ်မှာရှိတဲ့ မိဘတွေ ဆွေမျိုးတွေကို တန်ဆာခံအဖြစ် ဖမ်းဆီးလိုက်တာ ခြောက်နှစ်အရွယ် လူမမည်ကလေးကိုတောင် ချမ်းသာမပေးပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ပွဲတွေမှာ ထောက်ခံအားပေးရင်း မိမိရင်ထဲက ခံစားချက်ကို ပွင့်အံဖော်ထုတ်ခဲ့တဲ့ ပြည်သူတွေရဲ့ ဘ၀ဟာ ဒီလို လုံခြုံ မှုမရှိ ခြိမ်းခြောက်ခံနေရဆဲပါ…။

လမ်းပေါ်မှာ လွှမ်းသွားခဲ့တဲ့ သံဃာတော်တွေ နဲ့ အပြစ်မဲ့ ကျောင်းသား ပြည်သူတွေရဲ့ သွေးတွေ ဟာ လည်း အခုထိ မခမ်းခြောက်သေးပါဘူး။ အဲဒီသွေးထွက်သံယို အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေနဲ့ အစုလိုက် အပြုံလိုက်သတ်ဖြတ်ပွဲ တွေက မြစ်ဖျားခံ လာတဲ့ ဒီ သွေးစီးကြောင်းတွေရဲ့ အဓိက ရေသောက်မြစ်ကို မောင်းနှင်ခဲ့သူကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ် လေးစုကျော်လောက်ကတည်းက ပြည်သူ့ လက်ထဲက နိုင်ငံတော် အာဏာကို သိမ်းယူခဲ့တဲ့ စစ် အစိုးရပါပဲ။

တကယ်တော့ အဲဒီမခန်းခြောက်သေးတဲ့ သွေးစီးကြောင်းတွေဟာ မကြာမီက တော်လှန်ခဲ့တဲ့ စက်တင်ဘာ အရေးအခင်းတစ်ခုတည်းမှာ မဟုတ်ပါ။ လွန်ခဲ့တဲ့ ၁၉၇၄ နဲ့ ၁၉၈၈ အရေးအခင်းကြီးတွေအတွင်း ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသား ပြည်သူ တွေရဲ့ သွေးတွေလည်း ပါပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာထွန်းကားပါတယ်ဆိုတဲ့ အမိ မြန်မာနိုင်ငံရဲ့ သိမ်မွေ့ တဲ့ မြေပေါ်မှာ ဒီလို လက်နက်အားကိုးနဲ့ ရက်စက်စွာ သတ်ဖြတ် အကြမ်းဖက်ခံနေရတဲ့  မြန်မာပြည်သူတွေရဲ့ ဘ၀ကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိပဲ အကျည်းတန်ခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၇၄ နဲ့ ၈၈ အရေးအခင်းတွေတုန်းက လူမသိသူမသိရာ ထောင်ချီ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ ပုံနဲ့ တော့ ဒီတစ်ကြိမ် ၂၀၀ရ စက်တင်ဘာတော်လှန်ရေးကြီးဟာ ကွာခြားသွားခဲ့ပါပြီ။ တိုးတက်နေတဲ့အိုင်တီ နည်းပညာ အစွမ်း နဲ့ ပြည်သူ့ ဂျာနစ်လစ်များရဲ့  ရဲရဲတောက် စွမ်းဆောင်မှုကြောင့် ဒီစစ်အာဏာရှင်အစိုးရ ဦးစီးတဲ့ ပြည်သူတွေနဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေကို သတ်ဖြတ်တဲ့ နိုင်ငံတော်အကြမ်းဖက်မှုကြီးကို ကမ္ဘာ တ၀ှမ်းက လူသားတွေအားလုံး မျက်မြင်သက်သေတွေအဖြစ် အချိန်နဲ့အမျှ မျက်ဝါး ထင်ထင် မြင်တွေ့ လိုက်ရတာပါပဲ။

၁.၃။ သွေးစွန်းသော အာဏာရှင် သမိုင်းကြောင်း

အာဏာရှင်သမိုင်းဆိုလို့ ၁၉၆၂ ကိုပြန်ကြည့်မိရင်တော့ အဲဒိတုန်းက စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲတွေကိုလည်း ရက်စက်စွာ ဖြိုခွဲ နှိမ်နင်းခဲ့တာပါပဲ။ အရင်စစ်အာဏာရှင် ဦးနေ၀င်း ဟာ သူ့ အာဏာတည်တဲ့ စစ်တပ်ကို အသုံးချပြီး ရာချီတဲ့ ကျောင်းသားတွေကို ပစ်သတ်ခဲ့ရုံတင်မက ရန်ကုန် တက္ကသိုလ်မြေပေါ်က လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကိုပါ ဒိုင်းနမိုက် သုံးပြီး ဖြိုခွဲဖျက်ဆီးခဲ့တဲ့အထိ ကျောင်းသားတွေအပေါ် အညိုးအတေး ကြီးမားခဲ့ပါတယ်။

ဘယ်လို ရက်စက်ပြပါစေ.၊ တိုးတက်သောအမြင်ရှိတဲ့ မတရားမှုကို ခေါင်းငုံ့ မခံတဲ့ ကျောင်းသားတွေရဲ့  အာဏာရှင်တော်လှန်ရေးကတော့ ၁၉၆၂ မှာ ရပ်တန့်မသွားခဲ့ဘဲ ၁၉၆၅၊ ၁၉၆၉ ဒီဇင်ဘာ၊ ၁၉၇၀ ဒီဇင်ဘာ၊ ၁၉၇၄ ဒီဇင်ဘာ၊ ၁၉၇၅ ဇွန် နဲ့ ၁၉၈၈ စက်တင်ဘာလတွေမှာ ဦးမညွှတ်တမ်း အကြိမ်ကြိမ် တော်လှန်ခဲ့ပါတော့တယ်။

အကြိမ်တိုင်းမှာလဲ အာဏာရှင် ကြီးဦးနေ၀င်းဟာ စစ်တပ်ကိုအသုံးချပြီး ကျောင်းသား ပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းသတ်ဖြတ်ရင်း သူ့အာဏာတည်မြဲဖို့ ကာကွယ် ခဲ့လိုက်တာ အပြင်းထန်ဆုံး အဆိုးဆုံးသတ်ဖြတ်မှုကြီး ကတော့ လူပေါင်းထောင်ချီ သေဆုံးခဲ့ရတဲ့ ၁၉၈၈ ပြည်သူ လူထုရဲ့  လူထုတော်လှန်ရေး အုံကြွမှုကြီးပါပဲ။

ဒီတစ်ကြီမ် သံဃာတော်များဦးဆောင်တဲ့၂၀၀၇ စက်တင်ဘာတော်လှန်ရေးကြီးမှာတော့ သံဃာနဲ့ ပြည်သူတွေတင်မကပဲ အသက်ဆုံးရှုံးမှုထဲမှာ ဂျပန်အမျိုးသား သတင်းထောက် တစ်ဦးပါ ပါသွားခဲ့ပါပြီ။ သူဟာတစ်ကယ်တော့ စစ်မြေပြင် သတင်းထောက်လုပ်သက် အနှစ်၂၀ ခန့် ရှိပြီး အီရတ်နဲ့ အာဖဂန်နစတန်တို့ လို စစ်ပွဲ သတင်းယူခဲ့တဲ့အတွေ့ အကြုံ ရှိသူလို့ ကြားသိရပါတယ်။ စစ်ပွဲတွေအတွင်းမှာတောင်အသက်မဆုံးခဲ့ရပဲ ဒီလို ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူထူ လှုပ်ရှားမှု သတင်းကိုယူရင်း ကျည်သင့် အသက်စွန့် သွားရတာပါ။

ဒါဆို ဒီစစ်အာဏာရှုင်တွေ က ဖြစ်ပေါ်လာသမျှ အဓိကရုဏ်းတွေ၊ ဆန္ဒပြ တော်လှန်မှုတွေတိုင်းမှာ ဘာကြောင့်အခုလို ရက်ရက်စက်စက် လူမဆန်စွာ နှိမ်နင်းရတာပါလဲ။ အဖြေကတော့ စစ်အာဏာရှင်တိုင်းဟာသူ တို့ ရရှိထားတဲ့ အာဏာကို လက်မလွှတ်တမ်း ဆုပ်ကိုင်ထားရဖို့ အတွက် ကာကွယ်ဖို့ ဘယ်တော့မှ နှောင့်နှေး တွန့်ဆုတ်ခြင်း အလျဉ်းမရှိတာပါပဲ။ အာဏာကာကွယ် ဖို့ အရေးဆို လက်နက်အားကိုးနဲ့  မိမိပြည်သူကို ပြန်သတ်ဖြတ်ဖို့ ဝန်မလေးတော့ တဲ့ အထိ နည်းကုန်လမ်းကုန် ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြစမြဲပါ။

ဒီအထဲမှာ အလွယ်ကူဆုံးနည်းလမ်းကတော့ ပြည်သူကို ကြောက်ရွံ့တုန်လှုပ် မတော်လှန်ရဲတော့အောင် သတ်ဖြတ်ပြခြင်းပါပဲ။ ဒါပေမယ့် အာဏာရှင်ကို ဆန့် ကျင်တဲ့ လူထုဆန္ဒဖော်ထုတ်တဲ့ တော်လှန်ရေး တွေကတော့ မြန်မာနိုင်ငံရဲ့ လမ်းမကြီးတွေပေါ်မှာ ဖြစ်ပေါ်နေဆဲပါပဲ။

ဒီလိုရက်စက်တဲ့ စစ်အစိုးရဟာ စဉ်းစားတတ်ပါသလား မေးလာခဲ့ရင်တော့.. အင်မတန်ကို ပါးနပ်စွာ စဉ်းစားတတ်ပါတယ်လို့ ဖြေရမှာပါပဲ။ ဒါပေမယ့် ၅၂ သန်းသော မြန်မာ ပြည်သူတွေအတွက် မဟုတ်ပဲသူတို့ ကိုယ်ကျိုးအတွက်ပဲ စဉ်းစားတတ်တာပါ။ အမျိုးသား နိုင်ငံရေးပါလို့ အပေါ်ယံမှာ ကြွေးကြော်နေပေမယ့် သူတို့ ဟာနိုင်ငံရေး ကို ကျွမ်းကျင်စွာ ကစားတတ်ပါတယ်။ သာဓကပြရမယ်ဆိုရင်တော့ သူတို့ အခက်အခဲ အကျပ်အတည်း ကြုံတိုင်း၊ နိုင်ငံတကာ ဖိအားပေးမှုတွေနဲ့  ကြုံတိုင်းမှာ ငြိမ်းးချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်တန်ဆာခံအဖြစ် မကြာခဏပြန်ပေးဆွဲနေခြင်းပါပဲ။

၁.၄။ စစ်အာဏာရှင် ပေါ်လစီ လမ်းစဉ်

“ပြည်သူအားလုံးနဲ့ တစ်နိုင်ငံလုံးကို ဒီကနေပြီး သတိပေးလိုတာကတော့ နောက်နောင်မှာ လမ်းပေါ်တက်ပြီးဆူပူဆန္ဒပြဦးမယ်ဆိုရင်တော့ စစ်တပ်က ပစ်မယ်ဆိုရင် ခြောက်လှန့် ရုံ မိုးပေါ်ထောင်ပစ်ရုံ မဟုတ်ဘဲ.. ပစ်ရင် မှန်အောင်ပစ်တယ် ဆိုတာပါပဲ”

ဒါကတော့ ၈၈ အရေးအခင်းကြီးအတွင်းနိုင်ငံရေးဇာတ်ခုံပေါ်ကကျောမခိုင်းခင် မှာ တီဗွီ ကင်မရာကို တည့်တည့် ကြီး စိုက်ကြည့်ပြီး တိုင်းပြည်ကို နောက်ဆုံး ခြိမ်းခြောက် မိန့် ခွန်း ချွေသွားခဲ့တဲ့ ဦးနေ၀င်းရဲ့ စစ်အာဏာရှုင်လမ်းစဉ်ပဲ ဖြစ်ပါတယ်။ နောက်တက်လာတဲ့ စစ်အာဏာရှင်ကြီးဦးသန်းရွှေနဲ့ သူ့ နောက်လိုက်များ က ဦးနေ၀င်းကို ကန်ထုတ်ပစ်ပြီး အာဏာသိမ်းခဲ့ပေမယ့် သူတို့ကို ဆန့်ကျင်ဆန္ဒပြလာရင်တော့ သတ်ပစ်မယ်ဆိုတဲ့ ဒီဦးနေ၀င်းလမ်းစဉ်နဲ့ အာဏာကာကွယ်ရေး အကျင့်ဆိုးးတွေကိုတော့ အပြည့်အ၀ အမွေဆက်ခံခဲ့ပါတယ်။


ဒါပေမယ့် ၁၉၈၈ လူထုအရေးအခင်းကြီးအပြီးမှာတော့ အမေရိကန်၊ ဗြိတိန်၊ ဂျပန် နဲ့  ဂျာမဏီ က အနည်းငယ် ပိတ်ဆို့ အရေးယူခဲ့တာကလွဲလို့  မြန်မာပြည်သူတွေဟာ ဒီစစ်အာဏာရှင်ကို ထိထိရောက်ရောက်ဆန့် ကျင် တဲ့နိုင်ငံတကာ က ၀ိုင်းဝန်းအရေးယူမှု ကို မရခဲ့ပါဘူး။ ကမ္ဘာ့ ကုလသမဂ္ဂကြီးကလဲ ဒီစစ်အစိုးရအပေါ် ထိရောက်တဲ့ အရေးယူမှု တစ်ခုမှ မရှိခဲ့ခြင်းဟာလဲ နောက်ဆက်တွဲ အကြမ်းဖက်မှုများ၊ လူအစုလိုက်အပြုံလိုက် သေကြေမှုများ အကြိမ်ကြိမ် ဖြစ်စေဖို့  ခွင့်ပြုထားသလို ဖြစ်နေခဲ့ပါတယ်။

၁.၅။ မဆုံးသောဇာတ်လမ်း

“ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်ကြောင့် တပ်မတော်သည်နိုင်ငံတော် အာဏာ ကိုမလွဲ မရှောင်သာ ထိန်းသိမ်းလိုက်ရပါသည်” တဲ့။ ၁၉၆၂ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင် ဦးနေ၀င်းရဲ့  ဖြေရှင်းချက်ပါ။



နောက်တစ်ခါ ၁၉၈၈ မှာ “တိုင်းပြည်ချောက်ထဲ ကျမည့်အရေးမှ လက်တလုံးအလုံးတွင် သမိုင်းပေးတာဝန်အရ တပ်မတော်သည် နိုင်ငံတော်အာဏာကို မလွဲမရှောင်သာ ထိန်းသိမ်းလွှဲပြောင်း ယူ လိုက်ရပါကြောင်း.”.တဲ့ ဗိုလ်ချုပ် ကြီး စောမောင်နဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တို့ ရဲ့ ဦးနေ၀င်းဆီက အာဏာလုခဲ့စဉ် ဆင်ခြေပေးပြန်ပါတယ်။

ဒါတွေကတော့စစ်တပ်က တိုင်းပြည်အာဏာသိမ်းတဲ့အခါတိုင်း ပေးနေကျ ဆင်ခြေတွေပဲ ဖြစ်ပါတယ်။ သေချာတာကတော့သူတို့ ဒီလို အာဏာသိမ်းတဲ့ အကြိမ်တိုင်းမှာသူတို့ရဲ့ တစ်လမ်းသွား ဖြေရှင်းနည်းကတော့ အပြစ်မဲ့ မြန်မာပြည်သူတွေရဲ့ သွေးတွေ ချောင်းစီး ခဲ့ရတာပါပဲ။ အာဏာရှင်ဟာ အာဏာရဲ့ အရသာကို တစ်ကြိမ် မြည်းစမ်းဖုးသွား တဲ့အခါမှာတော့ ဘယ်သောအခါမှ အာဏာ မစွန့်လွှတ်ချင်တော့တာ ပါပဲ။ ဒီအခါမှာ ပြည်သူတွေကို သတ်ဖြတ်ဖို့ ၀န်မလေးတော့ပေမယ့် ငြိမ်းချမ်းစွာ စားပွဲမှာထိုင်ပြီး တွေ့ဆုံဆွေးနွေးဖို့ ဆိုတာကိုတော့ အမြဲတွန့်ဆုတ် ရှောင်လွှဲခဲ့ပါတယ်။

ဒီစစ်အစိုးရဟာ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ တရားဝင်အစိုးရ မဟုတ်တာ အားလုံးအသိပါ။ သူတို့ ကိုယ်တိုင်ဦးစီးကျင်းပပေးခဲ့တဲ့ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ရလာဒ်ကိုလဲ မသိဟန်ပြု လစ်လျူရှုခဲ့တာပါ။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲကြီး ပြီးဆုံး သွားတဲ့အခါ နိုင်ငံတော်အာဏာကို မလွဲမရှောင်သာ ခေတ္တသိမ်းပိုက်ထားရတဲ့ သူတို့ တာဝန် ပြီးဆုံးသွားတဲ့အတွက် တပ်မတော်ဟာ စစ်တန်းလျားကို ပြန်မှာဖြစ်တယ် ဆိုတဲ့ သူတို့ကိုယ်တိုင် ပေးခဲ့တဲ့ ကတိကိုလည်း ပြောင်ပြောင်တင်းတင်း ပြန်ချိုးဖောက် ခဲ့တာပါ။

ဒီအတွက် ၁၉နှစ်ကြာသွားတဲ့ အခုချိန် အထိ ပြည်သူတွေဟာ တပ်မတော် ခေါင်းဆောင်တွေကို မူလတာဝန်ဖြစ်တဲ့ ကာကွယ်ရေးအတွက် စစ်တန်းလျား ပြန်ဖို့ ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့ လမ်းပေါ်တက်ဆန္ဒပြ တောင်းဆိုနေရဆဲပါ။

“ဒီမိုကရေစီ၊ လူ့ အခွင့်အရေး၊ လွတ်လပ်မှု၊ တရားမျှတမှု ဒါတွေပေးပါ” လို့  ပြည်သူက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတယ်။

“အားလုံးသောသတ္တ၀ါတွေ။ ကျမ်းမာကြပါစေ၊ချမ်းသာကြပါစေ၊ ဘေးရန်ခပ်သိမ်း ၊ ဆင်းရဲခပ်သိမ်း၊ စိုးရိမ်ခပ်သိမ်းကင်းဝေးကြပါစေ…” လို့ သံဃာတော်များက ဆင်းရဲနေတဲ့ ပြည်သူတွေကိုယ်စား လမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒ ထုတ်ဖော် ပြ ခဲ့တယ်။

ဒါပေမယ့် ဒီငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေ ပြန်လည် ရရှိလိုက်တာကတော့ “မင်းတို့ အားလုံ၊းအဖျက်သမားတွေ၊ အော်နေတာတွေ ရပ်တန်းကရပ်၊အိမ်ပြန်၊ မဟုတ်ရင်အပစ်ပဲ” အာဏာရှင်ရဲ့ လူမဆန်တဲ့ တုန့် ပြန်မှုတွေ။ အသက်အန္တရယာ် ခြိမ်းခြောက်မှုတွေနဲ့ အတူ အားလုံးသိပြီးခဲ့တဲ့အတိုင်း လမ်းပေါ်မှာ လက်နက်မဲ့ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲ သတ်ဖြတ်ခြင်းနဲ့ တန်ပြန်ခဲ့တာပါပဲ။ ဒါဟာ ၁၉၆၂ ခုနှစ်ကစပြီး ၄၅နှစ် ကာလပတ်လုံး အကြိမ်ကြိမ် ပြန်ဖြစ်နေတဲ့ အမိမြန်မာ့မြေ ပေါ်က အာဏာရှင်ရဲ့ မဆုံးနိုင်တဲ့ ရက်စက်မှု ခေါက်ရိုးကျိုးနေတဲ့ ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွေရဲ့ ရလာဒ်ကတော့ အပြစ်မဲ့ပြည်သူတွေဟာမြန်မာပြည်မြို့ ကြီးတွေရဲ့  လမ်းမတွေပေါ်မှာ အသက်လုပြေးလွှားရင်း အနောက်က ရက်စက် ကြမ်းကြုတ်စွာ လက်နက်အားကိုး လိုက်လံပစ်ခတ်နှိမ်နင်းနေတဲ့ စစ်တပ်ဖက်ကို -

“ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ၊ ပြည်သူတွေကိုသတ်ဖို့ မဟုတ်ဘူး” လို့ နာကျည်းစွာ တန်ပြန် အော်ဟစ်နေရတာပါပဲ။

ဒီ ၁၉နှစ်ကာလအတွင်း ဒီအာဏာရှင် စစ် အစိုးရဘာကြောင့် အားကောင်းခိုင်မာ လာခဲ့ပါသလဲ။

သယံဇာတတွေ ပေါကြွယ်ဝနေတဲ့ အမိမြန်မာမြေမှာ သာမာန်မြန်မာပြည်သူတွေ ဆင်းရဲ ဒုက္ခရောက်၊ အခြေခံ ကျမ်းမာရေး ၊ ပညာရေး အဆင့်အတန်း တွေ နဲ့ အလှမ်းဝေး နလန်မထူနိုင်ချိန်မှာ၊ ဒီစစ်အာဏာရှင်ရဲ့ လက်တစ်ဆုပ်စာ ဆွေမျိုးအသိုင်းအ၀ိုင်းက ဘာကြောင့် ချမ်းသာပြီးရင်းချမ်းသာလို့ ကြွယ်ဝလာ ခဲ့ရပါသလဲ။

ဘာကြောင့် မိမိပြည်သူတွေအပေါ် စစ်အစိုးရဟာရက်စက်စွာ ဖိနှိပ်နိုင်ခဲ့ ရတာပါလဲ။

မြန်မာ့အရေးဟာ ပြည်တွင်းရေးသက်သက်ပါပဲလား။ ဒါမှမဟုတ်ဒေသတွင်းနဲ့ နိုင်ငံတကာ အရေး လား။

ဒီလောက်ရက်စက်တဲ့ အာဏာရှင် စစ်အစိုးရ ကို ဘယ်သူတွေက ဘယ်အတွက်ထောက်ပံ့ ကျားကန် ပေးနေခဲ့ရပါသလဲ။

မြန်မာပြည်သူတွေက နာကျင်မှု ၊ ဆင်းရဲမှု၊ ဖိနှိပ်ခံရမှု များစွာကြားက မေးခွန်းထုတ်နေပါပြီ။

(အပိုင်း ၂ နှင့် ၃ သို့ ဆက်ရန်)

-----------

0 comments: