လွန်ခဲ့သော စက်တင်ဘာလ (၂၇)ရက်နေ့ 
မြန်မာပြည်တွင်း ငြိမ်းချမ်းစွာ ဆန္ဒပြရာတွင် စစ်အုပ်စု လက်ပါးစေများ၏ ရိုက်နှက်ဖမ်းဆီးမှုကြောင့် အောက်တိုဘာလ ၆ ရက်နေ့ တွင်မှ အင်းစိန် ဂျီတီအိုင် အကျဉ်းစခန်းမှ ပြန်လည် လွတ်မြောက်လာသည့် ကိုယ်တိုင်ဖမ်းဆီးခံခဲ့ရသူ ရန်ကုန်မြို့ ခံတဦး၏ ပြောဆိုချက်အားဆုံဆည်းရာ မှ ဖော်ပြပါသည်၊
“အဖမ်းခံရတဲ့နေရာက တာမွေဘက်မှာ အဲ့ဒီမှာ သေနတ်တွေနဲ့ပစ်နေလို့ လူတွေက မြောင်းထဲဝင်ပုန်းကြတယ် ပုန်းတဲ့အထဲမှာ အဖမ်းခံရတဲ့သူလည်းပါတယ်။ မြောင်းထဲ ပုန်းတဲ့သူတွေကို အပေါ်တက်ခိုင်းပြီး ကတ္တရာလမ်းပေါ်မှာ ၀မ်းလျားမှောက်ခိုင်းတယ်။ မော်ကြည့်ခွင့်တောင်မရှိဘူးဘာမှ ပြန်ပြောခွင့်မရှိဘူး။ ပြန်ပြော တဲ့သူတွေအထိုးခံရတယ်။ အထိုးခံရတဲ့ သူတွေကတော့ မျက်နှာတွေ ညိုမဲပြီးမျက်လုံးတောင် ပိတ်နေတယ်။
ကတ္တရာလမ်းပေါ်မှာ ၀မ်းလျားမှောက်နေတဲ့သူတွေကို စစ်ဖိနပ်နဲ့ တက်နင်းတယ်။ကျနော်လည်း စစ်ဖိနပ်နဲ့တက်နင်းခံရလို့ မေးစေ့ကွဲသွားတယ်။ အဲ့ဒီ အဖမ်းခံရတဲ့ အချိန်မှာ ဘေးနားမှာ မနက်ဖြန် စင်္ကာပူသွားဖို့ရှိတဲ့သူတစ်ယောက်ရှိတယ်။ သူကိုလည်းဘာမှ ဖြေရှင်းချက်မပေးခိုင်းဘူး။ ဘာမှကို ပြန်မပြောခိုင်းတာ။ ဆရာဝန်လင်မယားနှစ်ယောက်လည်းပါတယ်။
ဆရာဝန်လင်မယားက လမ်းပိတ်နေလို့ ကားပေါ်မှာနေနေတာကိုတောင် ကားပေါ်ကနေဆွဲချပြီး အဖမ်းခံရတာတဲ့အဲ့ဒီ ဆရာဝန်ဆီမှာ ဆရာဝန်ကဒ်တွေပါတာ တောင် မရဘူးဆိုပြီး ခေါ်သွားတာ။ အချို့ကခေါင်းတွေကွဲလို့ အဲ့ဒီအကွဲအတိုင်းကို အင်းစိန် GTI ကျောင်းဝင်းထဲကို ခေါ်သွားကြတယ်။
သွးတွေထွက်တာကလည်း မြင်မကောင်းဘူး။ အဖမ်းခံရတဲ့သူတွေထဲမှာ မိန်းကလေးတွေလည်းပါတယ်။ သူတို့လည်းစစ်ဖိနပ်နဲ့ တက်အနင်းခံရတယ် အထဲရောက်သွားတော့ အုပ်စုခွဲပြီးထားတယ်။ ကျနော်ကတော့ ကုမ္ပဏီဝန်ထမ်းအုပ်စုထဲမှာပါတယ်။ အစာကို မသေရုံတမယ်ပဲ ကျွေးထားတယ်။ သူတို့ကျွေးတဲ့ ကြက်ဥလေးကို အဖော်ပြုပြီးအသက်ဆက်ခဲ့ရတယ်။ လူတွေကအားမရှိလို့ ယိမ်းတိမ်းယိမ်းတိမ်း ဖြစ်နေကြတယ် ။ အဲ့ဒီမှာ ပါတဲ့ပစ္စည်းတွေ အကုန်သိမ်းတယ်။ ပိုက်ဆံ ၂ သောင်းကျော်ပါသွားတာ အကုန်ယူပြီးသွားတယ်။ ကျနော့်မှာ အိတ်တစ်လုံးပါတယ်။ အဲ့ဒီအိတ်ထဲက ပေါင်မုန့်တွေကိုတွေ့သွားတော့ ခွေးသား ပေါင်မုန့်စားပြီး လမ်းလျှောက်တဲ့အကောင်ဆိုပြီးတော့ စစ်ဖိနပ်နဲ့ တက်နင်းတယ် ။ စစချင်း အဖမ်းခံရတဲ့နေရာက တစ်နေရာ ပြီးတော့ နောက်တစ်နေရာကို ပြောင်းရွေ့တယ်။ စစချင်း အဖမ်းခံရတဲ့နေရာမှာတုန်းကတော့ ဆေးလိပ်တို့ဘာတို့ကို ဆရာကြီးတွေက ဝေပေးတယ်တ။ဲ့ နောက်တစ်နေရာလည်း ရောက်ရော။ ကွမ်းယာတစ်ရာကို ငွေတစ်ရာ။ ဆေးလိပ်တစ်လိပ်ကို ငွေတစ်ရာ အဲ့ဒီလိုဖြစ်ကုန်ရော။ အထဲရောက်တော့ နှိပ်စက်တာ မရှိပါဘူး။ သူတို့နေခိုင်းတဲ့ ပုံစံနဲ့တော့ နေရတယ်။ ရဲတွေထက် စစ်သားတွေက ပိုဆိုးတယ်။ပြန်လွတ်ဖို့အတွက် ပိုက်ဆံပေးရတာတော့မရှိဘူး။ မိဘရယ် ရပ်ကွက်လူကြီးရယ် လိုက်လာပြီး နောက်နောင် ဒီလိုအလားတူ အဖြစ်မျိုးမဖြစ်ဖို့အတွက် ၀န်ခံချက် လက်မှတ်ရေးထိုးခဲ့ရတယ်။ နေရတာတော့ တော်တော်ဒုက္ခရောက်တယ် ... ဟု ကိုယ်တိုင် ဖမ်းဆီး ခံခဲ့ရပြီး စက်တင်ဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့ အထိ အင်းစိန် GTI အကျဉ်းစခန်းတွင် ၈ ညနှင့် ၉ ရက် တိတိ နေခဲ့ရသည့် ရန်ကုန်မြို့ ခံ တဦးမှ ပြောသည်။
Wednesday, October 10, 2007
စက်တင်ဘာလ (၂၇)
Posted by
nanda
at
12:49 AM
Labels: သမိုင်းရက်စွဲများ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment