Thursday, October 25, 2007

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဖိအားပေးရန် တရုတ်ကိုတောင်းဆို

ခေတ်ပြိုင်-ပီတာအောင်/ ၂၄ အောက်တိုဘာ ၂၀၀၇

(၁၂) နှစ်ကြာ ထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ယနေ့ မွန်းတည့် (၁၂)နာရီတွင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တရုတ်သံရုံးရှေ့၌ လက်ကို သံကြိုးများဖြင့် ချည်နှောင်ထားသူ (၁၂) ဦးတို့က ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံမျက်နှာဖုံးများတပ်ဆင်၍ ဆန္ဒပြကြသည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်း၏သြဇာအာဏာကို သုံး၍ မြန်မာစစ်အစိုးရကို ဖိအားပေးပါက ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာနိုင်သည်ဟု ယုံကြည်သည့်အတွက် တရုတ်သံရုံးရှေ့၌ ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြကြသူတို့က ပြောသည်။

ဆန္ဒပြသူတဦးဖြစ်သူ မင်းစီဝင်းက “တရုတ်က မြန်မာပြည်မှာ သြဇာလွှမ်းမိုးမှုက အများ ကြီးရှိတယ်လေ။ လုံခြုံရေးကောင်စီမှာလည်း သူကအမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်နေတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်အနေနဲ့ သူ့ရဲ့ အာဏာကို နည်းနည်းသုံးဖို့ပါ။ ကျနော်တို့ အဓိက တောင်းဆိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံးကိုလွှတ် ပေးဖို့ တရုတ်က သူ့ရဲ့အရှိန်အ၀ါနဲ့ ပြောရင်ရပါမယ်။ တရုတ်က စီးပွားရေးအကျိုးအမြတ် တခုတည်းမကြည့်ဘဲနဲ့ ကျနော်တို့ဗမာပြည်သူလူထုအတွက်လည်း သူတို့ကြည့်ဖို့ လိုပါတယ်”ဟု ပြောသည်။

တရုတ်နိုင်ငံသည် လုံခြုံရေးကောင်စီ၌ မြန်မာစစ်အစိုးရကို သံတမန်နည်းဖြင့် အကာ အကွယ်ပေးနေခြင်း၊ စစ်ရေးနှင့် ငွေကြေးအကူအညီများပေး၍ စီးပွားရေးပူးပေါင်း ဆောင်ရွက်နေခြင်းတို့သည် ဒီမိုကရေစီရေးနှင့် ဝေးအောင်လုပ်ရာရောက်သည့်အတွက် ကူညီထောက်ပံ့မှုများကို ဖြတ်တောက်ပေးရန်လည်း ဆန္ဒပြသူတို့က တောင်းဆိုသည်။

မြန်မာနိုင်ငံအေးချမ်းသာယာပြီး ဒီမိုကရေစီကိုအမြန်ဆုံးရရှိစေရန် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ရန်လိုအပ်နေပြီဟု ဆန္ဒပြပွဲ၌ပါဝင်သူ မပြုံးက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ဟာ ကျမတို့နိုင်ငံမှာ မရှိမဖြစ်လိုအပ်နေတဲ့ ခေါင်းဆောင် ကောင်းတယောက်ပဲ။ သူက ကျမတို့ ပြည်သူပြည်သားတွေအတွက် သူ့အကျိုးစွန့် အနစ်နာခံပြီး အချုပ်ထဲမှာနေခဲ့တာဟာဆိုရင် နှစ်ပေါင်း (၁၂) နှစ်ရှိတော့မယ်၊ အဲ့ဒါကြောင့် သူအမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကျမတို့ တောင်းဆိုနေတာပါ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင် ကျမတို့ရဲ့နိုင်ငံဟာ တမျိုးတမည်ပြောင်းလဲသွားလိမ့်မယ်” ဟု ပြောသည်။

ယခုဆန္ဒပြပွဲကို မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းရေးအမည်ရှိ ထိုင်းနှင့်မြန်မာအန်ဂျီအိုအဖွဲ့များက ပူပေါင်းစီစဉ်ခြင်းဖြစ်ပြီး တက်ကြွလှုပ်ရှားသူ (၃၀) ခန့်တို့ကလည်း ပါဝင်ဆန္ဒပြကြသည်။ အလားတူ လန်ဒန်၊ ပဲရစ်၊ နယူး ယော့ခ်၊ ရောမနှင့်တိုရန်တို စသည့် ကမ္ဘာ့မြို့ကြီး (၁၂) မြို့၌လည်း ဆန္ဒပြပွဲများ ပြုလုပ်ကြကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် (၁၈) နှစ်ကျော်ကာလအတွင်း ၁၉၈၉ ခု ဇူလိုင်မှ ၁၉၉၅ ခု ဇူလိုင်အထိ တကြိမ်၊ ၂၀၀၀ ခု စက်တင်ဘာမှ ၂၀၀၂ မေအထိ တကြိမ်၊ ၂၀၀၃ မေမှ ယခုအချိန်တိုင်အောင် နေအိမ်အကျယ်ချုပ်ဖြင့် စုစုပေါင်း (၁၂) နှစ်ကြာအောင် ထိန်း သိမ်းခံနေရသည်။

သြစတြေးလျက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်
ခေတ်ပြိုင်-euters/ ၂၄ အောက်တိုဘာ ၂၀၀၇

ပြီးခဲ့သည့်လက မြန်မာနိုင်ငံအတွင်း ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏မိသားစုဝင်များကို သြစတြေးလျနိုင်ငံက ငွေကြေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်လိုက်ကြောင်း ယနေ့ ကြေညာသည်။

ပိတ်ဆို့ဒဏ်ခတ်ခံရသူများအနက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ (၄၁၈) ဦးပါဝင်သည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒားဒေါင်နာ က ပြောကြားသည်။

၎င်းက “စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ရယ်၊ မြန်မာနိုင်ငံသားအားလုံးကို နိုင်ငံတကာစံချိန်စံနှုန်းနဲ့အညီ လူ့အခွင့်ရေးတွေပေးဖို့ သြစတြေးလျက မြန်မာ စစ်အစိုးရကို အစဉ်တစိုက်တောင်းဆိုခဲ့ပါတယ်” ဟု ပြောသည်။

သြစတြေးလျနိုင်ငံက မြန်မာစစ်ဗိုလ်ချုပ်များကို ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းတင်းကြပ်မှုများနှင့် စစ်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်ပို့မှုတားမြစ်ခြင်းတို့ ပြုလုပ်ထားပြီးဖြစ်ရာ ယခုထပ်မံ ပိတ်ဆို့မှုများသည် မြန်စစ်အစိုးရအပေါ် ပိုမိုဖိအားပေးရာ ရောက်စေသည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

ပိတ်ဆို့အရေးယူမှု၌ မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် ၎င်းတို့အားထောက်ခံသူတို့၏ ငွေကြေးလွှဲပြောင်းမှုနှင့် ငွေပေးငွေယူကိစ္စများကို သြစတြေးလျဗဟိုဘဏ်၏ ခွင့်ပြုချက်မပေးဘဲ တားမြစ်ထားခြင်းပါဝင်သည်။

ယခုအရေးယူမှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုမဟုတ်သော်လည်း သြစတြေးလျနိုင်ငံ၏ လက်ရှိတည်ဆဲ ဥပဒေအရ နိုင်ငံတနိုင်ငံကို အပြင်းထန်ဆုံး ဘဏ္ဍာရေး ဆိုင်ရာအရေးယူမှု ဖြစ်သည်။

0 comments: