Thursday, October 25, 2007

ပီညဲရိုး မြန်မာပြည် သွားမည်

ဧရာဝတီ/ကိုစိုး | အောက်တိုဘာ ၂၄၊ ၂၀၀၇

ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးအား လာမည့် နိုဝင်ဘာလအတွင်း သွားရောက်မည့်ခရီးစဉ်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တံ့စေပြီး ဖမ်းဆီး ထိန်းသိမ်းခံနေရသူများကိုကူညီရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ယနေ့ တိုက်တွန်း ပြောကြားလိုက်သည်။

အဆိုပါ အေအေပီပီ၏ ထုတ်ပြန်ချက်တွင် မစ္စတာပီညဲရိုး အနေနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည် ဟူသော စစ်တပ်မှ စီးနင်းခံရသည့်ဘုန်းကြီးကျောင်းများ၊ အကျဉ်းထောင်နှင့် ထိန်းသိမ်းရေး စခန်းများသို့ လွတ်လပ်စွာ သွားရောက်၍ ဖမ်းဆီး ခံထားရသူများနှင့် တွေ့ဆုံ သတင်းယူခွင့်အပါအ၀င် အချက် ၄ ချက် ကို တိုက်တွန်း တောင်းဆိုထားသည်။

“ကျနော်တို့ တောင်းဆိုထားတဲ့ အချက် ၄ ချက်မှ မရဘူးဆိုရင် မစ္စတာ ပီညဲရိုးဟာ နအဖဘက်က ရှေ့နေလိုက်တဲ့ အပြုအမူမျိုးဖြစ်သွားမှာကို ကျနော်တို့အနေနဲ့ စိုးရိမ်ပါတယ်၊ မစ္စတာ ပီညဲရိုးအနေနဲ့ မြန်မာပြည်ကို သွားမယ်ဆိုရင် ဒီအချက် ၄ ချက်ဟာ မဖြစ်မနေ ရှိထားရမယ်လို့ မြင်ပါတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။

အထက်ပါ တောင်းဆိုချက်များမရရှိပါက မစ္စတာ ပီညဲရိုး၏ ခရီးစဉ်သည် နအဖ စစ်အစိုးရ၏ နိုင်ငံတကာ ဖိအားများ ဆက်မတိုးနိုင်စေရန်နှင့် လျော့ကျသွားစေရန် ကြိုးပမ်းမှုကို အထောက်အကူပြုသည့် ခရီးစဉ် ဖြစ်သွားမည်ဟုလည်း အေအေပီပီ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

မစ္စတာ ပီညဲရိုးအနေနှင့် မြန်မာနိုင်ငံသို့ ၂၀၀၃ ခုနှစ်က သွားရောက်ရာတွင် အကျဉ်းထောင်တွင်း၌ အကျဉ်းသား တဦးနှင့် အင်တာဗျူးနေစဉ် အာဏာပိုင်များက အသံဖမ်းစက်နှင့် ခိုးဖမ်းခံရသည့်ကိစ္စကို သင်္ခန်းစာ ယူသင့်သည်ဟု ဦးတိတ်နိုင်က ပြောသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာဖို့ ကူညီဖို့ သွားတဲ့အခါမှာ သူကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်ခံရတာမျိုး ကြူံရတာပါ၊ ဒါကို မစ္စတာ ပီညဲရိုးအနေနဲ့ သင်္ခန်းစာယူသင့်တယ်လို့ ထင်တယ်”ဟု ၎င်းက ပြောသည်။

ယခုတကြိမ် မြန်မာပြည်သို့ မစ္စတာပီညဲရိုး သွားရောက်ပါက မြန်မာပြည်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်သည့်အခြေအနေ အခွင့်အလမ်းများ ဖန်းတီးနိုင်ရန်ကြိုးပမ်းသင့်ဟုလည်း ဦးတိတ်နိုင်က ဆိုသည်။

မစ္စတာ ပီညဲရိုးအား နိုဝင်ဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံ၌ ပြုလုပ်မည်ဖြစ်သော အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ လာရောက်ပါရန် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းက ကုလသမဂ္ဂသို့ အကြံပြုထားသည်ဟု သိရသည်။

“နအဖအနေနဲ့ အချိန်ကာလသတ်မှတ်ချက်တွေ အချိန်ကိုက်လုပ်ဆောင်နေတာတွေဟာ နိုင်ငံတကာ ဖိအားတွေလျော့ကျဖို့၊ ရပ်တံ့ဖို့အတွက် နည်းမျိုးစုံနဲ့ ကမ္ဘာကို လိမ်ဖို့ ကြိုးစားနေတာပါ၊ အဲဒါကြောင့် မစ္စတာ ပီညဲရိုးအနေနဲ့ မြန်မာပြည်ကိုသွားပြီး တော့ လူ့အခွင့်အရေးကိစ္စတွေကို စစ်ဆေးမယ် လေ့လာမယ်ဆိုရင် သတိကြီးကြီးထားဖို့ လိုလိမ့်မယ်လို့ပြောချင်ပါတယ်”ဟု ဦးတိတ်နိုင်က ဆက်လက် ပြောဆိုသည်။
ယနေ့ထုတ်သည့် အေအေပီပီ၏ ထုတ်ပြန်ချက်တွင် တောင်းဆိုချက် ၄ ချက်ကို နအဖနှင့် မစ္စတာ ပီညဲရိုးတို့အကြား ဦးစွာ သဘောတူညီမှု ရယူရန်လည်း တိုက်တွန်းထားသည်။

ပြည်တွင်း သတင်းထောက်များ ကိုယ်ထိလက်ရောက် စော်ကားခံနေရ

ဧရာဝတီ | အောက်တိုဘာ ၂၄၊ ၂၀၀၇

မြန်မာပြည်တွင်းရှိ ပုဂ္ဂလိက စာနယ်ဇင်း သတင်းထောက်များ သတင်းနှင့် သတင်းဓာတ်ပုံယူရာတွင် အခက်အခဲများဖြစ်နေ ကြရပြီး အသက်အန္တရာယ်ဖြစ်နိုင်သည်အထိ ခြိမ်းခြောက်ရိုက်နှက်ခံရမှုများ ရှိနေကြောင်း သိရသည်။

တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းဈေးရှိ ဆန်ဆိုင်တဆိုင်သို့ သတင်းဓာတ်ပုံ ရိုက်ယူသည့် မြန်မာနေးရှင်းဂျာနယ်မှ သတင်းထောက် ကိုအောင်ခိုင်ညွန့်အား အရပ်ဝတ်နှင့် လူ ၂ ဦးက ရိုက်နှက်ဖမ်းဆီး၍ ကမာရွတ် ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေ ဂျာနယ် သတင်းထောက်တဦးက ပြောသည်။

“ကိုအောင်ခိုင်ညွှန့်ကို ကြံ့ဖွံ့လို့ထင်ရတဲ့ လူတယောက်က ဖမ်းချုပ်ပြီးနောက်တယောက်က ဆွဲထိုးတယ်၊ ၀ိုင်းရိုက်ကြတယ်၊ ပြီးတော့ ဖမ်းချုပ်ပြီး ရဲစခန်းကိုခေါ်သွားကြတာ ကျနော်တွေ့လိုက်တယ်”ဟု အထက်ပါ သတင်းထောက်က ပြောပြသည်။

၎င်းကိုအောင်ခိုင်ညွန့်ကို ကမာရွတ် ရဲစခန်းတွင် ၃ နာရီခန့် စစ်ဆေးမေးမြန်းပြီးနောက် အာဏာပိုင်များက ပြန်လွှတ်ပေး ခဲ့ကြောင်း သိရသည်။

အလားတူ လွန်ခဲ့သော ဖေဖော်ဝါရီလ အတွင်းကလည်း ရန်ကုန်အခြေစိုက် The Voice ဂျာနယ်မှ သတင်းထောက် ကိုမိုးကျော်သည် ကြည့်မြင်တိုင် မြို့နယ်အတွင်းရှိ သစ်ဆိုင်တဆိုင်ကို သတင်းဓာတ်ပုံ ရိုက်ယူသောကြောင့် သစ်ဆိုင်ပိုင်ရှင် အပါအ၀င် အလုပ်သမား ၇ ဦးခန့်၏ ရိုက်နှက်ထိုးကြိတ်ခြင်းခံခဲ့ရသည်။

ယင်းကိုမိုးကျော် ရိုက်နှက်ခံရမှုအား တရားဆွဲဆိုခဲ့သော်လည်း သစ်ဆိုင်ပိုင်ရှင်နှင့် ၀ိုင်းဝန်းရိုက်နှက် ထိုးကြိတ်သူများ အရေးယူခံရခြင်းမရှိသည့်အပြင် ထိုသတင်းအား စာပေးစိစစ်ရေးက ဂျာနယ်များတွင် ရေးသားဖော်ပြခွင့် မပြုခဲ့သည့်အတွက် သတင်းလောကအတွင်း မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်၊ စက်တင်ဘာ အတွင်းကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် စစ်အစိုးရ စစ်သားများက သတင်းသမား များအား အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

“နိုင်ငံခြားသတင်းထောက်ကိုတောင် ပစ်သတ်ရဲတာ၊ ပြည်တွင်းသတင်းထောက်တွေကိုဆို ဘယ်လိုဆက်ဆံမလဲ တွေးကြည့် ရုံနဲ့ သိသာတယ်” ဟု သတင်းအယ်ဒီတာ တဦးက ပြောသည်။

စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့လယ် ဆန္ဒပြပွဲအတွင်း စစ်အစိုးရစစ်သားများက ဆန္ဒပြသူများအား သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲရာ အသက် (၅၁) နှစ်အရွယ် ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက် ကန်ဂျီနာဂါအိ သေနတ်မှန် သေဆုံးခဲ့ ရသည်။

အဆိုပါ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် သတင်းယူနေကြသော သတင်းထောက်များအား စစ်အာဏာပိုင်များမှ ကင်မရာ သိမ်းယူခြင်း၊ မယ်မိုရီကတ်များ သိမ်းခြင်း၊ ၎င်းတို့ သံသယရှိသသည့် သတင်းထောက်များ အနီးတွင် စောင့်ကြည့်လျက်ရှိပြီး ဓာတ်ပုံရိုက်ယူနိုင်ခြင်းမရှိစေရန် အနှောင့်အယှက် ပေးခြင်းများပြုလုပ်ခဲ့ကြောင်း ရန်ကုန် သတင်းထောက်များ၏ ပြောပြချက်အရ သိရသည်။

“အဲဒီတုန်းက ရိုက်တာသတင်းဌာနက ဦးအောင်လှထွန်းကို ပုခုံးကို ကိုင်ပြီးတွန်းပစ်လိုက်တာ မြင်လိုက်ရတယ်၊ အဲဒီနေ့မှာပဲ ကျိုဒိုသတင်းဌာနက ကိုမြတ်သူရတို့ရဲ့ ကင်မရာကို သိမ်းသွားတယ်လို့ကြားရတယ်၊ ပြီးတော့ ရေတာရှည် လမ်းထိပ်မှာ ဖြစ်တဲ့ ဆန္ဒပြပွဲမှာလည်း အမျိုးသမီး သတင်းထောက်တယောက်ရဲ့ ရင်ဘတ်ကို ဆောင့်တွန်းလိုက်တာလည်း တွေ့လိုက် ရတယ်” ဟု ရန်ကုန်မြို့မှ သတင်းစာဆရာတဦးက ပြောပြသည်။

ပြီးခဲ့သော ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့တွင် ဖြစ်ပွားခဲ့သော ကိုထင်ကျော်ဦးဆောင်သည့် ဆန္ဒပြပွဲတွင်လည်း ကျိုဒိုသတင်းဌာနမှ ကိုမြတ်သူရ၊ တီဗီနီပွန်း သတင်းဌာနမှ မဆင့်ဆင့် အောင်နှင့် အလွတ်သတင်းထောက် မေသင်္ကြန်ဟိန်တို့ကို အာဏာပိုင်များက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
“အခုလို သတင်းယူနေတဲ့ သတင်းထောက်ကို ဖမ်းဆီးစစ်ဆေးတာတို့ ရိုက်နှက်တာတို့ ဆိုတာတွေဟာ သတင်းထောက် အားလုံးကို စော်ကားလိုက်တာပဲ၊ ဒါကို သတင်းထောက်တွေအနေနဲ့ ငြိမ်ခံနေဖို့မသင့်ဘူး”ဟု ရန်ကုန်အခြေစိုက် ၀ါရင့် သတင်းထောက်တဦးက သုံးသပ်ပြောဆိုသည်။

0 comments: