Monday, September 16, 2013

အသတ်ခံခဲ့ရသော တွေးခေါ်ပညာရှင်များ

တယောက်ယောက်က ကားပျံကို တီထွင်ခဲ့တယ်
ကားပျံဟာ ကားကြားမှာ သွားပြီး လေယာဉ်လို လေမှာပျံဝဲ
လေယာဉ်ကွင်းထဲမှာ ဆင်းသက်၊
ကားလိုပဲ ဆက်မောင်းထွက်သွားနိုင်တယ်။

"ကားပျံက ကားကို သနားတယ်" တဲ့
ကားတွေရဲ့ ကံဝိညာဉ် ဖြစ်တည်မှုတရား လွပ်လပ်ချင်စိတ်ကို
မြေပြင်က လက်ဝါးကြီးအုပ် ထိန်းချုပ်ထားတယ်တဲ့
သူတို့ ဦးနှောက်က လေဝဲဒဿန ဆိုတာကို မလေ့လာဘူးဖူး" တဲ့။

"ကားက ကားပျံကို မတရားဘူး" တဲ့
"ကားပျံတွေဟာ
မြေပေါ်မှာ ဘီးကို မြေထဲချထားလိုက်၊ အတောင်ကို လေထဲကပ်ထားလိုက်၊
မြေပေါ်ပြေးသွားလိုက် လေပေါ်ပျံသွားလိုက်၊
အားကြီးဗိုလ်ကျစရိုက်နဲ့ အနိုင်ကျင့်ချင်ကြတယ်
မြေစိုက်ခြင်း အတွေးအခေါ်ကိုလည်း မလေ့လာ ဝမ်းစာမပြည့်ဘူး
လေတိုက်ခြင်း အတွေးအခေါ်ကိုလည်း မလေ့လာ ဝမ်းစာမပြည့်ဘူး
ဓါတ်ဆီဗူးပိုက်ပြီး လိုက်တုပျံနေတာကို လေယာဉ်ပျံတွေက မကြိုက်ဘူး
ရိုက်ပေါက်တွေ၊ စောက်ရူးတွေ မရှိလေ ကောင်းလေပဲ" တဲ့။

အဲဒီနေ့က
ကားပျံတစီးဟာ ဝေဟင်မှာ လေ့ကျင်ခန်း လုပ်နေတုန်း
တခုခုချွတ်ယွင်းပြီး ကားတန်းကြီးပေါ်ပြတ်ကျ မီးလောင်တယ်
နောက်တစီးက
လေဆိပ်အဆင်းမှာ ဘရိတ်ပေါက်ပြီး ရပ်ထားတဲ့လေယာဉ်ကို တိုက်ကွဲတယ်
အဲဒီကစ ကားပျံ ဖျက်သိမ်းရေး ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်လာခဲ့တယ်
"ကားပျံတွေဟာ ဓါတ်ကြိုးနဲ့ ငြိနေတဲ့ သစ်ကိုင်းတွေပဲ"
"ကားပျံတွေဟာ ရထားလမ်းနဲ့ ငြိနေတဲ့ သချိုင်းကုန်းတွေပဲ"
"ကားပျံတွေဟာ ကျမ်းစာတဲကုပ်အိုနဲ့ ငြိနေတဲ့ ဂျိုသွယ်နုသစ်ပဲ"
"ကားပျံတွေဟာ အတွေးအခေါ်ဟောင်းဆွေးနဲ့ ငြိနေတဲ့ေ ကျောင်းပြေးအယူအဆပဲ"
"ကားပျံတွေကိုအများမဲနဲ့ ဖျက်သိမ်းပေးရမယ်"
"ကားပျံ ကားပျံ ကမ္ဘာ့ရန်၊ ရန်သူဟူသမျှ တိုက်ဖျက်သွားကြ"
"လူတွေထဲမှာက လေယာဉ်ပျံအတွေးအခေါ်တွေနဲ့ အသားကျပြီးသား"
"လူတွေထဲမှာက ကားအတွေးအခေါ်တွေနဲ့ အသားကျပြီးသား"
"ကားပျံအတွေးအခေါ်ဟာ ဦးနှောက်ကို ဝေဝါးစေပါတယ်"
"ကားပျံအတွေးအခေါ်ဟာ ဦးနှောက်ကို ပျက်ပြားစေပါတယ်" လို့
အများတကာရဲ့ တောင်းဆိုချက်တွေကို ကားပျံက ပြန်ရှင်းခဲ့တယ်
"ကျုပ်တို့ရဲ့ ကားပျံဟာ လေယာဉ်သိပ်မဆန်တဲ့ ကားသိပ်မဆန်တဲ့
ခေတ်ပေါ်အတွေးခေါ်သစ်တွေကို မဇ္ဈိမပဋိပဋာ လုပ်ထားတာပဲ
တီထွင်စမို့ အားနည်းချက်တွေကိုလည်း ဆက်တိုက် ပြင်နေတယ်
ခင်ဗျားတို့ စိတ်ရှည်ပေးနိုင်ရင်တော့ ဒါဟာ ဘုံအကျိုးစီးပွားပဲ ဖြစ်မယ်" တဲ့
"မလိုချင်ဘူး"
"ကားပျံ ကားပျံ ကမ္ဘာ့ရန်၊ ရန်သူဟူသမျှ တိုက်ဖျက်ကြ"
"ကားပျံ ကားပျံ လူသားရန်၊ ရန်သူဟူသမျှ ခြေမှုန်းကြ"
အမုန်းထုကြီးရဲ့ ဒီဒေါသကို
"အိုကေ..ဖျက်သိမ်းမယ် ကားပျံလုပ်နည်းတွေကိုတော့ သိမ်းထားကြမယ်" လို့ ညှိတော့
"သွား သွား မလိုချင်ဘူး၊ ကျူပင်ခုတ် ကျူငုတ်မကျန်၊ အမြစ်လှန်ပစ်"
"ကွန်မြူနစ်တွေ အန္ဒတွေ၊ ဒိဌိတွေ၊ခွေးသေ ဝက်သေ သေ၊" တဲ့
ဒီ အခြေအနေမှာ ကားပျံတွေကနှစ်အုပ်စုခွဲ လိုက်ကြတယ်
တအုပ်ကို တလမ်းသွား သွားချင်ရာ သွားခွင့် ပြုလိုက်တယ်
တအုပ်ကို ဖြုတ်ပစ် စက်မှုနည်းပညာရော ဖျက်ဆီးပေးလိုက်တယ်။

တလမ်းသွား သွားချင်ရာ သွားတဲ့ ကားပျံအုပ်စုဟာ
လူနေလို့ရတဲ့ဂြိုလ်သစ်တခုဆီ ရောက်သွားတာကို
ဂြိုလ်ထုကနေ သတင်းတွေ ဓါတ်ပုံတွေ ဗွီဒီယိုတွေ တက်နေတာကို
ကမ္ဘာသားတွေ မြင်နေကြရတယ် သိနေကြရတယ် ကြားနေကြရတယ်
အဲဒီကို လေယာဉ်နဲ့လည်း မသွားနိုင်ဘူး ကားနဲ့လည်း မသွားနိုင်ဘူး
ကားပျံနဲ့ပဲ ပြန်လမ်းမရှိ သွားနိုင်တယ်
လူတတ်ကြီးများ ကမ္ဘာသားတွေဟာ ကားပျံကို စ တီထွင်တော့တယ်
နည်းပညာဟောင်းများ သဲလွန်စ ကျန်မလားလို့ ရှာတယ် မတွေ့ဘူး
တီထွင်လိုက်တိုင်းဟာ လေယာဉ်လိုလိုတွေဖြစ်လာ ကားလိုလိုတွေဖြစ်လာ
ဒါဟာ အစွန်းရောက်ခဲ့တဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုဆိုတာ အသေချာပဲ
ကမ္ဘာပျက်မယ်ဆိုတဲ့ ကောဠဟာဠတွေကလည်း ထွက်ပေါ်လာလေလေ
ကားပျံထွင်တဲ့ နာဆာစခန်းကြီးကလည်း အလုပ်တွေဖိပြီး ပိုကြိုးစားလေလေ
မီးခိုးတွေ တရစပ် အူပျံနေတဲ့ စက်ရုံကြီးလို ကမ္ဘာနဲ့ ကမ္ဘာသားတွေဟာ
ပြစ်ဝဋ်ကျွေးကို ခြစ်ချွတ်ဆေးနေပေမဲ့ ခွင့်လွှတ်ပေးမဲ့သူက မဲ့ နေခဲ့
အချိန်အခါလိုက်ပြီး ကျိန်စာတိုက်တဲ့မီးသင့် ရက်ဆက် ပြာကြွင်း
သူ ရက်စက်ညှင်းဆဲခဲ့ဖူးတဲ့ အတွေးအခေါ်ရှင်တွေရဲ့ တေးဆိုသံအောက်
သွေးပြိုအန်ပေါက်ထွက်နေတဲ့ နားတွေနဲ့။   ။

သုအိုင်စံ
၁၆-၀၉-၂၀၁၃
fkying car 2013 ဆိုသော ယူကျုအား ကြည့်၍ ဒီကဗျာရေးပါသည်။
http://www.youtube.com/watch?v=nnF2yua4KIw

0 comments: