Tuesday, September 10, 2013

မိုးပျံဗူပေါင်းလား၊ လေထီးလား၊ လွပ်လပ်လိုစိတ်များ၊

၈ နှစ်အရွယ် ကျနော့်သားနဲ့ ကျနော်
ဘုရားပွဲတော်ဈေးကို ညနေစောင်းမှာ လျှောက်လည် လှည့်ပတ်နေတာ
အဲဒီဆိုင်ရှေ့မှာရပ်ပြီး သားက "မိုးပျံဗူပေါင်းတွေ လိုချင်တယ် ဖေဖေ" တဲ့
ကျနော်က အရောင်စုံတွေ ရွေးပြီး ၅ လုံး ဝယ်ပေးလိုက်တယ်။

သားက မိုးပျံဗူပေါင်းတွေ ချည်ထားတဲ့ ကြိုး ၅ မျှင်ကို လက်ဝါးနဲ့ ပူးပတ် ဆုတ်ကိုင်ရင်း
ခပ်ယိုင်ယိုင် လှမ်းရင်း လှမ်းရင်း လျှောက်လာ
ခဏကြာတော့ "ဖေဖေ ဖေဖေ၊ ဒီမိုးပျံဗူပေါင်းတွေက ရုန်း ရုန်းထွက်နေတာပဲ" တဲ့
"အေးလေ သားရဲ့  သူတို့ ကို မိုးပျံဗူပေါင်းလို့ ခေါ်တယ်"
"သူတို့ ရဲ့ အဓိပ္ပါယ်က မိုးပေါ်ပျံရမယ်"
"သူတို့ က မြေလျှောက်ဗူးပေါင်း မဟုတ်လို့  မြေပေါ်မသွားနိုင်ဘူး"
"သူတို့ က မြေလျှိုးဗူပေါင်း မဟုတ်လို့  မြေထဲမတိုးနိုင်ဘူး"
"သူတို့ ရဲ့ သဘာဝက မိုးပေါ်ကိုပဲ တိုးထွက်ပျံရမယ်"
"ဒါကို လွတ်ထွက်ဆုံးပါးသွားမှာစိုးလို့  လူတွေက ကြိုးနဲ့ ချည်ထားရတယ်လေ"
"ဒါဆို မိုးပျံဗူပေါင်းတွေ ကျေကွဲဝမ်နည်းနေမှာပဲနော်"
"သားက မိုးပျံဗူဗေါင်းတွေ ပျော်ပျော်ကြီး မိုးပေါ်ပျံတက်သွားတာကို ကြည့်ချင်တာ ဖေဖေ" တဲ့ 
"ဒါဆို သားလက်ထဲက ကြိုးတွေ ဖြည်လွတ်ပေးလိုက်ပေါ့ သူတို့ ပျံတက်သွားနိုင်အောင်"
"ဟာ... ဒါတော့ ဘယ်ဖြစ်မလဲ ဖေဖေ သူတို့  ပြန်ဆင်းလာကြမှာ မဟုတ်ဘူးလေ"
ကျနော့်ခေါင်းထဲ စူးကနဲလင်းလက်လို့ သွားတယ်၊ သားကို ကျနော် ပို့ ချတော့မယ်၊
"တခုခုလိုချင်ရင် တခုခုပေးရတော့ မယ် သား"
"ဒါဟာ လူသားအတွက် တရားသေ ဒဿနပဲ"
"အဲဒါကို ဘဝမှာ ချသုံးတဲ့အခါမှာလည်း ၂ ခုစလုံးအတွက် တရားမျှတဖို့ လိုတယ်"
"သားစဉ်းစားပေါ့" လို့  ကျနော် ရှင်းပြတော့
သားက ဘာစကားမှ ပြန်မပြောတော့ပဲ
မိုးပျံဗူပေါင်းတွေကိုင်ထားတဲ့ လက်ကို နှိမ့်လိုက် မြှင့်လိုက်နဲ့ လျှောက်ကစားလာခဲ့တယ်။

ညနေနီလုံးကြီး ကွယ်လုလုအချိန်ရောက်တော့
"မိုးပျံဗူပေါင်းတွေကို သားလွတ်ပေးလိုက်တော့မယ် ဖေဖေ" တဲ့
သားကို ကျနော် ဘော်လုံးကွင်းထဲ ခေါ်လာခဲ့ပြီး လွတ်စေပါတယ်
ပထမတလုံး
ခဏကြာတော့ နောက် တလုံး
နောက်ထပ် ၃ လုံးတွဲ
မိုးပျံဗူပေါင်း ၅ လုံးဟာ ထက်/အောက် မနိမ့်မမြင့်
လေထဲလွင့်ဝဲ ထိုးပျံတက်သွားနေတာကို သားကငေးကြည့် သဘောကျ
"သူတို့  ဘယ်ရောက်သွားကြမှာလဲ ဖေဖေ" တဲ့
"သူတို့ စိတ်ကူးတည့်ရာ လျောက်သွားကြမှာပေါ့သားရယ်"
"တချိန်ချိန်မှာ တခုခုကြောင့် ပေါက်သွားပြီး
တနေရာရာမှာ တနည်းနည်းနဲ့  ပျောက်သွားမှာပေါ့"
"မိုးပျံဗူးပေါင်းလေးတလုံးရဲ့ ဖြစ်တည်မှုဟာ ဒီလောက်ပဲ ခမ်းနားခွင့်ရတယ်လေ"
အဲဒီနေ့ က သားဟာ သိသိသာသာကြီး ကျေနပ်ပျော်ရင်စွာ အိမ်ပြန်ခဲ့တယ်။

နောက် နောင် နှစ်စဉ် နှစ်စဉ် ဘုရားပွဲတော်တိုင်းမှာ
သားက တခြားအရာတွေ ဘာမှ မကစားဘူး၊ မိုးပျံဗူပေါင်းလွှတ်တင်ဖို့ပဲ ပူဆာတယ်
သားနဲ့ ကျနော် ဟာ မိုးပျံဗူပေါင်းတွေ ဝယ်ဝယ်ပြီး လွှတ်တင်ပျော်ခဲ့ကြတာ ၈ နှစ် တိတိ။

သားက ၁၆ နှစ်ပြည့်ပြီးတော့ စာဖတ် ကဗျာတွေ စရေးတယ်
"လူတွေဟာ မိုးပျံဗူပေါင်းတွေကို မချည်ထားသင့်ဘူး" လို့ ပြောတယ်
"ဒါဟာ လူလုပ်ပစ္စည်းတွေပဲ သားရယ် အရေးမကြီးပါဘူး" လို့  ကျနော်က ပြောတော့
"အဲဒါကြောင့် ပိုအရေးကြီးတာပေါ့ ဖေဖေရ"
"ကိုယ့်အစွမ်းအစကို ယုံစားကိုးကွယ်သူ လူသားဟာ
အဲဒီအပေါ်မှာ အပြည့်အဝ ယုံကြည်မှုရှိရမယ် တာဝန်ယူမှုရှိရမယ် တရားမျှတမှု ရှိရမယ်"
"မိုးပျံဗူပေါင်းကို ဖန်တီးထုတ်လုပ်သူဟာ မိုးပျံဗူပေါင်းတွေကို လွတ်ပေးရဲရမှာပေါ့"
"ဒါမှပဲ မိုးပျံဗူပေါင်းဟာ သူ့ဂုဏ်သတ္တိ သူ့အစွမ်းအစ အပြည့်နဲ့ မိုးပျံဗူပေါင်းစစ်စစ် ဖြစ်မယ်လေ"
သား စကားတွေက
လောကဂီတခန်းမကျယ်ကြီးထဲက ခပ်ကျယ်ကျယ်ဘဝဟော်လိုဂစ်တာသံလို ရှင်းလင်းပြတ်သားတည်ကြည်လို့။

အဲဒီနောက်ပိုင်းမှာတော့ သားဟာ လေထီးခုန်တဲ့အသင်းဝင်ပြီး
ကျောင်းအားလပ်ရက်တိုင်းမှာ လေထီးချည်းပဲ ခုန်နေတော့တာပဲ။

သား ၁၀တန်း အောင်ပြီး တက္ကသိုလ် စတက်တဲ့နှစ်မှာပဲ
"ဒီအိမ်ပေါ်ကဆင်းမယ်" တဲ့
"ဖေဖေနဲ့ မေမေဟာ ကြိုးပဲ" တဲ့
"သားက ဖေဖေနဲ့ မေမေ ဖန်တီးထုတ်လုပ်ခဲ့တဲ့ မိုးပျံဗူပေါင်းပဲ" တဲ့
ကျနော် မအံ့သြပါ၊ ဒီစကားပြောဖို့  သူ ၈ နှစ်တိတိ လေ့လာခဲ့တာကို အသိမှတ်ပြုပေးပါတယ်
သူ့ အမေကို ဆွေးနွေး ဖြောင်းဖြပြီး ကျနော်တို့  ခွင့်ပြုလိုက်ကြတယ်
"လူတွေဟာ မိုးပျံဗူပေါင်းတွေပဲ သား၊ ဒါပေမဲ့ နှလုံးသားပါတယ်"လို့ ...ကျနော် သားကို မှာ ဖြစ်လိုက်သေးတယ်။

တခါတခါ သား အိမ် ပြန်လာတဲ့ အခါ
"လူတွေဟာ မိုးပျံဗူပေါင်းတွေပဲ ဒါပေမဲ့ နှလုံးသားပါတယ် ဆိုတာ ဖြစိနိုင်တယ် ဖေဖေ" တဲ့
"ဒါကြောင့် သား ပြန် ပြန် လာလည် နေတာပေါ့" လို့ 
ကျနော့်စကားကို အတည်ပြုသလိုလို သရော်သလိုလို ရိသလိုလို ပြော ပြောလေ့ရှိတယ်
ပြီးတော့ "ဖေဖေ လေထီးခုန်ကစားကြည့်သင့်တယ်" လို့  အကြံပေးသေးရဲ့ 
"အဲဒါဟာ မိုးပျံဗူပေါင်းရဲ့  ပြောင်းပြန်သီအိုရီပဲ" လို့ လည်း ပြောတယ်
"ငယ်ငယ်တုန်းက သားက လူ့ဘဝဟာ မိုးပျံဗူပေါင်းပျံတက်တာလို့  ထင်မှားခဲ့တာ" တဲ့
"မဟုတ်ဘူး  လူ့ဘဝဟာ လေထီးခုန်တာပဲ၊ ဒါပေမဲ့ နှလုံးသားနဲ့ ဆင်းရတယ်" တဲ့ 
ဘာလို့ လဲဆိုတော့
"အဲဒီနေရာကနေ ဖေါက်ထွက် လွတ်မြောက်သွားလို့ မရတဲ့ လူ့ လောကဆန်တဲ့ မြေပြင် ရှိတယ်လေ"
"လူဟာ လေယာဉ်ထဲက ခုန်ထွက်ပြီးတာနဲ့ လွပ်လပ်သွားပြီ၊ တဘဝကြာ လေထဲဝေ့ဝဲ ပျံကစား၊
အနှေးဆုံးအလျှင်နဲ့ ဆင်းသက်သွားရတယ်၊ အဲဒီမှာ သချိုင်းကုန်းဆန်တဲ့ လူ့လောကကြီး၊
အဲဒီကနေ ထပ်ပြီးဖောက်ထွက်သွားလို့ မရတော့ဘူး
မိုးပျံဗူပေါင်းလိုလည်း တဘဝလုံး အချုပ်နှောင်ခံပြီး စိတ်ကူးယဉ်မဆန်ဘူး၊ လက်တွေ့မှန်တယ်၊"
"ဒါပေမဲ့ အဲဒီ မှန်တာတွေကိုလည်း သား ဆက်ပြီး လက်မခံချင်ပြန်တော့ဘူး ဖေဖေ" တဲ့။
အဲဒါဟာ ကျနော်နဲ့သားရဲ့ ကြားက နောက်ဆုံးစကားပဲ။

သူ့ရဲ့နောက်ဆုံးသောကြာညမှာ ၂၆နှစ်တာဘဝထဲ ရေးခဲ့ဖူးတဲ့ စာ ကဗျာတွေ အားလုံးဖျက်ဆီးပြီး
နောက်နေ့မနက်မှာ ပုံမှန်ပဲ လေထီးခုန်ဖို့ လေယာဉ်ပေါ်တက်သွားခဲ့တယ်၊ ခုန်ချခဲ့တယ်၊ အပျော်ဆုံး ဖြစ်ခဲ့မယ်၊
မြေပြင်သို့ ၃ ပုံ ၂ပုံမှာ သူ့ အီကွင့်မင့် အဆက်တွေကို တမင် ဖြုတ်ပစ်လိုက်လား၊ မတော်တဆ ပြုတ်ထွက်ကုန်လား၊
အခု မြေပြင်မှာ သူ့အသားစိုင်တွေ ကျေမွပြန့်ကျဲ လို့..မိုးပျံဗူပေါင်းတွေလိုလည်း လုံးဝ အစပျောက်ကွယ် မသွားဘူး။

အရက်ပုလင်း တစ်လုံးရဲ့ ရှေ့မှာ စီးကရက်ဖွာပြီး သားရဲ့ စတိုင်နဲ့ ကျနော်တွေးနေကြည့်ပါတယ်
"လူတွေဟာ မိုးပျံဗူပေါင်းတွေပဲ ဒါပေမဲ့ နှလုံးသားပါတယ်" ဆိုရင်
"လူတွေဟာ လေထီးတွေပဲ ဒါပေမဲ့ နှလုံးသားပါတယ်" ဆိုရင်
မေတ္တာရဲ့ အာနိသင်ဟာ ကျနော်တို့နဲ့သားကြားမှာ အင်အားကြီးမား နေသင့်တာပေါ့
အတော်လေး စိတ်ရှုပ်လာတော့ ဘုရားပွဲတော်က မိုးဗျံဗူပေါင်းတွေ အားလုံး ကျနော် သွားဝယ် ပြန်လာခဲ့လိုက်တယ်
နောက်နေ့မနက် ဘော်လုံးကွင်း အလယ်ခေါင်မှာ သားရဲ့ လေထီးတောင်ပံတွေမှာ မိုးပျံဗူပေါင်းတွေ ချည်လိုက်တယ်
မိုးပျံဗူပေါင်းတွေရဲ့ ရုန်းတက်အားကြောင့် လေထီးဟာ မတ်တပ်ရပ်ထောင်လာတယ်၊ ဒါပေမဲ့ လေးလွန်းလို့ လေလွင့်ပါမသွားဘူး၊
ဒါဟာ အင်စတော်လေးရှင်းအနုပညာ မဟုတ်ပါဘူး ကျနော့်နဲ့သားကြားက အယူအဆ ၂ခုကို ပူးချည်ကြည့်တာပါ၊
မတ်တပ်ရပ်နေတဲ့ လေးထီးကြီးရဲ့ အပေါ်မှာ မိုးပျံဗူးပေါင်းတွေ ရုန်းကြွပျံတက်မရတာ သားကို ကျနော် သိပ်မြင်စေချင်မိပြန်တယ်
အဲဒါကို ဒီအတိုင်းထားခဲ့ပြီး ထွက်လာတော့ ကျနော့်ရင်ခေါင်းထဲ သားရေ သားရေ လို့ တဟားဟား ဟစ်ရယ်နေတော့တယ်
ပြီးတော့...
မြို့ဖြတ်မီးပုံးပျံပေါ်ကို လက်မှတ်ဝယ် တက်စီးရင်း၊ ဘော်လုံးကွင်းထဲကျန်ခဲ့တဲ့ လေထီးမိုးပျံဗူပေါင်းတွဲကြီးကို ငေး. ဝေး. ကွယ်. ပျ၊
သားရေ..လို့ ရင်ထဲ နောက်ဆုံးတပြီး ခုန်ချခဲ့ပစ်လိုက်တယ်
အဖေအမေ၊ သားသမီး၊ နှလုံးသားအကြင်နာ၊ စသော အဲဒါတွေရဲ့ မေတ္တာကွန်ယက်ဟာ မှားယွင်းချက်သက်သက်လေလား
ဒီစကားကို ဘယ်လူသားဆီမှ ကျနော် မပြောဖြစ်နိုင်ခဲ့တော့ပါ။   ။

သုအိုင်စံ
၁၀-၀၉-၂၀၁၃

0 comments: