Thursday, October 25, 2007

ကေအိုင်အို အမည်ပြောင်းဖွယ်ရှိ

မဇ္ဈိမသတင်းဌာန/အောက်တိုဘာလ ၂၄ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ကို အမည်ပြောင်းရန် စဉ်းစားနေခြင်းမှာ စစ်အစိုးရ၏ အခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေး ကော်မတီတွင် ပါဝင်ခွင့် ရရေးအတွက် ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောဆိုလိုက်သည်။

ကေအိုင်အို ထိပ်သီး ခေါင်းဆောင်များမှ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် ယခုလ ၁၅ ရက်မှ ၂ဝ ရက်နေ့အထိ အစည်းအဝေးတရပ် ပြုလုပ်ပြီးနောက် အဖွဲ့အမည်ကို ပြောင်းလဲသင့်က ပြောင်းလဲမည် ဖြစ်ကာ နအဖ စစ်အစိုးရ၏ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေး ကော်မတီတွင် ပါဝင်ပြီး တိုင်းရင်းသား အခွင့်အရေးများကို တောင်းဆိုသွားမည် ဟူသည့် ကျေညာချက်ကို ယနေ့တွင် ထုတ်ပြန်လိုက်သည်။

ကေအိုင်အို အတွင်းရေးမှူး ဒေါက်တာ တူးဂျာ က “မြန်မာနိုင်ငံ အတွင်းမှာ Union နည်းလမ်းကို ကျနော်တို့ လက်ခံတယ်။ ဒါကြောင့် ကေအိုင်အို ဆိုတဲ့ နာမည်ကိုလည်း သင့်တော်တဲ့ အချိန်မှာ ပြောင်းဖို့ စဉ်းစားရတော့မယ်။ ဒါတွေ ဆွေးနွေးပြီး ထုတ်ပြန်လိုက်တာပါ” ဟု မဇ္ဈိမကို ရှင်းပြသည်။

ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ကို အမည်ပြောင်းလျှင် (အိုင် - Independence) (လွတ်မြောက်ရေး) ဟူသည့် စာလုံးနေရာတွင် အခြား စကားလုံးကို အစားထိုးမည်ဟုလည်း ဒေါတ်တာတူးဂျာ က ပြောသည်။

စစ်အစိုးရ အနေဖြင့် ယခုလ ၁၈ ရက်နေ့က အခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းပြီး ဖြစ်သောကြောင့် ကေအိုင်အို ကလည်း ပါဝင်နိုင်ရန်အတွက် ယခုလို ပြင်ဆင်နေရခြင်း ဖြစ်ကာ တိုင်းရင်းသား အခွင့်အရေးများ တောင်းဆိုရမည်ဟု ကေအိုင်အိုမှ အမြဲတစေ ပြောဆိုခဲ့ကြောင်း ပြောသည်။

သို့သော် မူကြမ်း ကော်မတီတွင် ကေအိုင်အို ကို ဖိတ်ကြားခြင်း မရှိသေးကြောင်း ကေအိုင်အို ဗိုလ်မှူးတဦးက ပြောသည်။

ကေအိုင်အို အမည်ပြောင်းမည့် ကိစ္စနှင့် ပတ်သက်၍ ပြည်ပအခြေစိုက် ကချင်အမျိုးသား အစည်းအရုံး (ကေအန်အို) ဥက� ဌ ဦးဘောမ်ဝမ်လရော် က “နာမည် လဲဖို့၊ မလဲဖို့ကိုလည်း ဒီအချိန်မှာ လုပ်စရာ မလိုဘူး။ ကျနော်တို့ လိုချင်တဲ့ Point ရောက်ပြီလား၊ မရောက်ဘူးလားဆိုတာ ကြည့်ရမယ်။ လူထု စိတ်ဝင်စားတာက အဲဒါဖြစ်တယ်။ နာမည်ပြောင်းရမယ် ဆိုတာ တယောက်စ၊ နှစ်ယောက်စရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ ကချင်လူထုရဲ့ သဘောထား မဟုတ်ဘူး” ဟု ပြောသည်။

အမည်ပြောင်းရန်အတွက် ကေအိုင်အိုတွင် ၈ဝ ရာခိုင်နှုန်း သဘောမတူဘဲ ခေါင်းဆောင်ပိုင်း ဆုံးဖြတ်ချက်သာ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

အဖွဲ့အမည် ပြောင်းရန်အတွက် လူထု သဘောထားကို ယခုအချိန်အထိ တစုံတရာ မသိရသေးသော်လည်း ကေအိုင်အို အနေဖြင့် နီးစပ်သည့် လူထုများနှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဒေါက်တာ တူးဂျာ က ပြောသည်။

0 comments: