Monday, September 16, 2013

ကာဗွန်ငွေ့များ

လေယာဉ်ပျံနေတုန်း ဇောက်ထိုး ပျက်ကျ
သမုဒ္ဒရာ ကြမ်းပြင်မှာ ရေထိုးဖိ ကပ် ပုံ လဲ
ဒီဖြစ်ရပ်ဟာ လူ့မွေးဖွားခြင်းပဲ။

ရေအောက်လေယာဉ်ပျက်ထဲကနေ ခုန်ထွက်
ရေပေါ်ကို လက်ယက်ကူး ဆန်တက်
မြေပြင်မှာ ဆက်ပြေးအရှိန်ယူ ဆွဲမ
လေထုထဲ အတောင်ခပ် အမြင့်ဆီ ပျံဝဲ
ဒီဖြစ်ရပ်ဟာ လူ့ရှင်သန်ခြင်းပဲ။

လေယာဉ်ထဲကို ခုန်ဝင်ရောက်လာ
အသက်ပျောက်ကာ ပြိုလဲ
ဒီဖြစ်ရပ်ဟာ လူ့သေဆုံးခြင်းပဲ။

လူခုန်ဝင်သွားတဲ့ အဲဒီလေယာဉ်ဟာ
ဝေဟင်မှာ ပျံဝဲ ကျက်စား ရှင်သန် ဂျွန်းထိုးပေမဲ့
မြေပြင်မှာ ဆင်းသက် ခိုနား သုသာန်ဂိတ်ထိုးရတယ်။

လောကမှာ အရာရာဟာ ကာဗွန်ပဲ
အောက်ခြေကပဲ စ
လူလိုပဲ အရပ်မြင့်လာရ
သစ်ပင်လိုပဲ အပင်ရှည်လာရ
အဲဒါလည်း အောက်ခြေမှာ ပြန်ရပ်တယ်။

အောက်ပြုတ်ကျလို့ မရနိုင်တဲ့ အောက်ခြေဟာ
ဝဋ်ကျွေးစစ် ဒုက္ခမှန်တွေပါပဲ
အပေါ်ဆန်ပြေးတက်တာပဲ လုပ်နိုင်မယ် မဟုတ်လား
ရေခိုးရေငွေ့တို့နဲ့ ဘဝပြိုင်ရွေ့လျှား
ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များစွာ
လူသားဟာ လူသားကို ဘေးဖြစ်စေပါတယ်။  ။

သုအိုင်စံ
၁၆-၀၉-၂၀၁၃


0 comments: