Monday, December 16, 2013

လက်ဝါးကပ်တိုင်ကို ဇောက်ထိုးစိုက်ထူကြည့်ခြင်း

လောကရဲ့ နေခြည်နုအလင်းဟာ
ကျနော့်စိတ်နှလုံးသားကို
လန်းသစ်ကြည်ရှင်းမှုတွေ ယူလာပေးသလိုပဲ
ခင်ဗျားရုပ်ခန္ဓာကိုလည်း
နိုးထစေကာ အားသစ်သွင်း ပေးတာလိုက်ပါပဲ
ကျနော့်ဘာသာ စိတ်သောကသွေးတိုးနေတာက
ကျနော့်ရဲ့ ဘဝမကောင်းဆိုးဝါး
ခင်ဗျားဘာသာ တစ်ညလုံး မအိပ်ထားခဲ့တာက
ခင်ဗျားရဲ့ ဘဝမိစ္ဆာငရဲ
ဝမ်းတွင်းခလေးခဲကပဲ တအားကုန် ဆောင့်ကန်ဖွင့်ထွက်ရုံနဲ့
မွေးဖွားခြင်းတစ်ခု ပီပီပြင်ပြင် ဖူးပွင့်လေ့ မရှိခဲ့ပါဘူး
မိခင်တစ်ဦးရဲ့ ကြီးမြတ်သော မဟာဝေဒနာဟာ
ဟောဒီ လူ့ကမ္ဘာမြေကို စိမ်းလန်းသာယာစေနေတာပဲ မဟုတ်လား
ဘုရားဟာ ဘုရားလောက်ပဲ တတ်နိုင်တယ်လို့ လက်ခံစို့
ခင်ဗျားတို့ ကျုပ်တို့ ကိုယ်တိုင်လုပ်ရမှာက အားလုံးလိုလိုပဲ
ဘယ်လိုပဲ ဆုတောင်းမှော်ရည် တမ်းတ တမ်းတ
လုံးဝ ကျမလာတာဟာ ဥုံဖွမန်းမှုတ်ပူဇော် ဓမ္မတရားတော်ပဲ
မတော်သော်လည်း မညံ့တဲ့လူသားဟာ
ကိုယ့် လယ်ယာမြေကို ကိုယ့်အရိုးနဲ့ ထွန်ယက်ထယ်ထိုး
ကိုယ့်သွေးနဲ့ ကိုယ့် အဓိပ္ပါယ်ပင်ကို စိုက်ပျိုးပေါင်းသင်စောင့်ထိန်း
ကိုယ့် မရဏသီးနှံပင်ကို ကိုယ့် ထွက်သက်တံဇဉ်နဲ့ ရိပ်သိမ်းသွားရုံ မဟုတ်လား
တရားကြီး တရားကျယ်၊ စောက်ကြီး စောက်ကျယ်နိုင်တဲ့ဘုရားသခင်ရေ...
အသင် ဝေး ဝေး သွား ပေ တော့၊
ဟောဒီ အရိုင်းဖြူ နှလုံးသားတစ်ဖူး၊ အမုန်းဒသနတွေမူးလာရင်တော့
ကမ္ဘာ အပျက် ကောင်းကင်ဘုံ အပြိုပဲ
ဝဋ်ကောင်ဟာ ငရဲ ပီး တယ် အရှင်...။   ။

သုအိုင်စံ
၀၉-၁၂-၂၀၁၃


0 comments: