Saturday, October 26, 2013

လူဟာ နေကြတ်လကြတ် နက္ခတ်နဲ့မွေးဖွားလာပြီး၊ ဗေဒင်ကို ဖျက်ဆီးသလို၊ ပျက်စီးသွားတယ်။

(ဒစ်သားဟာ ဇစ်ကြားမှာ ညှပ်နေတယ်
ချွတ်မရ၊ ဝတ်ရခက် ဂျင်းဘောင်းဘီအပေါက်အပြဲနဲ့
ဣတ္ထိယ တစ်ယောက်ရဲ့ အလှအပ မြင်ရင်
စိတ်အသိက ငေါက်ကနဲ မတ်တပ်ရပ်ချင်တယ်
အရေပါးပြင်ငယ် တရှရှ နာကျင်စူးသွားတာ့မှ
လူ့ ဖြစ်အင်ဆိုတာ ဘာနဲ့မှ ထူးခပ် မထားပေမဲ့
သူ့ ဖြစ်ချင်လိုရာ ဘယ်ကိုမှ ကူးခပ်သွား မရမှန်းလည်း
လမ်းသရဲ အထာနဲ့ လမ်းထဲမှာပဲ နားလည်ရတယ်။)

(အမှောင်ထဲလည်း အိပ်မရ၊ အလင်းထဲလည်း မနိုးကြား၊
အတွင်းထဲသွေးဆိုးယုတ်များ၊ အပေါ်ယံအရေပြားအစုတ်၊
ရုပ်ပြုအရိုးများပုတ်ဆွေး၊ အတွေးအခေါ်မဏ္ဍိုင်လုံးပါးရော်ကျ၊၊
သူ့ နှလုံးသားပေါ်က သုံးမရ၊ ပစ်မရတဲ့ လူ့ ဖြစ်တည်ခြင်း၊
သက်ပြင်းပွက်ပွက်ရင်ခုန်သံ၊ သေမင်းထံ မြန်ဆန်စေတော့။)

(ပင်ကိုယ် အသိတရားရဲ့အမှောင်ယံတိုက်ထဲမှာ
ပင်ကိုယ် ရှိထားတဲ့ တောင်ပံ ရိုက်လွှဲလာတယ်
ဘယ်သူ ဘာကြောင့် ဘယ်ကို ဘယ်လို
အလိုလို မြင်ထားတယ် အလိုလို ထင်ရှားတယ်
မျက်လုံးနက်နက်က အမှောင်နက်နက် ကြိုက်တယ်
အမှန်မြင်ရန် အမှောင်ယံနဲ့ အလင်းပြရတယ်
အပျံသင်ရန် အတောင်ပံနဲ့ အပြင်းခတ်ကြတယ်
ကိုယ်နဲ့ မျိုးကွဲတွေရဲ့ သွေးသားကိုစုတ်သောက်
ကိုယ်နဲ့ မျိုးကွဲတွေရဲ့ အတွေးအားကိုဖောက်စား
တရားသဖြင့် အမျိုးသားရေးလမ်းစဉ်
ကိုယ့်ရဲ့  အမျိုးထဲတွင် ကျင့်သုံးမိရင် အမှားဆုံးပဲ
အုပ်စုလိုက် ရေးထားကြတဲ့ အခြေခံဥပဒေဟာ
အုပ်စုလိုက် အလေးထားရမဲ့ သေဒဏ်တခုလို
ဗန်ပါယာဆိုရင် အလင်းကို ဆိုးဆိုးဝါးဝါး ငြင်းပယ်
အလင်းဟာ အမျိုးသားစီးပွားဖျက်တဲ့ ဘုံရန်သူပဲ
အလင်းက မျက်လုံးကိုပဲ မှန်အောင် ပစ်တယ်
အဲဒီကျည်ဆံ တောင်ပံနဲ့ ရိုက်ထုတ် မရဘူး
အမှောင်ယံနဲ့လည်း တိုက်ထုတ် မရဘူး
လောကရဲ့ ဥပဒေ ပြဌာန်းချက်က ရန်သူ့ဘက်မှာ
နေတစ်စင်း အလင်းအား ဘက်လိုက်ထားပေမဲ့
မသေမချင်း ဆက်တိုက်သွားမဲ့ ဗန်ပါယာဟာ
အလင်းထဲ အလင်းဝင်မဲ့ကောင် လုံးဝ မဟုတ်ပါ
အမှောင်တွင်းဆီသာ ဆုတ်ခွာမဲ့ ခံစစ်သေဗျူ ဟာနဲ့
တကောင်ချင်းညီညာ လုပ်စရာရှိတာကို လုပ်နေတဲ့သူဟာ
ရန်သူ အလင်းရောင်ကိုတောင် ဂရုမစိုက်အား
သွေးသားဆာရင် ရိက္ခာရှာထွက်ရ
ဆာလောင်ခြင်းက အလင်း အမှောင်မှ မခွဲခြားပဲ
ရန်သူ အလင်းရောင်ဟာလည်း
တချို့ ကောင်တွေကို သွေးသက်သက်ပဲ အလဲ့ဂျစ် ဖြစ်စေပြီး
တချို့ကောင်တွေကို အတွေးသက်သက်ပဲ အလဲ့ဂျစ် ဖြစ်စေတာမို့
သူတို့ဟာ အဲဒီတိုက်ပွဲမှာ
လက်ကျန်တဝက်နဲ့ လက်ကျန်တဝက်နဲ့ ပေါင်းလိုက်ရင်
အသက် ပြန်ဆက် ရှင်သန်လို့ ရသေးကြောင်း
သွေးစီးကြောင်းထဲက သီအိုရီကို တွေ့ရှိ အသုံးချနိုင်ခဲ့တယ်
ဒီလိုပါပဲ
အားနည်းချက်ဆိုတာ အားသာချက်ထဲမှာပဲ ရှိနေတတ်သလား
အလင်းဘက်လိုက်ထားတဲ့ ကမ္ဘာ့ လူသားအများစုဟာ
ဗန်ပါယာသရဲကားကြည့်၊ နှလုံး၏အားကျ၊ ကြောက်ရွံ့နေတတ်ပေမဲ့
အဲဒီထဲက တစ်ခု တစ်စုံ တမှန်ု တစ်စ
တစ်ဘဝ တစ်ဦး တစ်ဖူး တစ်ညွန့်ဟာ
မရွံ့မကြောက်၊ ဖောက်ထွက်တွေးမြင်၊ ရင်ဗလာနဲ့
အစဉ်အလာရဲ့ ကြောက်ထားရမယ်ဆိုတဲ့ ခြောက်စားခံရနေတဲ့
အကြောက်တရားဒဏ်တွေရဲ့ဆီကနေ  လွတ်မြောက်သွားခဲ့တယ်
သရဲကားကြည့်နေတော့
လွဲမှားအသိတွေကို သိုလှောင်ရင်း ထင်တွေးမှုမှားယွင်း
ယဉ်ကျေးမှုများစိတ်ဥာဏ်ကျင့်ဝတ်အားပြင်းတဲ့ စိတ်အလင်းဟာ
အပြစ်လွတ်အမှားကင်းတဲ့ မှောင်မိုက်ခြင်းကို ရင်မဆိုင်ရဲပါ
လူ့ စိတ်နဲ့ လူဟာ အစွဲမကျွတ်ပဲ အတိတ်ထောင်ထဲမှာ
သူ့ အရိပ်နဲ့ သူဟာ ငရဲမလွတ်ပဲ ပိတ်လှောင်ဆဲပါ
ဦးနှောက်သာမွဲပျက် အဆုံးလျှောက်မလာရဲတဲ့ ခြေလှမ်းစစ်တွေ
ဘယ် နန်းမြေသစ် ကမ်းခြေသစ်ကိုမှ
လူ့ အဓိပ္ပါယ်စစ်ဆိုတဲ့အရာက ကမ်းနမ်းဦးညွတ် ကျောက်မချနိုင်ခဲ့ဘူး
သူ့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့တာက ရမ်းသမ်းရူးသွပ် ပေါက်ကရနိုင်တဲ့ ရွက်တိုက်မှု
အခုထက်ထိအောင်
စိုးမိုးကုန်းထက်မှာ အောင်လံ မစိုက်သေးဘူး
အဆိုးဆိုး မဖုံးတဲ့ဘုံမှာ တောင်ပံ မဆိုက်သေးဘူး
အဆန်လိုက် ကူးပြီးတော့ အစုန်လိုက် ကူးတယ်
အစုန်လိုက် ကူးပြီးတော့ အဆန်လိုက် ကူးတယ်
မြစ်လယ်မှာပဲ
ရူးသွပ်အိုမင်းနေမြဲ အဘိဓမ္မာပျက်လှိုင်းတွေဟာ ကမ်းပျောက်
မြစ်ရေအောက်ဖုံးကာ နစ်သေပျောက်ဆုံးရှာတယ်
ငိုမယ် ရှိုက်မယ် ဝမ်းနည်းမယ်ဆိုတဲ့ ဘက်လိုက်တရားတွေ
အဖွဲ့လိုက်ကြီး ရှိနေသေးလား အသက်ပိုက်ပြီး ရှိနေသေးလား
ရက်ရက်စက်စက် မေ့ပစ်သွားရမဲ့ အတိတ်က ငရဲဖြစ်ဓမ္မအမှားကို
သွက်သွက်လက်လက် မေ့ပစ်သွားဖို့ စိတ်ဓါတ်ရဲရင့်ပြတ်သားလှည့်
ထပ်သွားမဲ့ လမ်းတိုင်းတလျှောက်၊ ထပ်လှမ်းမဲ့ ခြေထောက်တိုင်းမှာ
ဥာဏ်ပညာ မိုင်းနင်းမဲ့ ခြေဗွေရာတွေ မပါတော့ပါဘူးလို့
ထူးခြားပြီး ကြွေးကြော်နေလို့လည်း လူဟာ မထူးခြားနိုင်တော့ပါဘူး
တကယ်လို့သာ
ဘက်လိုက်ထားတဲ့ နေမင်းဟာ လောင်မီးတွင်းထဲပြာကျသွားခဲ့ရင်
ဗန်ပါယာတွေက အောင်ပွဲခံ ပျော်ရွှင်နေကြမယ် ထင်လား
မကစားပေးတဲ့ ဘော်လုံးကွင်းကြီး မြက်ရှည်လာတတ်သလို
မကစားပေးတဲ့ ဘော်လုံးသမားတွေ လက်ရည်ကျလာသလိုမျိုး
ရန်ဘက် အဆိုးတွေ မျိုးပြုတ်ကင်းတဲ့ အတွေးအခေါ် တစ်ရပ်လုံးဟာ
ဥာဏ်ပျက် အကျိုးယုတ်ရင်းနဲ့ ဘေးချော် ကျဆုံးတော့မှာ
သေချာသလောက်ပဲ.....)

(ပေါက်တဲ့အတိုင်းပဲ ရှင်သန်ရဲလိုက်ပါ သစ်ပင်ရာ
တောင်လေတိုက်တိုက် မြောက်လေတိုက်တိုက်
အနောက်လေကြမ်းကြမ်း အရှေ့လေရမ်းရမ်း
မုန်တိုင်းဆိုးဆိုး ရေမိုးကြီးကြီး လေဆိုးထန်ထန်
ခံနိုင်ရည်ရှိသမျှ
သစ်ပင်ဆန်ဆန် ယိမ်းနေ ရပ်နေခြင်းဟာ အန္တိမတရားပဲ
(လွပ်လပ်ချင်သေးလားဟေ့ လွပ်လပ်ချင်သေးလားဟေ့)
(လွပ်လပ်ချင်သေးလားဟေ့ လွပ်လပ်ချင်သေးလားဟေ့)
ပြောသားပဲ...
ရှေ့ဆက် ရှာကြည့်လည်း တွေ့မည့် မြင်မည့် အရာ ဘာမှ မရှိဘူးဆိုတာ)။   ။

သုအိုင်စံ
၂၇-၁၀-၂၀၁၃

0 comments: