Thursday, October 25, 2007

ရဲဘော်ကြီး ဇာဂနာနဲ့ ရဲဘော်ကြီး ကျော်သူ သို့ အိတ်ဖွင့်ပေးစာ

အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)

ကိုဇာဂနာနဲ့ ကိုကျော်သူတို့ရေ ….

ခင်ဗျားတို့ အဖမ်းခံနေရတဲ့ အချိန်မှာ ကျနော်က အခုအချိန်အထိ ရှောင်တိမ်း လွတ်မြောက်နေခဲ့တယ်။ အပြစ်မရှိ တဲ့ ခင်ဗျားတို့ကို နအဖစစ်အုပ်စုက ကြာကြာ ဖမ်းထားရဲမှာ မဟုတ်ပါဘူး။ ခင်ဗျားတို့နှစ်ယောက် မကြာခင်မှာ ပြန် လွတ်မှာပဲ။ အဲဒီအချိန်မှာ ခင်ဗျားတို့အနားမှာ ကျနော် ရှိမနေနိုင်တော့ဘူး။ ဒါပေမယ့် မပြီးသေးတဲ့ တိုက်ပွဲအ တွက် ကျနော့်ရဲ့ အကြံဥာဏ်တွေကိုတော့ ခင်ဗျားတို့ လိုအပ်မယ်ထင်လို့ ကျနော် (နည်းပေါင်းစုံနဲ့ ကြိုးစားပြီး) ပေးနေမှာပါပဲ။

ခင်ဗျားတို့နှစ်ယောက် ပြန်လွတ်လာရင် လေ့လာဖတ်ရှုပြီး တိုက်ပွဲကို ရှေ့ဆက်နိုင်ဖို့အတွက် ကျနော် ပုန်းအောင်း ပြေးလွှားရင်း ရေးထားတဲ့ စာတမ်းကို ပို့ပေးလိုက်ပါတယ်။ စာတမ်းက ကျနော် အင်္ဂလိပ်လို ရေးထားတဲ့ စာတမ်းပါ (ကူညီ ပို့ဆောင်ပေးမယ့် သူတွေက မူရင်း အင်္ဂလိပ်လိုပါ ဖော်ပြပေးမယ်ဆိုရင် အတိုင်းထက် အလွန်ပေါ့)။

အထူးသဖြင့် ကိုကျော်သူကို ပြောချင်တယ်။ စိတ်ဓာတ်မကျပါနဲ့။ မကြောက်ပါနဲ့။ ကြောက်နေရင် တပန်းရှုံးတယ်။ မရွှေဇီးကွက် အနားမှာ ရှိတယ်။ ဒါ ကိုကျော်သူရဲ့ သစ္စာအရှိဆုံး ရဲဘော်ပဲ။ စစ်အစိုးရ ပြုတ်ကျတဲ့အထိ ဆက် လက် တိုက်ပွဲဝင်ပါ။ ကျနော်တို့ ရဲသုံးဖော် တိုက်ပွဲမဆုံးမချင်း လက်တွဲမဖြုတ်စတမ်း။
ဟောဒီမှာ ကျနော့်ရဲ့ အကြံပေး စာတမ်း …။

မြန်မာ့ရွှေဝါရောင် တော်လှန်ရေး ရှင်ပြန်ထမြောက်ခြင်း

ကျနော်တို့ လူထုဒီမိုကရေစီ မဟာမိတ်များအားလုံး ကျနော်တို့ရဲ့ “ရွှေဝါရောင် သွေးစည်းညီညွတ်မှု (saffron solidarity)၊ အ၀ါရောင်သွေး တော်လှန်ရေး (Yellow Blood Revolution)” ရှင်ပြန်ထမြောက်ဖို့ အားသွန်ကြိုးပမ်း ကြပါစို့။

ကျနော်တို့ဟာ ဒီမိုကရေစီ လှုပ်ရှားမှု တိုက်ပွဲစဉ်ကို အောက်ပါ နည်းလမ်းသုံးသွယ်နဲ့ ဆက်လက် သယ်ဆောင် သွားရမယ်။ နည်းလမ်းတွေကတော့ …

(၁) စစ်ရေးနည်း
(၂) သံတမန်ရေးနည်း
(၃) တန်ပြန် ၀ါဒဖြန့်ချိရေးနည်း တွေပါပဲ။

(၁) စစ်ရေးနည်း

ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေရဲ့ စိတ်ရင်းဟာ စစ်တပ်နဲ့ ဆန္ဒပြသူတွေကြားမှာ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ချင်တာပါ။

ကျနော်တို့ဟာ တပ်မတော်သားတွေအပေါ်မှာ နားလည်ပေးရမယ်။ စစ်သားတွေကို ကျနော်တို့ စည်းရုံးသိမ်းသွင်း ကြရမယ်။ စစ်သားတွေကို သံဃာတွေ၊ ပြည်သူတွေ၊ ကျောင်းသားတွေကို ကယ်တင်ဖို့ ကျနော်တို့ တိုက်တွန်းကြ ရမယ်။

ကျနော်တို့ နားလည်သဘောပေါက်ထားဖို့ အရေးကြီးတဲ့ အချက်ကတော့ နောင်ဖြစ်ပေါ်လာမယ့် “တတိယနဲ့ နောက်ဆုံး”တော်လှန်ရေးကို စစ်သားတွေ ဦးဆောင်လိမ့်မယ်ဆိုတဲ့ အချက်ပဲ။ အဲဒီလို ဦးဆောင်မယ့် တပ်မ တော်သားတွေဟာ ဒီမိုကရေစီရေးအတွက် တော်လှန်တဲ့ အင်အားစုတွေ မကြာခင် ဖြစ်လာမယ် ဆိုတာပါပဲ။

ကျနော်တို့ တိုက်ပွဲသမိုင်းမှာ ဒါဟာ Soldiers-led စစ်သားတွေ ဦးဆောင်တဲ့ ၂၀၀၇ (သို့) ၂၀၀၈ … တတိယနဲ့ နောက်ဆုံး တော်လှန်ရေးပဲ။ အရင် တော်လှန်ရေး နှစ်ရပ်ကတော့ Students-led ကျောင်းသားတွေ ဦးဆောင်တဲ့ ၁၉၈၈ အရေးအခင်းနဲ့ သံဃာတွေ ဦးဆောင်တဲ့ အခု Sanghas-led ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံတို့ပါ။

ကျနော်တို့ဟာ “သားသုံးသား” ပေါင်းစည်းရေးကို အားကိုး မျှော်လင့်ကြရမယ်။ ကျောင်းသား (ဗကသနဲ့ ၈၈မျိုး ဆက်)၊ စစ်သား (တပ်မတော်သား)၊ ဘုရားသား (သံဃာ) အဲဒီ “သားသုံးသား” ပေါင်းစည်းအောင် ကြိုးပမ်းရင်း မ ကြာခင်မှာ “တပ်တွင်းပုန်ကန်မှုကြီး”တခု မလွဲမသွေ ပေါ်ပေါက်လာမှာကိုလည်း ကျနော်တို့ ယုံကြည် မျှော်လင့် ထားရမယ်။

ဒါ ပထမဆုံး စစ်ရေးနည်းပါ။

(၂) သံတမန်ရေးနည်း

ဒီနည်းကတော့ တရုတ်အစိုးရ၊ ရုရှားအစိုးရနဲ့ အိန္ဒိယအစိုးရတွေနဲ့ အဓိက သက်ဆိုင်ပါတယ်။

ဒီအစိုးရသုံးရပ်ဟာ လက်ငင်း မြန်မာ့ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး တိုက်ပွဲအပေါ်မှာ ရေငုံနှုတ်ပိတ် နေကြတယ်။ ဒါဟာ နအဖစစ်အုပ်စုကို ထောက်ခံနေတဲ့ သဘောပဲ။

ဒါပေမယ့် ဒီအစိုးရတွေနဲ့ သူတို့ပြည်သူတွေဟာ မြန်မာနိုင်ငံအပေါ် သဘောထားရာမှာ မတူကွဲပြားတာကိုတော့ သတိပြုရမယ်။

ဒီအစိုးရတွေဟာ နအဖကို အစဉ်အမြဲ ကျောထောက်နောက်ခံ မြှောက်ပေးနေသူတွေပဲ။ မြန်မာစစ်ဗိုလ်ချုပ်တွေကို ဒီအစိုးရတွေက ကျားကန်ပေးထားတယ်။

ကျနော်တို့ဟာ သံခင်းတမန်ခင်းနည်းနဲ့ သူတို့ပြည်သူတွေက သူတို့အစိုးရတွေကို မြန်မာစစ်အစိုးရအပေါ် ထောက်ပံပေးနေတာကို ရှုတ်ချပြီး ချက်ချင်းပဲ ဒီအကူအညီတွေ ရပ်ဆိုင်းပစ်စေဖို့ တွန်းအားပေး လုပ်ဆောင်သွား ကြရလိမ့်မယ်။

(၃) တန်ပြန် ၀ါဒဖြန့်ချိရေးနည်း

ဒီနည်းမှာတော့ ကျနော်တို့ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ Psych-war ကို Psych-war နည်းနဲ့ပဲ တန်ပြန်တိုက် ခိုက်ကြရမယ်။

စစ်အစိုးရ လော်စပီကာ သတင်းစာတွေရဲ့ အတင်းအဖျင်း ၀ါဒဖြန့် အရေးအသားတွေကို ကျနော်တို့ ဝေဖန်ပစ်ရ မယ်။ အစိုးရပေါ်လစီကို ထင်ဟပ်တဲ့ မီဒီယာနဲ့ စစ်အုပ်စုလိုလားတဲ့ စာပေအနုပညာတွေကို ကျနော်တို့ တုန့်ပြန် ပစ်ရမယ်။ ရန်သူရဲ့ ၀ါဒဖြန့်ချိရေး ယန္တရားကို ကျနော်တို့ ထိုးနှက်ပစ်ရမယ်။ မြောင်းထဲရောက်သွားအောင် မောင်း ထုတ်ပစ်ရမယ်။ နောက်ဆုံးမှာ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး လှုပ်ရှားမှုဟာ အကျပ်အတည်းဆိုက်ပြီး ပြိုကွဲသွားစေ ရမယ်။

နောက်ပြီးတော့ ကျနော်တို့ ရင်ဆိုင်ရမယ့် အရေးအကြီးဆုံး အချက်တခုကတော့ မြို့နယ်အလိုက် ကြံ့ဖွတ်အမှု ဆောင်တွေ၊ စွမ်းအားရှင် ခေါင်းဆောင်တွေရဲ့ နာမည်နဲ့ ကိုယ်ရေးအကျဉ်းတွေကို အတိအကျ အသေးစိတ် ရေး သား မှတ်တမ်းတင်ထားဖို့ပါပဲ။ (နောင်တချိန် တော်လှန်ရေး အောင်ပွဲဆင်တဲ့အခါမှာ တရားမျှတမှုအတွက် သူတို့ ကို တရားခုံရုံး တင်တဲ့အခါ လူမှားပြီး သတ်မိတာမျိုး၊ စီရင်ချက်ချတာမျိုး မဖြစ်စေရအောင်လို့ပါ။)

ဒီနည်းဟာ စစ်အစိုးရ ပြုတ်ကျဖို့ တန်ပြန်တိုက်ခိုက်တဲ့ တော်လှန်သော အနုပညာပဲ။ စစ်အစိုးရကို ကိစ္စတုံး အလုံးစုံ ပျက်သုဉ်းသွားစေမယ့် တန်ပြန် အနုပညာပဲ။

ဒါပါပဲ။ မြစ်ဧရာပေါ်မှာ လွတ်လပ်မှုဟာ အပြင်းအထန် စီးဆင်းလာပါစေတော့ …။

အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)
(၁၁-၁၀-၀၇)
(ဒေါက်တာလွဏ်းဆွေ ဆီမှ ကူးယူသည်။)

0 comments: