Saturday, May 18, 2013

(၇ ကြိုး ဂစ်တာ)


၆ ကြိုးနဲ့ တီးလို့ မရတဲ့ကောင်ဟာ
ခင်ဗျားတို့ ဂီတမှာ လူရာမဝင်ခဲ့ဘူး
၉၀ ခုများ မတိုင်ခင် နှစ် ၂၀ လောက်
စင်အောက်မှာ
ကျုပ် တစ်ယောက်တည်း Rock နေခဲ့ရတယ်။

ဟုတ်တယ်ဗျာ...ကျုပ်ဟာ လူမဟုတ်ဘူး
သမားရိုးကျ အတွေးအခေါ်သေတွေနဲ့ တီးခတ်
ခင်ဗျားတို့ ကျုပ် ကို မရဘူး မဟုတ်လား
ကျုပ် အများကြီး စဉ်းစားခဲ့တယ်
လူဟာ လူသံ မထွက်ရင် လူ မဖြစ်ရတော့ဘူးလား
ကျုပ် အများကြီး စဉ်းစားခဲ့တယ်
လူ့ ဂီတဟာ ဒါ အကုန်ပဲလား
ကျုပ် အမျာကြီး စဉ်းစားခဲ့တယ်
If You don't like 70s music, you don't like music လို့
ခင်ဗျားတို့ ဂီတ အလင်းပေါက်ကို ပိတ်ဆို့ ခဲ့တယ်
ကျုပ် အများကြီး စဉ်းစားခဲ့တယ်
80s metal Rules ဆိုပြီး
ခင်ဗျားတို့ လူမိုက် Tattoo တွေနဲ့ ဖြဲခြောက်ခဲ့တယ်
ကျုပ် အများကြီး စဉ်းစားခဲ့တယ်
လက်သန်း မသုံးနိုင်တဲ့ Solo သမားကို ခင်ဗျားတို့ ဟားတိုက်လှောင်ခဲ့တယ်
ကျုပ် အများကြီး စဉ်းစားခဲ့တယ်
Rock will never die ဆိုပြီး
ခင်ဗျားတို့က အင်ပါယာကြီး လုပ်ခဲ့တယ်
ကျုပ် အများကြီး စဉ်းစားခဲ့တယ်

ကျုပ်ဟာ လူတစ်ယောက် ဖြစ်တယ်
ကျုပ် လည်ချောင်းထဲမှာ လူအများသံနဲ့ မတူတဲ့ လူသံ တစ်ခု ရှိတယ်
အဲဒါကို ထွေးထုတ်ဖို့ ကျုပ် စဉ်းစားခဲ့တယ်
ကျုပ် ကြိုးစားခဲ့တယ်
တစ်ယောက်တည်း
စင်အောက်မှာ။

ရှိပြီးသားအတွေးအခေါ်အိုတွေနဲ့ တီးခတ်
ရှိပြီးသား အသံတွေနဲ့ပဲ ခင်းဗျာတို့ ကျေနပ်
ကျုပ်က မဝဘူး၊ ကျုပ် တစ်ဘဝတည်း ကွဲဦးပေါ့
အရူးတစ်ကောင်လိုတော့ ဂစ်တာကို စိုက် ကြည့်နေခဲ့မိတယ်
ရှိပြီးသား သီအိုရီအိုတွေနဲ့ တည်ဆောက်
ရှိပြီးသား သံစဉ်အိုတွေနဲ့ပဲ ခင်ဗျားတို့ ပြီးမြောက်
ကျုပ်က မလောက်ဘူး၊ ကျုပ်တစ်ယောက်တည်း လွဲဦးပေါ့
အရူးတစ်ကောင်လိုတော့ ဂစ်တာကို ပိုက် ကြည့်နေခဲ့မိတယ်။

ဝေါ့ကနဲ ထိုးအန်လိုက်တဲ့ ကျုပ်ရဲ့အသံ
၆ ကြိုးနဲ့ ဝန်းရံဖမ်းချုပ်
လုံးဝ ပြုတ်ကျ ကွဲသွားတယ်
ဝေါ့ကနဲ ထပ် ထိုးအန်
ထပ် ဖမ်းချုပ်
ထပ် ပြုတ်ကျ ကွဲတယ်
ဝေါ့ကနဲ ထပ်ပြီး ထိုးအန်
ထပ်ပြီး ဖမ်းချုပ်
ထပ်ပြီး ပြုတ်ကျ ကွဲတယ်
ဝုန်းကနဲ ဂစ်တာကို ကျုပ် ပေါက်ခွဲပြီး
ပုံသေနည်းတွေကို ကျုပ် ကျောခိုင်းထွက်ခဲ့တယ်။

ကျုပ်ရဲ့အသံကို ဘော်လုံးထဲ ထည့် ကန်ကြည့်တဲ့အခါ
ဂိုးတိုင်ဟာ နိမ့်နေတယ်
ကျုပ်ရဲ့အသံကို ဝါကျ တစ်ခုထဲ ထည့် ဖတ်ကြည့်တဲ့အခါ
ဂရမ်မာတွေ မှားနေတယ်
ကျုပ်ရဲ့အသံကို Anti-Virus လုပ်ပြီး အွန်လိုင်းပေါ် လွှတ်တင်ကြည့်တဲ့အခါ
ဘယ်ကွန်ပြူတာမှ လက်မခံဘူး
ကျုပ်ရဲ့အသံကို ပိုက်ဆံတစ်ရွက် လုပ်ပြီး ဈေးကွက်သွင်းကြည့်တဲ့အခါ
ဘယ် ရောင်းသူ ဝယ်သူမှ မသုံးကြဘူး။

ကျုပ်ရဲ့အသံ...ကျုပ်ရဲ့အသံ...ကျုပ်ရဲ့အသံ
စင်အောက်မှာ တစ်ယောက်တည်း ညံနေခဲ့တယ်။

အလင်းမဖြစ်တဲ့ကောင်
အမှောင်ရော မဖြစ်နိုင်ဘူးလား
ကျုပ်စဉ်းစားတယ်
မူးမူးမှားမှား ထူးထူးခြားခြား တွေးလာတယ်
အတွေးဟာ အခန်းနံရံမှာ ထွန်းထားတဲ့ Black Light နဲ့
လင်းကနဲ ဝင်တိုက်ကွဲတယ်
Black Light ဟာ အဖြေပဲ။

ရိုက်ခွဲထားတဲ့ ဂစ်တာတွေနဲ့
၇ကြီုးဂစ်တာကို ကျုပ် တီထွင်တယ်
ဝေါ့ကနဲ ကျုပ်ရဲ့အသံကို ထိုးအန်ချ
၇ကြိုးနဲ့ ဖမ်းဆ ဖြန့်ချုပ်လိုက်ရင်
သူ့သံစဉ်တွေ သူ့နုတ်စ်တွေထဲမှာ ဂွင်ကျ မြုပ်ဝင်လို့
ဟာာ....ကျုပ် လူဖြစ်ပြီထင်တယ်။

ဒါဟာ Nu-Metal ပဲ
ဒါဟာ Alternative ပဲ
ဒါဟာ Prog-Metal ပဲ
ဒါဟာ Y2K ပဲ
စင်ပေါ်မှာ ကျုပ် ဟစ် ပွင့် ပေါက် ကွဲ
တစ်ယောက်တည်းမှသည် နှစ်ယောက်တွဲ
နှစ်ယောက်တွဲမှသည် တစ်ဝိုင်း
တစ်ဝိုင်းမှသည် မျိုးဆက်တစ်ခက်
လူသံ မထွက်တဲ့ကောင်တွေ လူ ဖြစ်ခဲ့ပြီ။

ဒါပေမဲ့
လူဆိုတာ တစ်ယောက် တစ်မျိုးစီ ကောင်တွေပါ
၇ကြိုး ဂစ်တာဆိုတာ
ကိုယ့်ကီး ကိုယ့်လက်ကွက်နဲ့ ကိုယ်သံစဉ်ကို သီးခြား ချိန် တီးရတဲ့
သောက်..ဂွစာကောင်တွေ
အဲဒီ ဂွစာကောင်တွေရဲ့ ဂီတပြင်းအား
အခု ခင်ဗျားကို နားမုဒိန်းကျင့်နေပြီ မဟုတ်လား ဟား ဟား ဟား။ ။


( Heavy Metal ရဲ့ မြန်ဆန် သွက်လက် စိပ်လွန်းတဲ့ Solo တွေကို မကြိုက်ဘူး၊...6 ကြိုး ဂစ်တာဟာ သံသေး သံညောင်တွေ ညှစ်ထုတ်လို့ မရဘူး၊... လိုချင်တဲ့ Heavy Riff ကိုလည်း မရဘူး ဆိုပြီး... Ibanez 7 stings Guitar ကို တီထွင်ခဲ့တဲ့ KORN's Guitarists Munky & Head အတွက် ဂုဏ်ပြုရေးဖွဲ့ပါတယ်... စောက်တလွဲ Head က Born Again Christian ပြန်ဖြစ်သွားပြီး အခု တရားဟောဆရာ လုပ်နေတယ်...)

သုအိုင်စံ
၁၈-၀၅-၂၀၁၃
Unlike ·

0 comments: