Saturday, January 11, 2014

ခေါင်းပြတ်ရထား

တနှစ် တစ်တန်းအောင်-- ဆရာဝန်လိုင်းသွား-- ဆိုသလိုမျိုး
ဖြစ်တည်မှုဟာ အဲသလောက် ရိုးရှင်းဖြောင့်စင်း နေရောပဲလား မေမေ
ဒါမှမဟုတ် ဘဝဆိုတာ
ကလန်ဖန်ထိုးထားတဲ့ ပြက္ခဒိန်ပေါ်မှာ
စာကျက်ချိန်ဇယားဆွဲရတာပဲ လို့ရော မေမေ တွေးမိဖူးလား
အဲဒီနေ့က ဦးလေးကို Boston လေဆိပ်မှာ သား သွားကြိုခဲ့တယ်လေ
ဦးလေးက တောင်ဘက်ကုန်သွယ်ရေးစင်တာမှာ ပြာ ဖြစ်သွားတယ်
အဲဒါ ဘယ်သူရေးပြီး ဘယ်မှာ ဝှက်ထားခဲ့တဲ့ မာတိကာလဲ...မေမေ
ဆွဲလဲ ဟာ နယူးယောက်မှာ ကျောင်းလာတက်တဲ့ မြန်မာပြည်သားပေါ့
မာစတာ အောင်သွားပြီးတော့ ပညာတတ်အမေရိကန် ဖြစ်သွားတယ်
မြန်မာပြည်မှာ အဲဒီကောင် ပြန်အလာကို စောင့်နေရှာတဲ့
ရုံးခန်းတစ်ခုထဲက ထိုင်ခုံဟာ သူ့တိုင်းပြည်လိုပဲ မှိုတက်သွားရတာပဲ
အဲဒါ ဘယ်သူရေးပြီး ဘယ်မှာ ဝှက်ထားခဲ့တဲ့ မာတိကာလဲ...မေမေ
(ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ ရှိရမယ်) (ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ ရှိရမယ်) လို့
သိပ် ဆိုလို့ ကောင်းတဲ့ သီချင်းစာသားကို သိပ်ကြိုက် ယုံကြည်ခဲ့ဖူးသူတွေပဲ
(ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ ဖျက်ရမယ်) (ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ ဖျက်ရမယ်) လို့
ညာလက်နဲ့ ညာထိုးတဲ့ ငြိမ်းချမ်းရေးလက်မှတ်တွေက ညီညီညာညာ ညာလိုက်တာပဲ
အဲဒါ ဘယ်သူရေးပြီး ဘယ်မှာ ဝှက်ထားခဲ့တဲ့ မာတိကာလဲ...မေမေ
၂ ပတ် ဆိုပြီး တောခိုသွားတဲ့ အဲဒီ ကျောင်းသားတော်လှန်ရေးသမားတွေ
သူတို့ရဲ့ လဲပြိုကုန်းထ ရှေ့ဆက်ချီတက် အိပ်မက်ဖူးခရီးက ၂၅ နှစ် ကျော်ခဲ့ပြီပဲ
အဲဒါ ဘယ်သူရေးပြီး ဘယ်မှာ ဝှက်ထားခဲ့တဲ့ မာတိကာလဲ...မေမေ
၉၀ ရွေးကောက်ပွဲကြီးကို ၉၀% နဲ့ နိုင်လည်း ဖဲခိုးတဲ့ဒိုင်ပဲ သိမ်းသွားတာပဲ
အများအလို ၉၀ ရလာဒ်ကြီးကို ဘုရားလိုကိုးကွယ်ခဲ့လည်း ငရဲအိုးထဲ စိုက်ကနဲ
အဲဒါ ဘယ်သူရေးပြီး ဘယ်မှာ ဝှက်ထားခဲ့တဲ့ မာတိကာလဲ...မေမေ
(ကြပ်ပြေး)၊(နေပူတော်)၊(အစိမ်း၂၅%)၊(ဘောင်းဘီချွတ်)၊(ချွတ်ချော်တဲ့လွတ်တော်)
စတဲ့ စတဲ့ တော်လှန်စကားလုံးတွေဟာ
ပြေးထိုးနေတဲ့ အဖိနှိပ်ခံလက်သီးတွေ မဟုတ်လား (ဘယ်လို ကနေ ဘယ်လို)
ပြေးနမ်းနေတဲ့ အောင်ဆန်းစုကြည်နှုပ်ခမ်းတွေ ဖြစ်သွားရတာလဲ
အဲဒါ ဘယ်သူရေးပြီး ဘယ်မှာ ဝှက်ထားခဲ့တဲ့ မာတိကာလဲ...မေမေ
သမိုင်းသွေးဟာ သမိုင်းသွေးဖြစ်လို့ သမိုင်းပေးတာဝန်ယူရမယ် ဆိုတဲ့ စာသားရှိရင်
နိုင်ငံသားဟာ နိုင်ငံသားဖြစ်လို့ နိုင်ငံ့တာဝန်ယူရမယ် ဆိုတဲ့ စာသားရှိရင်
လွပ်လပ်လူဟာ လွပ်လပ်သူဖြစ်လို့ လွပ်လပ်တာဝန်ယူရမယ် ဆိုတဲ့ စာသား ဘယ်မလဲ
အဲဒါ ဘယ်သူရေးပြီး ဘယ်မှာ ဝှက်ထားခဲ့တဲ့ မာတိကာလဲ...မေမေ။

ရေး/ဝှက်ထားတဲ့မာတိကာဟာ မြေပုံပဲ
ရေး/ဝှက်ထားခံရတာဟာ ပြည်သူတွေပဲ
ရေး/ဝှက်သွားသူတွေဟာ ခေါင်းဆောင်တွေပဲ။

သိပ် ကြိုတွေးလွန်းတဲ့ လူသားက
(တစ်) မနှုတ် နိုင်ရင် (ကိုး) လာမယ် ဆိုတဲ့ Plan B ကို ဆွဲခဲ့တယ်
သိပ် သစ္စာမဲ့လွန်းတဲ့ လူသားက
(တစ်) မနှုတ် နိုင်ရင် (ကိုး) မလာတော့ဘူး--(ကိုယ်ဖြစ်ကိုယ်ခံ ဆိုတဲ့)
မြန်မာပြည်ကြီးကို အဲ့ဒီ အတိုင်းပဲ ပစ်ထားလိုက်တော့တယ်။

ရေး/ဝှက်ထားတဲ့ မာတိကာဟာ သန်း၆၀အနာဂတ် ဆိုရင်
ကိုယ့်လမ်း ကိုယ်ဖောက်ပြီး ရှာဖတ်ရမဲ့ကောင်တွေဟာ ငါတို့ပဲ
ခေါင်းဆောင်တွေ... ခေါင်းရှောင်သွားတဲ့... ရထားလမ်းပေါ်မှာ။   ။

သုအိုင်စံ
၁၁-၀၁-၂၀၁၄

0 comments: